Wednesday, November 30, 2016

M-150 အသုံးချခံရတဲ့ ဗုံးဂယက်

နေပြည်တော်ရှိ ဂျန်းရှင်းစင်တာ ကားရပ်နားရာဝင်းအတွင်း အချို ရည်သောက်၍ ပစ်ထားသော M-150 ပုလင်းခွံတွေ့သဖြင့် နိုဝင်ဘာ၂၇ ရက်ညက နေပြည်တော်ရှိ ရဲများအလုပ်ရှုပ်သွားသည်။ နိုဝင် ဘာအတွင်း နိုင်ငံတစ်ဝန်းရှိ ပြည် သူများ၊ အထူးသဖြင့် ရန်ကုန်မြို့နေပြည်သူများ မှတ်မှတ်ထင်ထင်ရှိ နေသော အမည်တစ်ခုမှာ M-150အချိုရည်ပုလင်းဖြစ်၏။ ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကိုးရက်တာအတွင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၊ တောင်ဒဂုံလဝကရုံးအပါအဝင် ဈေးဝယ်စင်တာနှင့် ကုန်တိုက်နှစ်ခု စုစုပေါင်း နေရာလေး နေရာ၌ အသေးစားပေါက်ကွဲမှု ၁၂ ကြိမ် ဖြစ်ပွားခဲ့ရာ နေရာတိုင်းတွင် M-150 အချိုရည်ပုလင်းအတွင်း၌ ဓာတ်ငွေ့အရည်ထည့်ကာ ဖောက်ခွဲသွားခြင်းဖြစ်သည်။



လုံခြုံရေးတင်းကျပ်ပြီး ပြင်ပလူဝင်ရန် ခက်ခဲသော တိုင်းအစိုးရအဖွဲ့ရုံး ဖောက်ခွဲမှုများပြုလုပ် သည့် သံသယရှိသူ တရားခံသုံးဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် ဖမ်းမိထားသည်ဟု ဆိုသည်။ဖမ်းဆီးမိသူ သုံးဦးအနက် ခင် မောင်ရွှေ (ခ) ရာတွတ်အား စစ် ဆေးရာ ဖောက်ခွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို သင်္ဃန်းကျွန်းမြို့နယ် င/က ရပ်ကွက်မှ အစ္စလာမ် ဘာသာရေးအဆောက်အ အုံဝင်းအတွင်းရှိ အမှိုက်ပုံအတွင်း စွန့်ပစ် ထားသည်ဟု ထွက်ဆိုသော ကြောင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ M-150 တံဆိပ်ပါ အနက်ရောင် ပုလင်း ခုနစ်လုံး သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖေ့စ်ဘွတ်ခ်စာမျက် နှာမှတစ်ဆင့် အသိပေးထား သည်။

မည်သည့်အချက်များကြောင့် ဖောက်ခွဲမှုများ ပြုလုပ်သည်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေး၍ ပေါက်ကွဲမှုနောက်ကွယ်မှ အကြောင်းအရာ နှင့် ရည်ရွယ်ချက်များကို မသိရသေးသော်လည်း ဖောက်ခွဲမှုဖြစ် ပွားသည့်အကြောင်း ရင်းသုံးချက်ရှိ နိုင်သည်ဟု ပြည်သူများက ပြောဆိုဝေဖန်မှုများရှိနေပြီဖြစ်သည်။ ယင်းသုံးချက်မှာ လုံခြုံရေးကျိုး ပေါက်နေခြင်း၊ လက်ရှိအစိုးရကို အကျပ်ရိုက်အောင် ပြုလုပ်ခြင်းနှင့် အာရုံပြောင်းအောင် ပြုလုပ်ခြင်းတို့ဖြစ်သည်။

လုံခြုံရေးကျိုးပေါက်မှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ရုံးအတွင်း ဝင်ရောက်ဖောက်ခွဲသွား ခြင်းကြောင့် လုံခြုံရေးကျိုးပေါက်သွားပြီဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးက The Voice သတင်းဌာနအား ပြောကြားထားသည်။

