Saturday, November 26, 2016

သူရဦးရွှေမန်း KNU ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လိုအပ်ချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။
ဒီကနေ့ နေပြည်တော် လွှတ်တော်ဝင်းထဲက ကော်မရှင်ရုံးခန်းမှာ ကေအင်ယူ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် သတင်းမီဒီယာသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။ "ငြိမ်းချမ်းရေးရဖို့အတွက် လိုအပ်တဲ့ကိစ္စမျိုးတွေ ဆွေးနွေးပါတယ်၊ အသေးစိတ်ကတော့ နောက်မှပြောကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် ကောင်းသောတွေ့ဆုံမှုပေါ့နော်၊ အခုငြိမ်းချမ်းရေး ရရှိရေးအတွက် သူတို့အမြင် သူတို့သဘောထားတွေ ပြောပြတယ်၊ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးလိုချင်တဲ့ပုဂ္ဂိုလ်များဖြစ်တဲ့အတွက် ကိုယ့်အမြင် ကိုယ့်သဘောထားတွေပြောတယ်၊ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်သူမှသမျှကို ကျနော်တို့က အင်မတန်မှလေးစားတယ်နော်၊ တန်ဖိုးလည်းထားတယ်ဆိုတာလည်း ပြောလိုက်ပါတယ်၊ မီဒီယာအခန်းကဏ္ဍ အရေးကြီးတယ်၊
ပြည်သူများ အခန်းကဏ္ဍလည်း အရေးကြီးတယ်၊ ကျနော်တို့လည်း ရောက်တဲ့နေရာ တက်နိုင်တဲ့ဘက်က ကြိုးစားပါမယ်"
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိကြောင်းနဲ့ အဖြေရှာကျော်လွှားသွားဖို့ လိုအပ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။
မြန်မာပြည်အရှေ့မြောက်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ကြောင်းနဲ့ ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာကို ကြည့်ကြဖို့ သူရဦးရွှေမန်းက မနေ့က သူ့ရဲ့ဖေ့စ်ဘွတ်ကတဆင့် တိုက်တွန်းခဲ့ပါတယ်။ အဲဒီလိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံး ဂုဏ်သိက္ခာကျဆင်းရကြောင်းနဲ့ တိုင်းရင်းသားတွေ သေဆုံး၊ ဒဏ်ရာရရှိနေရကြောင်းလည်း ပါရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တွေဟာ မနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေနဲ့ နှစ်ဖက်တပ် နေရာချထားရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

No comments:

Post a Comment