Monday, November 28, 2016

KIA/TNLA အဖွဲ့၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများဒဏ်ရာရ၊ KIA အဖွဲ့မှ ယာဉ်များအား ဆက်ကြေး ကောက်ခံ

KIA/TNLA လက်နက်ကိုင်အဖွဲ့၏ပစ်ခတ်မှုကြောင့် မန်တုံမြို့နယ် ပန်ဝါကျေးရွာမှပြည်သူခြောက်ဦး၊ မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာမှ ပြည်သူ တစ်ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် KIA လက်နက်ကိုင် အဖွဲ့သည် မိုးကောင်း-ဖားကန့် ပြေးဆွဲနေသည့်ယာဉ်ကြီးများ၊ မူဆယ်မြို့ရှိ လုပ်ငန်းရှင် များထံမှ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန် ထားသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့နယ် ပန်ဝါကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသော တပ်မတော် စစ်ကြောင်းကို နိုဝင်ဘာ၂၅ ရက် ညနေ ၄ နာရီခန့်တွင် KIA/TNLA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးဗုံးသီးများ ပန်ဝါကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးနောင်ဂျာအပါအ၀င် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး တို့မှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သဖြင့် နမ္မတူပြည်သူ့ဆေးရုံတွင် တက် ရောက် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။

အလားတူ မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာမှ မနန်းဖုန်းသည် နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီခန့်က မုန်းပေါ်ကျေးရွာအနီးရှိ ပြောင်းခြံတွင်ပြောင်းဖူး ချိုးနေစဉ် KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ၀မ်းဗိုက်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် မူဆယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။
ထို့ပြင် KIA လက်နက်ကိုင်အဖွဲ့ရင်း(၆)မှ အင်အား ၉၀ ခန့်သည် နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီခန့်က မိုးကောင်းမြို့နယ် နန့်ဟိုင်းကျေးရွာနှင့် စေတုံ ကျေးရွာကြားရှိ နန့်ဟိုင်းသုသာန်အနီးတွင် မိုးကောင်း-ဖားကန့် ပြေးဆွဲ နေသည့် ယာဉ်ကြီးတစ်စီးလျှင် ငွေကျပ် ၁၇၀၀၀၀၊ ယာဉ်ငယ်တစ်စီးလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ဖြင့် ဆက်ကြေးကောက်ခံခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်ကလည်း KIA လက်နက်ကိုင်အဖွဲ့သည် မူဆယ်မြို့ရှိ လုပ်ငန်းရှင်များထံ ဖုန်း၊ စာတို့ဖြင့်ဆက်သွယ်၍ သြဂုတ်လအတွက် ဆက်ကြေးငွေတောင်းခံခဲ့ ကြောင်းသိရသည်။
မြ၀တီ

No comments:

Post a Comment