လက်ရှိအစိုးရကို အကျပ်အတည်းဖြစ်စေရန် ဖန်တီးနေခြင်း ဖြစ်ကြောင်း 7Day Daily သတင်းစာက ပြုလုပ်သည့် လူထုအသံအတွက် ပြည်သူ ၂၀ ဦးခန့်အား မေးမြန်းမှုတွင် အချို့က ဖြေကြားထားရသည်။


ဓာတ်ပုံ-နစ်ကီ

‘‘ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်နဲ့ တမင်လုပ်နေတယ်လို့မြင်တာပဲ။ တရားခံကို မိပြီလို့တော့ ပြောပေမယ့် သူ့နောက်ကွယ်မှာ တခြားလူတွေရှိဦးမလားလို့လည်း ထင်တယ်။ ဗုံးက ကြီးကြီးမားမားပေါက်တာမျိုးမဟုတ်ဘဲ လူသူကို မထိခိုက်ဘဲနဲ့ ပေါက်တဲ့နေရာတွေကျ တော့ ရုံးတွေ၊ အစိုးရနေရာတွေ လိုမှာပါ ဖြစ်နေတော့ လုပ်တဲ့လူက သူလုပ်နိုင်တယ်ဆိုတာသိအောင် လုပ်ပြနေတာလို့ ခံစားရတယ်’’ဟု (Public Relations Professional) တစ်ဦးဖြစ်သူ မနန်းညီက ပြောသည်။ နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီကျော်တွင် မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် တော်ဝင်လမ်း ထောင့် Ocean Centre မြေညီ ထပ်ရှိ အများသုံးအမျိုးသား သန့် စင်ခန်းအတွင်းနှင့် ကားပါကင်တို့ ၌ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၂၀ ရက် ညကလည်း ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာတွင် မိနစ်ပိုင်းအတွင်း နေရာနှစ်နေရာ၌ အသေးစားပေါက်ကွဲမှု လေး ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ လူဝင်မှုကြီး ကြပ်ရေးရုံးအတွင်း အသေးစား ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့သည်။

ယင်းသို့ အသေးစားပေါက်ကွဲမှုများ တစ်ရက်လျှင် သုံးကြိမ် ဖြစ်ပွားနေစဉ် နိုဝင်ဘာ ၂၅ ရက် ညနေက ဖြစ်ပွားသည့် ပေါက်ကွဲမှုသည် သာမန်ပြည်သူများ ဝင်ထွက်သွားလာခွင့်မရှိဘဲ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်တိုင်း အစိုးရရုံးဝင်းအတွင်း ဖြစ်ပွားခြင်း ဖြစ်သည်။

လူစည်ကားရာ ဈေးဝယ်ကုန်တိုက်များနှင့် အခြားနေရာများတွင် ဖောက်ခွဲမှုပြုလုပ်ခြင်းမှာ လွယ်ကူနိုင်သော်လည်း သတင်း ထောက်များ ဝင်ရောက်သတင်းယူရာတွင် ခက်ခဲပြီး လုံခြုံရေးများ တင်းကျပ်ထားသည့် ရန်ကုန်တိုင်း အစိုးရရုံးအတွင်း ဖောက်ခွဲမှုပြု လုပ်ခဲ့ခြင်းကြောင့် ရန်ကုန်မြို့၏ လုံခြုံရေးအခြေအနေမှာ မြို့ခံများအကြား မေးခွန်းထုတ်စရာဖြစ်နေသည်။

‘‘သာမန်လူတွေမပြောနဲ့ ခင်ဗျားတို့ သတင်းထောက်တွေ တောင် ဝင်ချင်တိုင်းဝင်လို့ရလို့ လား။ ဒီလိုနေရာကြီးမှာလာပြီး ဖောက်ခွဲသွားတယ်ဆိုတာတော့ စဉ်းစားကြပေါ့’’ဟု အမည်မဖော်လိုသူ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

