Thursday, November 17, 2016

မိုးညှင်းမြို့နယ်တွင် KIA အဖွဲ့မှ လယ်လုပ်ကိုင်သူ ၃၀ ဦးထံမှ ရိက္ခာဆန်နှင့် ဆက်ကြေးငွေများအား ခြိမ်းခြောက်ကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမား၊ နန့်ဆော်လော်၊ တောင်အင်းနှင့် မြေနုကျေးရွာများသို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လယ်လုပ်ကိုင်သူ ၃၀ ဦးထံမှ ရိက္ခာဆန်နှင့် ဆက်ကြေးငွေ များအား ခြိမ်းခြောက်၍ကောက်ခံသွားခဲ့ကြောင်း ယင်းလယ်လုပ်ကိုင်သူများထံမှ သိရှိရပါသည်။ “ သူတို့အဖွဲ့က ကျွန်တော်တို့ လယ်ရိတ်နေတဲ့နေရာကို ရောက်လာပြီး ရိက္ခာဆန်နဲ့ ဆက်ကြေးငွေတွေကို တောင်းသွားတယ်၊ အဲ့ဒီအရင်က ရိက္ခာနဲ့ဆက်ကြေးငွေတွေကို နိုဝင်ဘာလ ၁၃ ရက်နေ့အရောက် သူတို့ စခန်းကို လာရောက်ပေးဖို့ သူတို့အဖွဲ့ရဲ့အမာခံတွေနဲ့ပြောခိုင်းထားတယ်၊ သူတို့အဖွဲ့က ပြောထားတဲ့နေ့ရက် အရောက် လယ်သမားတွေက သွားမပေးလို့ သူတို့ကိုယ်တိုင်ရောက်လာကြပြီး လက်နက်တွေပြပြီးတော့ ခြိမ်းခြောက်တောင်းခံသွားကြတယ်”ဟု နန့်ဆော်လော်ရွာသားတစ်ဦးက ပြောပါသည်။


KIA အဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာ၏ အရှေ့တောင်ဘက်တွင် နေထိုင်လျက်ရှိပြီး နန်းမား၊ နန့်ဆော်လော်၊ တောင်အင်းနှင့် မြေနုကျေးရွာများဝန်းကျင်တစ်ဝိုက်တွင် လယ်လုပ်ကိုင်သူများထံမှ လယ် ၁ ဧကလျှင် ဆန် ၃ တင်းနှင့် ငွေ ၂ သိန်းကျပ်စီအား ခြိမ်းခြောက်၍ ကောက်ခံသွားခဲ့ကြောင်း သိရှိရပါသည်။
KIA အဖွဲ့အနေဖြင့် ကျေးရွာများအတွင်းရှိ လယ်လုပ်ကိုင်သူများထံမှ ရိက္ခာနှင့် ဆက်ကြေးငွေများအား လက်နက်ပြခြိမ်းခြောက်၍သော်လည်းကောင်း၊ ၎င်းတို့၏အမာခံများစေလွှတ်၍သော်လည်းကောင်း၊ ၎င်းတို့အဖွဲ့ ကိုယ်တိုင်သော်လည်းကောင်း တောင်းခံလျက်ရှိကြောင်း သိရပါသည်။ KIA အဖွဲ့မှ ဒေသခံတိုင်းရင်းသား များထံမှ ရိက္ခာနှင့်ဆက်ကြေးငွေများတောင်းခံခြင်းသည် ပြည်သူအကျိုးကိုမကြည့်ဘဲ ၎င်းတို့ကိုယ်ကျိုးအတွက် ကြည့်ပြီး တောင်းခံနေမှုများကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ KIA ၏ အနိုင်ကျင့်နှိပ်စက်မှုများ ပပျောက်ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း မိုးညှင်းမြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ဆက်လက် ပြောကြားသွားပါသည်။
kachin daily news

No comments:

Post a Comment