Wednesday, November 23, 2016

KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးထားသော သမီးဖြစ်သူအား ပြန်လွှတ်ပေးရန် ဖခင်ဖြစ်သူကိုယ်တိုင် သွားရောက် တောင်းဆို

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာ အုပ်စု၊ ကြာအင်း(၁)ကျေးရွာမှ ဦးဂင်ယောနော်သည် နိုဝင်ဘာလ ၁၈ ရက်နေ့က KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော သမီးဖြစ်သူ မကော့ဂျာ ၁၅ နှစ်အား ပြန်လွှတ်ပေးရန် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆိုင်းဒါးဘွမ်စခန်းသို့ ကိုယ်တိုင်သွားရောက်၍ တောင်းဆို ခဲ့သော်လည်း လက်မခံကြောင်းပြောဆိုသဖြင့် မကျေနပ် မှုများဖြစ်ပေါ်နေကြောင်း ယင်းကျေးရွာသားများထံမှ သိရှိရပါသည်။ “ သူတို့အဖွဲ့က ကျွန်တော်တို့ရွာကိုရောက်လာပြီး လူငယ်တွေကို လက်နက်ပြခြိမ်းခြောက်ပြီးတော့ ခေါ်ဆောင် သွားကြတယ်၊ အဲဒီအထဲမှာ မကော့ဂျာ ဆိုသူလည်းပါသွားတယ်၊
အဖေဖြစ်သူက သူ့သမီးကိုပြန်လွှတ်ပေးဖို့ ဖမ်းသွားတဲ့အဖွဲ့ထံသွားရောက်ပြီး တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် အဲဒီစခန်းတာဝန်ရှိသူ အရာရှိက ပြန်လွှတ် မပေးဘူးလို့ပြောတယ်၊ သူတို့အဖွဲ့က ဖမ်းဆီးထားတဲ့သူအားလုံးကိုလည်း ရင်း(၁၁)ဌာနချုပ်ကို ပို့ဆောင်ပေး လိုက်ပြီလို့ပြောတယ်၊ ကိုယ့်သမီးကို ပြန်လိုချင်တယ်ဆိုရင် ရင်း(၁၁)ရင်းမှူးထံ သွားတောင်းလို့ ပြောတယ်”ဟု ကြာအင်း(၁)ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။
KIA အဖွဲ့သည် မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်း(၁)နှင့် ကြာအင်း(၂)ကျေးရွာတို့မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦးတို့အား နိုဝင်ဘာလ ၁၈ ရက်နေ့က လက်နက်ဖြင့် ခြိမ်းခြောက်၍ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ကြာအင်း(၁) ကျေးရွာသူ မကော့ဂျာ ၁၅ နှစ်ဆိုသူအား ဖခင်ဖြစ်သူမှပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သော်လည်း ဆိုင်းဒါးဘွမ် စခန်းမှ အရာရှိအဆင့်ရှိ လဆမ်မှ လက်မခံကြောင်း သိရပါသည်။ ဖမ်းဆီးခံ ၇ ဦးအား နိုဝင်ဘာလ ၁၉ ရက်နေ့ က ရင်း(၁၁)ဌာနချုပ် ကရိန်ဘွမ်သို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရပါသည်။
KIA အဖွဲ့အနေဖြင့် ကျေးရွာများမှ ပညာတတ်လူငယ်များအား လူသစ်အဖြစ်လက်နက်ပြခြိမ်းခြောက်၍ ဖမ်းဆီး ခေါ်ဆောင်ပြီး လူသစ်သင်တန်းတက်ရောက်စေခြင်းနှင့် သင်တန်းဆင်းပါက တပ်မဟာများ၊ တပ်ရင်းများသို့ တာဝန်ခွဲဝေပေးနေကြောင်း သိရသည်။
ငြိမ်းချမ်ေးရးနှင့်ပတ်သက်၍ အစိုးရနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေ သော် လည်း KIA အဖွဲ့အနေဖြင့် လူသစ်စုဆောင်းဆဲဖြစ်ကြောင်းနှင့် သမီးဖြစ်သူ မကော့ဂျာ အား ပြန်လည် လွတ်မြောက်ရေးအတွက် ဖခင်ဖြစ်သူ ဦးဂင်ယောနော်မှ သက်ဆိုင်ရာများသို့ အကြောင်းကြားထားကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ထိရောက်စွာဖြေရှင်းဆောင် ရွက်ပေးနိုင်ရေး အတွက် ဒေသခံတိုင်းရင်းသား များမှ မျှော်လင့်နေကြကြောင်း မိုးကောင်းမြို့ခံတစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
ဇော်လူ

No comments:

Post a Comment