‘‘ကြားဖြတ်ရွေးကောက်ပွဲနီးမှ အခုလိုပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာတာကတော့ စဉ်းစားစရာပဲပေါ့နော်။ နိုင်ငံရေးကြောင့် မတည်မငြိမ်ဖြစ်အောင် လုပ်တာလားလို့လည်း သံသယဖြစ်မိတယ်။ အခုလိုမျိုး ပေါက်ကွဲမှုတွေ  ခဏခဏဖြစ်လာတော့ သွားရလာရတာတောင် မလုံခြုံတော့ဘူး’’ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သော မကေသီကျော်က မှတ်ချက် ပေးသည်။

သတင်းများ လိုက်လံထောက်လှမ်းနေသည့် သတင်းရဲတပ်ဖွဲ့သည် ယခင်အစိုးရလက်ထက်က ပြုလုပ်ခဲ့သည့်အတိုင်း နိုင်ငံရေးလှုပ်ရှားသူများ၊ ကျောင်းသား ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကိုသာ လက်ရှိအချိန်ထိ ဦးစားပေးစောင့်ကြည့် လျက်ရှိနေခြင်းက ဖောက်ခွဲမှုတစ်စုံတစ်ရာ ပြုလုပ်ချင်သူများအတွက် အားသာချက်တစ်ခုပင်ဖြစ်သည်ဟု ဝေဖန်သူများက ထောက် ပြကြသည်။

‘‘ကျွန်တော်တို့က ဥပဒေ ဘောင်ထဲကပဲလုပ်တာ။ အဲဒါကို သူတို့က ဥပဒေနဲ့မညီဘူးဆိုပြီး ဖမ်းဆီးတရားစွဲဆိုတာ။ အခုအချိန်မှာ ကျွန်တော်တို့ စောင့်ကြည့်လား၊ မစောင့်ကြည့်ဘူးလားဆိုတာ အလေးမထားဘူး။ ကြည့်ချင်ကြည့်၊ မကြည့်ချင်နေ။ သို့သော် လူပုဂ္ဂိုလ်တစ်ဦးချင်းကို စောင့်ကြည့်နေမယ့်အစား ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ပေါ့။ အခုလို ပေါက်ကွဲမှုကို အသံပေးတဲ့ လူပုဂ္ဂိုလ်မျိုးတွေအတွက် အင်အားသုံးပြီး ဆောင်ရွက်ပေးချင်ပါတယ်’’ဟု နိုင်ငံရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရသည့်သူများအား ရှေ့နေအဖြစ် အကျိုးဆောင်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

သို့သော် ယခုဖြစ်ရပ်မှာ အစိုးရအကျပ်တွေ့အောင် (သို့မဟုတ်)ယခင်ခေတ်ကကဲ့သို့ အာရုံပြောင်းရန် ကြိုးစားမှုဟု သုံးသပ်သူများလည်း ရှိနေဆဲဖြစ်သည်။

7Day News ဂျာနယ်က အွန်လိုင်းတွင် ဖော်ပြထားသည့် ရန်ကုန်တိုင်း အစိုးရရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားသည့် သတင်းအောက်တွင် Kyaw Lwin Oo အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်က ‘‘မင်းတို့ကစားကွက်ကလည်း မြန်မာဘောလုံးအသင်း ကစားကွက်လိုပဲ။ ရိုးနေပြီ။ ကစားကွက်လေး ဘာလေးလည်း ပြောင်းလိုက်ဦး’’ဟု မှတ်ချက်ရေးသားထားပြီး Khin Maung Zaw အမည်ရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူက ‘‘လက်ရှိအစိုးရကို အောက်လမ်းနည်းတွေနဲ့ ပညာပြနေပါပြီ။ မိုးကျရွှေကိုယ်တွေကို မြန်မြန်ဖယ်ရှားပေးပါတော့။ အစိုး ရကို ဒုက္ခမျိုးစုံပေးနေပါပြီ။ အမှုအခင်းတွေများလာပြီး လက်ရှိအစိုးရ အလုပ်မလုပ်တဲ့ ပုံစံမျိုး ပြောလာအောင် ဖန်တီးနေပါပြီ’’ ဟု ဝင်ရောက်မှတ်ချက်ပေးထားသည်။

