Friday, November 18, 2016

KIAအဖွဲ့မှ နန်ဗျူကျေးရွာအနီးရှိ ရွှေစက်ဆိုင်း/ရွှေဖောင်လုပ်ကိုင် လျက်ရှိသည့် လုပ်ငန်းရှင်များအား ဆက်ကြေးငွေများ ခြိမ်းခြောက်တောင်းခံ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နန်ဗျူကျေးရွာအနီးရှိ ရွှေမှော်များတွင် ရွှေစက်ဆိုင်း/ရွှေဖောင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များအား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် KIAအဖွဲ့မှ ဆက်ကြေးငွေများ ခြိမ်းခြောက်တောင်းခံသွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။ တနိုင်းမြို့နယ်၊ နန်ဗျူကျေးရွာအနီးတစ်ဝိုက်ရှိ ရွှေမှော်များသို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး ရွှေစက်ဆိုင်း/ရွှေဖောင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များအား ကောင်ဂျာ သို့ခေါ်ယူတွေ့ဆုံပြီး ရွှေစက်ဆိုင်း တစ်ဆိုင်းလျှင် ၂ သိန်းနှင့် ရွှေဖောင်တစ်ခုလျှင် ၁ သိန်းနှုန်းစီတို့အား ဆက်ကြေးငွေအဖြစ် ခြိမ်းခြောက်တောင်းခံသွားကြောင်း ရွှေမှော်လုပ်ငန်းရှင် တစ်ဦးမှ ပြောပြသည်။

“ ကျွန်တော်တို့အလုပ်လုပ်နေတဲ့ မှော်ထဲကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာတယ်၊ ရွှေစက်ဆိုင်းနဲ့ ရွှေဖောင် လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကို ခေါ်တွေ့တယ်၊ ပြီးတော့ ဆက်ကြေးငွေကို ဇွတ်အတင်းတောင်း တော့တာပဲဗျာ၊ မှော်လုပ်သားတွေကိုလည်း လူသစ်အဖြစ်လိုက်ဖမ်းနေတော့ အလုပ်သမားက ရှားပါးလာတယ်၊ မှော်ထဲမှာ အလုပ်သမားတွေနည်းလာတော့ အလုပ်လုပ်ရတာ အဆင်မပြေပါဘူးဗျာ၊ အခုလိုဆက်ကြေးငွေ တွေလာတောင်းတော့ ဘယ်လုပ်ပြီးပေးရမှန်းကို မသိတော့ဘူး၊ ဟိုတစ်နေ့ကလည်း ရွှေနဲ့ပယင်းကျောက် တူးဖော်နေတဲ့ ကချင်နဲ့ရှမ်းလူမျိုးတွေကို လူသစ်အဖြစ် ဖမ်းခေါ်သွားသေးတယ်။
ဆက်ကြေးမပေးနိုင်ရင်လည်း လူသစ်အဖြစ်လုပ်ရမယ်လို့ ခြိမ်းခြောက်တယ်၊ သေနတ် ၅ ချက်ပစ်ဖောက်ပြီး ဆက်ကြေးငွေမပေးရင် သတ်ပစ်မယ်လို့တောင် ပြောသေးတယ်၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တော့လည်း သူတို့ပြောတဲ့အတိုင်း ဆက်ကြေးငွေပေးလိုက်ရတယ်၊ ဒီဒေသမှာနေထိုင်လုပ်ကိုင်စားသောက်လို့ မကောင်းတော့ပါဘူးဗျာ ” ဟု ၎င်းကဆက်လက်ပြောပြသည်။
KIAအဖွဲ့သည် ရွှေမှော်များတွင် ရွှေစက်ဆိုင်း/ရွှေဖောင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များအား ကောင်ဂျာသို့ခေါ်ယူတွေ့ဆုံပြီး ဆက်ကြေးငွေများတောင်းခံသည့်အပြင် မှော်များအတွင်း လုပ်ကိုင်နေသည့် မှော်လုပ်သားများနှင့် ဒေသခံရွာသူရွာသားများကိုလည်း လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေကြောင်း နန်ဗျူ ကျေးရွာရှိ ရပ်မိရပ်ဖ တစ်ဦးမှ ပြောကြားသွားပါသည်။
Kachin Daily News

No comments:

Post a Comment