Thursday, November 17, 2016

NLD ပါတီတွင် ပါတီဝင်အချင်းချင်း မဖြေရှင်းနိုင်သေးသည့် ပြဿနာ မရှိသေးဟု ဦးဝင်းထိန်ပြော

NLD ပါတီတွင် ပါတီဝင်အချင်းချင်း မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုမှမရှိသေး ဘူးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။ NLD  ပါတီ၏ (၆) ကြိမ်မြောက် ဗဟို ကော်မတီ အစည်းအဝေးအပြီး ရန်ကုန်၊ ပဲခူး၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်နှင့် တနင်္သာရီစသည့် ပြည်နယ်နှင့် တိုင်းများသို့ သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် များနှင့် ပါတီဝင်များအား တွေ့ဆုံခဲ့ ခြင်းနှင့် ပတ်သက်၍ ဦးဝင်းထိန်က ထိုသို့ပြော ခြင်းဖြစ်သည်။ ''ဘာမှမရှိဘူး ပြဿနာက။ မဖြေရှင်းနိုင်တဲ့ပြဿနာ တစ်ခုမှမတွေ့ခဲ့ဘူး။ အချင်းချင်း နားလည်မှုလွဲတဲ့ကိစ္စတွေ အစိုးရ၊ လွှတ်တော်၊ ပြည်သူနဲ့ ပါတီဝင်တွေ လိုက်လျောညီထွေမှု ရှိဖို့တွေကိုလဲ မှာကြားခဲ့တယ်။ ပြည် သူက ထောက်ခံထားတဲ့ပါတီဖြစ်လို့ တိုင်းနဲ့ပြည်နယ်အဆင့်မှာရော၊ ပြည်ထောင်စုအဆင့်မှာ ရော ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုပြီး အလုပ်တွေကြိုးစားလုပ်ကြဖို့ တိုက်တွန်းခဲ့တယ်''ဟု ဦးဝင်းထိန်က ပြော သည်။
ဦးဝင်းထိန်သည် နိုဝင်ဘာ ၁၃ ရက်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည် နယ် NLD လွှတ်တော်ကိုယ်စားလှယ်များ၊ NLD  ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်တွင် တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဝန် ကြီးချုပ်အပါအဝင် တိုင်းဒေသကြီး NLD  လွှတ်တော်ကိုယ်စားလှယ်များ ၊NLD ပါတီဝင်များအား သွားရောက်တွေ့ဆုံခဲ့သည်။ အထူးသဖြင့် အစိုးရအဖွဲ့၊ လွှတ်တော်၊ ဒေသဆိုင်ရာ NLD ပါတီဝင်များ အနေဖြင့် ပြည်သူလူထုနှင့် မကင်းကွာစေရန် အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရေး တိုက်တွန်းခဲ့သည်ဟု ၎င်းကဆိုသည်။


''သွားတဲ့ကိစ္စတွေကတော့ ပါတီကိစ္စ တွေနဲ့သွားတာပါ။ ပါတီကချမှတ်ထားတဲ့ မူဝါဒတွေအတိုင်းပဲဆောင်ရွက်ခဲ့တာပါ။ ကျွန်တော်က အစိုးရမှာရော လွှတ်တော်မှာ ရော တာဝန်တွေမရှိဘူးလေ အဲဒီတော့ပါတီ ကိစ္စတွေ လုပ်ရတာပေါ့''ဟု ၎င်းကဆိုသည်။ ကျန်နေသည့် တိုင်းနှင့်ပြည်နယ်များသို့ ထပ်မံသွားရောက်မည့် ခရီးစဉ်များရှိသော်လည်း မည်သည့်ဒေသသို့ ဦးစွာသွားရောက်မည်ဆို သည်ကို မဆုံးဖြတ်ရသေးဟု ၎င်း ကပြောသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်သော NLD  ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ် တွင်ကျင်းပရာ အစိုးရ ဝန်ကြီးများနှင့် အဆင့်ဆင့်သော အစိုးရအဖွဲ့ဝင်များ အဂတိတရားကင်းစင်ရန် အပါအဝင် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို အစည်းအဝေး၌ ချမှတ်ခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာဒေသများ၌ အလုပ်အကိုင်များဖန်တီး ၍ ပြည်သူလူထု၏ စားဝတ်နေရေး အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ် နှံမှုများဖိတ်ခေါ်၍ အလုပ်အကိုင်များဖော် ထုတ်ရန်၊ နိုင်ငံတော်ကချပေးသည့် ဘတ်ဂျက်များဖြင့် ရွာချင်း ဆက်လမ်းများ အပါအဝင် လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးအကောင် အထည်ဖော်ပေးရန်၊ ကျေးလက်ဒေသမီးလင်း ရေးနှင့် ရေရရှိရေးကို ပိုမိုလုပ်ဆောင်ရန်တို့ကိုလည်း NLD  ဗဟိုကော်မတီအစည်း အဝေး က ဆုံးဖြတ်ခဲ့သည်။

စည်သူကျော်

No comments:

Post a Comment