‘‘ဒီလိုဖြစ်နေတာတွေက တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်နေတာ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာ တိုင်းပြည်ဟာ အရင်ထက် ပိုပြီးဆိုးရွားလာတယ်လို့ ပြည်သူက ထင် အောင် ဇာတ်လမ်းဆင်နေတယ်လို့ပဲမြင်တယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်ရင် အရင်ဦးဆုံးခံစားရတာ ပြည်သူပါ။ ပြည်သူဟာ ဒုက္ခအရောက်ဆုံးပါ။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးကိုလည်း ထိခိုက်ပါတယ်။အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်ခါစဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေချိန် နိုင်ငံခြားခရီးသွား တွေလာဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေလုပ်ဖို့ စီစဉ်နေချိန်မှာ သူတို့အတွက် ပြန်စဉ်းစားစရာဖြစ်နေပါတယ်။ နိုင်ငံရဲ့ ပုံရိပ်ထိခိုက်ပါ တယ်’’ဟု အာရပ်စော်ဘွားများ နိုင်ငံ ဒူဘိုင်းမြို့တွင် ရောက်ရှိနေသော ကြည်ငြိမ်းသော်က ပြောသည်။

သို့သော် ရန်ကုန်မြို့တွင်း ယခုကဲ့သို့ ပေါက်ကွဲမှုများမှာ ယခုအစိုးရလက်ထက်တွင်မှ ဖြစ်ပွားခဲ့ ခြင်းမဟုတ်ပေ။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၃ အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် (ယခင်နာ မည်)အပါအဝင် မြို့ကြီးအချို့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကိုလည်း ရဲတပ်ဖွဲ့အနေ ဖြင့် ကြိုတင်သတင်းရယူနိုင်ခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက ဝန်ခံ ပြောကြားထားသည်။

ယင်းဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ဗုံးဖောက်ခွဲမှုပြုလုပ်သူ စောမြင့်လွင်ကို ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်ထားပြီး ဗုံးဖောက်ခွဲရန် စေခိုင်းသူ အဓိကတရားခံ နေတိုးကို လက်ရှိအချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးပေ။


ဓာတ်ပုံ-နစ်ကီ

ထို့အပြင် ယခင်အစိုးရများလက်ထက်တွင် လူထုကို အာရုံ ပြောင်းလိုပါက ခြောက်လှန့်ဗုံးများ၊ အသံဗုံးများဖြင့် အာရုံလွှဲတတ်၍ အာရုံပြောင်းရန် ကြိုးစားခြင်းများလားဟု သံသယရှိသူများလည်း ရှိနေသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး နောက်ပိုင်းတွင် ရန်ကုန်လုံခြုံ ရေးကို မည်သို့တိုးမြှင့်လုပ်ဆောင်မည်ဆိုခြင်းအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမြင့်ဆွေနှင့် ရဲမှူးလှဝေတို့ထံ 7Day News ဂျာနယ်က ဆက်သွယ်မေးမြန်းရာ ၎င်းတို့က ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ယခုပေါက်ကွဲမှုများနှင့်ပတ်သက်၍ ထပ်မံဖမ်းဆီးရန် ကျန်ရှိနေသေးသဖြင့် သတင်းထုတ်ပြန်မှုများ လတ်တလောပြုလုပ်ဦးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ရန်ကုန်မှာ အသေးစား ပေါက်ကွဲမှုတွေဖြစ်နေတဲ့အတွက် ပြည်သူတွေ အထိတ်တလန့်ဖြစ်မှာတော့ စိုးရိမ်မိတယ်။ လူမျိုးရေး၊ ဘာသာရေးကြောင့်ပဲဖြစ်စေ၊ နိုင်ငံရေးကြောင့်ပဲဖြစ်စေ ရန်ကုန်မှာ အဲဒီလို ပေါက်ကွဲမှုတွေ ဆက်မဖြစ်ဖို့ လုံခြုံရေးကို တိုးမြှင့်စေချင်တယ်။ အရင်အစိုးရလက်ထက်ကလည်း အဲဒီလိုဘာသာရေး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး သာဓကတွေရှိခဲ့တော့ အခုပေါက်ကွဲမှုမှာ ဘယ်သူတွေက ကြိုးကိုင်နေလဲဆိုတာ မသိပေမယ့် ရွေးကောက်ပွဲနီးလာတိုင်း ဒီလိုတွေကြားရတာတော့ မဆန်းတော့ပါဘူး။ တာဝန်ရှိတဲ့သူတွေကတော့ အတတ်နိုင်ဆုံး ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ရတာပဲ’’ဟု လှိုင်မြို့နယ်မှ ကိုရဲလင်းဦးက ပြောသည်။

