Sunday, November 27, 2016

KIA အဖွဲ့မှ ဒေသခံကချင်လူငယ်များအား လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်၍ မိုင်း ၃ လုံးစီပေးကာ အရေးကြီးသည့် နေရာ၊ အဆောက်အဦများ မိုင်းဖောက် ခွဲ ပေးရန် စေခိုင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ရပ်ကွက်(၅)နှင့် ခါနန် ရပ်ကွက်အတွင်းရှိ ဒေသခံကချင် လူငယ်များအား နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် ဖမ်းဆီးခေါ်ဆောင်၍ အရေးကြီးသည့်နေရာနှင့် အဆောက်အဦ များအား မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်ရန် မိုင်း ၃ လုံးစီအားပေး၍ KIA အဖွဲ့မှ စေခိုင်းထားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။ “ သူတို့အဖွဲ့က ကျွန်တော်တို့ရွာကိုရောက်လာကြပြီး အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အတွင်းမှာရှိတဲ့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်၊ ကျွန်တော် တို့ အသံကြားနေရတာကတော့ မြို့ပေါ်၊ ကျေးရွာတွေနဲ့ ရပ်ကွက် တွေမှာရှိတဲ့ အစိုးရအဆောက်အဦတွေကို အခုရက်ပိုင်းအတွင်းမှာ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးဖို့ရှိတယ်လို့ သိရတယ်၊ အဲဒီအတွက် မိုင်းတွေကိုလည်း သူတို့အဖွဲ့တွေထံ ပေးထားတယ်လို့သိရတယ်”ဟု ဆားမှော်ရွာသား တစ်ဦးမှ ပြောပါသည်။

KIA အဖွဲ့သည် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ရပ်ကွက်(၅)နှင့် ခါနန် ရပ်ကွက်အတွင်းရှိ ကချင်လူငယ် ၁၅ ဦးအား နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါသည်။ အဆိုပါ လူငယ်များအား မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာတစ်ခုလျှင် မိုင်း ၃ လုံးစီပေး၍ အရေးကြီးသည့်နေရာနှင့် အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲ ပေးရန် KIA အဖွဲ့အကြီးအကဲများမှ စေခိုင်းထားကြောင်း သိရှိရ ပါသည်။
KIA အဖွဲ့အနေဖြင့် ဒေသခံလူငယ်များအား လူသစ်စုဆောင်းရာတွင် ကချင် ခရစ်ယာန် ဓမ္မဆရာများဖြင့်လည်း ကောင်း၊ မိုင်းထောင်ဖောက်ခွဲနိုင်ရေး အတွက် ဒေသခံပြည်သူ့စစ်များမှတစ်ဆင့် ရပ်ကွက်/ကျေးရွာများတွင် နေထိုင်သူများအား စည်းရုံးခြင်းဖြင့်လည်းကောင်း၊ အကြောက်တရားဖြင့် လည်းကောင်း KIA အကြီးအကဲများမှ စေခိုင်းထားကြောင်းနှင့် KIA တပ်ဖွဲ့ဝင် များသည် ယူနီဖောင်းအား အပြည့်အစုံဝတ်ဆင်ထားခြင်းမရှိဘဲ အစိုးရ၊ တပ်မတော် တို့အား သိက္ခာကျဆင်းစေရန်ရည်ရွယ်၍ လက်မောင်းတံဆိပ် များအား မြောက်ပိုင်းတိုင်းနှင့် အနောက်မြောက်တိုင်းတို့၏ တံဆိပ်များ တပ်ဆင်ပြီးသွားလာလျက်ရှိကြောင်း မိုးကောင်းမြို့ခံတစ်ဦးမှ ဆက် လက် ပြောကြားသွားပါသည်။
ဇော်လူ
Kachin Daily News

No comments:

Post a Comment