‘‘ဖောက်ခွဲမှုတွေက မျိုးစုံရှိတာပေါ့။ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်တာလည်း မရှိဘူး။ ဘေးက ကြည့်လို့လည်း မရဘူးဆိုတော့ ဘယ်လိုလုပ်ထားလဲဆိုတာ သေချာပြောလို့မရဘူးပေါ့။ ပထမသ တင်းကြားရတာတော့ အထဲမှာ ဆာဂျဖာရယ်၊ ယမ်းစိမ်းရယ်ပေါ့။ ဒီဟာတွေ လုပ်ရင်တော့ ဖောက်ခွဲတာပေါ့လေ။ အဲဒါတွေကို ဖော့စပရိတ်ထည့်လိုက်ရင် သူက လေနဲ့ထိရင် မီးထတောက်တယ်ပေါ့။ အဲဒါတွေ ဖြစ်နိုင်တယ်လို့တော့ တွက်လို့ရတာပေါ့။ နောက်တစ်ခုကတော့ နည်းနည်းလေးအဆင့် မြှင့်တဲ့ အရည်ပေါ့။ နိုက်ထရိုဂရစ်ဆလင်းအရည်ကို ထည့်ပြီးလုပ်လို့ရတယ်လေ။ သူက လှုပ်သွားရင်လဲသွားရင် ပေါက်ကွဲတာပဲလေ’’ ဟု ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောသည်။

နိုဝင်ဘာ ၂၇ ရက် ညနေကလည်း နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ Junction Centre ကား ရပ်နားရာဝင်းအတွင်း၌ စွန့်ပစ်ထားသည့် အနက်ရောင် M-150 အချိုရည်ပုလင်းတစ်လုံး တွေ့ရှိ၍ ဗုံးဟုသံသယရှိသဖြင့် ရဲတပ်ဖွဲ့ ဝင်များ အလုပ်ရှုပ်ခဲ့ရသေးသည်။

အထက်ပါဖြစ်စဉ်များတွင် M-150 အချိုရည်ပုလင်းမှာလည်း အသုံးချခံဖြစ်ခဲ့သည်။ ထို့ကြောင့် ပုလင်းခွံမြင်သည်နှင့် လန့်သောအ ခြေအနေကို ကြုံနေရသည်။

M-150 အချိုရည်သည် ထိုင်းနိုင်ငံအခြေစိုက် Osotspa ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး ထိုင်း၊ မြန်မာ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာနများ က ISO 9001:2008 လက်မှတ် ရရှိပြီးဖြစ်ကာ ပြည်တွင်း၌ Loi Hein ကုမ္ပဏီက ဖြန့်ချိနေခြင်းဖြစ် သည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအရ အချိုရည်အမှတ်တံဆိပ်နှင့် ပတ်သက်၍ အာဏာပိုင်များထံမှ အကြောင်းကြားချက် တစ်စုံတစ်ရာ လက်ခံရရှိမှု မရှိဟု Loi Hein ကုမ္ပဏီရုံးချုပ်မှ ဈေးကွက်ဆိုင်ရာ အကြီးအကဲတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှု ကို ပြန်လည်ဖြေကြားသည်။

‘‘ဆရာတို့အနေနဲ့ ပြောနိုင်တာကတော့ ဒီ M-150 ပုလင်းအချိုရည်က FDA ထောက်ခံချက်ရထားပြီးသား။ ဒီပုလင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့အရာ လုပ်တယ်ဆိုတာကတော့ သူတို့လုပ်တဲ့အချိန် မှာ လွယ်ကူစေတဲ့အတွက် သုံး တယ်လို့ထင်တယ်။ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ အချိန်နဲ့တစ်ပြေးညီထုတ်ပြန်မယ်ထင်ပါ တယ်’’ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက ပြောသည်။

‘‘အခုလို အသံပေးတဲ့ ပေါက်ကွဲမှုက လက်ရှိအစိုးရကို စိန်ခေါ်သလိုဖြစ်နေတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီကိစ္စမှာ ပူးပေါင်းပါဝင်ပြီးတော့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ပြည်သူလူထုကို ထိခိုက်မယ့် လမ်းစဉ်ဆို ဘယ်လမ်းစဉ်မှ လက်ခံမှာ မဟုတ်ဘူး’’ဟု တရားလွှတ်တော် ရှေ့နေဦးရောဘတ်စန်းအောင်က ပြောသည်။

ဖောက်ခွဲမှုပြုလုပ်သူများကို ထိရောက်သည့် ပြစ်ဒဏ်များပေးမှ ပြည်သူများ လုံခြုံမည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီဝင် ဦးဌေးဦးက ဆိုသည်။

‘‘အစိုးရကို အကျပ်ရိုက် အောင်လုပ်နေကြတာလို့ မြင်တယ်။ မူဆယ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ ရခိုင်မှာလည်း မပြီးသေးဘူး။ အခု ရန်ကုန်မှာလည်း ပေါက်ကွဲနေတယ်။ တစ်ချိန်တည်းမှာပဲ ဒါတွေဖြစ်နေတာ’’ ဟု ပန်းဘဲတန်းမြို့နယ်နေ ဦးမြတ်သူက ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများသည် လျော့ရဲနေသည့် လုံခြုံရေးဆောင်ရွက်မှုကို သတိ ပေးလိုက်သည့် ခေါင်းလောင်းသံလည်း ဖြစ်သည်။ ထို့အပြင် ရန်ကုန်ရှိ ဈေးဝယ်စင်တာအများစု တွင် စင်တာအတွင်း ဝင်ရောက်သူ များကို လုံခြုံရေးတာဝန်ယူထားသူ များအနေဖြင့် သေချာစွာ စစ်ဆေး ခြင်းမရှိကြောင်း ပြည်သူများက ပြောကြားသည်။ စင်တာများဘက်ကလည်း မိမိတို့ဆီသို့ လာရောက်ဝယ်ယူသည့် ဈေးဝယ်သူများအ ပေါ် လူ့အခွင့်အရေးရှုထောင့်အရ တင်းကျပ်စွာ စစ်ဆေးရန်မှာ အခက်အခဲရှိကြောင်း ရန်ကုန်မြို့ ဈေးဝယ်ကုန်တိုက်တစ်ခုတွင် လုံခြုံရေးတာဝန်ထမ်းဆောင်သူ ကိုနိုင်လင်း အောင်က ပြောသည်။

‘‘စင်တာထဲမှာ ရန်ဖြစ်တယ်ဆိုရင်၊ စင်တာအတွင်း လူတွေထိခိုက်တယ်ဆိုရင် ဘယ်လိုပဲဖြစ် ဖြစ် ကျွန်တော်တို့ ဖြေရှင်းခွင့်ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်မှာက နံပါတ်တုတ်လောက်ပဲရှိတယ်။ ရန်ကုန်မှာက ဓားတွေဘာတွေရှိတယ်။ ဟိုက အင်အားများမယ်ဆိုရင် ကိုယ့်ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်သင့်ရင် ဆက်သွယ်ရ မှာပဲ။ အဲဒီလိုအခြေအနေမှာ နိုင်ငံ ခြားဇာတ်ကား သွားရိုက်လို့မရဘူး။ အင်အားနည်းရင် ဘယ်သူ မဆို နောက်ဆုတ်ရတာ သဘာဝပဲ။ စင်တာလုံခြုံရေးတွေဟာ ဘာလက်နက်မှ ကိုင်ဆောင်မရဘူး။ မကိုင်ရတာဟာ အားနည်းချက်တော့ မဟုတ်ပါဘူး။ ရမ်းကားတဲ့သူရှိရင်တောင် ကိုယ့်အတွက် ကာကွယ်ဖို့၊ ပြန်ခုခံဖို့လောက်ပဲ နံပါတ်တုတ် ကိုင်ဆောင်ကြပါတယ်’’ဟု ကိုနိုင်လင်းအောင်က ပြောသည်။

ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည့်အတွက် နေထိုင်ရသည်မှာ လုံခြုံမှုကင်းမဲ့သည်ဟု ခံစားလာရပြီး စိုးရိမ်စိတ်များရှိနေကြောင်းနှင့် ဗုံးဖောက်ခွဲမှု ပြုလုပ်သူများမှာ ပြည်သူများအနေဖြင့် အထိတ်တလန့် နှင့် စိုးရိမ်စေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ဟိန်းလုံခြုံရေးကင်မရာ ရောင်းဝယ်ရေးမှ ကိုလူမင်းက ပြောသည်။

‘‘ဒီလိုဗုံးပေါက်တာမျိုးတွေ ဖြစ်လာတော့ မငြိမ်းချမ်းတော့ဘူးပေါ့။ ဘယ်သွားသွားဘာလုပ်လုပ် အရင်လို စိတ်ချလက်ချ မသွားနိုင်တော့ဘူး။ တစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့စိတ်က ရှိနေတယ်။ ဘယ်သူလုပ် တယ်ဆိုတာ မသိပေမယ့် လုပ်တဲ့ သူတွေရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ အထိတ်တလန့်နဲ့ စိုး ရိမ်စိတ်ဖြစ်အောင် လုပ်နေတာလို့မြင်တယ်။ ဈေးဝယ်စင်တာတွေက လုံခြုံရေးက အဖြစ်သဘော လောက်ပဲရှိတယ်လို့ မြင်တယ်။ သူတို့သုံးတဲ့ စက်တွေကလည်း ယုံ ကြည်စိတ်ချလို့   ရနိုင်တယ်လို့ မထင်ဘူး။ တစ်ခုခုဖြစ်ရင်တောင် သူတို့လာကူညီနိုင်ရင် ကံကောင်းပဲ’’ဟု ဟိန်းလုံခြုံရေးကင်မရာ ရောင်းဝယ်ရေးမှ ကိုလူမင်းက ပြောသည်။

လတ်တလောတွင် ဖောက်ခွဲမှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား စစ်ကြောဖော်ထုတ်ချက်များကို အာဏာပိုင်များဘက်က ထုတ်ပြန်နိုင်ခြင်းမရှိသေးသဖြင့် လူထုကြားတွင် သံသယစိတ်များ၊ စိုးရိမ်မှုများနှင့် မလုံခြုံမှုများ မြင့်တက်နေဆဲပင်ဖြစ်သည်။ ငြိမ်းချမ်း

No comments:

Post a Comment