Sunday, November 20, 2016

NLD အစိုးရလက်ထက် ပထမဆုံးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်


NLD အစိုးရသစ်လက်ထက် ပထမဆုံးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းအား တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၁၈ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၆၉၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းအား တာဝန်မှ ရပ်စဲလိုက်ကြောင်း ရေးသားထားသည်။ေ ဒါက်တာထွန်းဝင်း တာဝန်မှ ရပ်စဲခံရခြင်းနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထုတ်ပြန်ထားသည့်အတိုင်း ဖြစ်ပြီး မှတ်ချက်ပေးရန် မရှိကြောင်း ပြောကြားသည်။

ထိုသို့ ဒေါက်တာထွန်းဝင်းအား တာဝန်မှ ရပ်စဲခြင်းမှာ လွန်ခဲ့သည့် သုံးလခန့်က အစည်းအဝေးတစ်ခုတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် သဘောထား ကွဲလွဲ၍ လုပ်ငန်းပိုင်းဆိုင်ရာ အငြင်းပွားမှုမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။
ဒေါက်တာထွန်းဝင်းအား ဒုတိယ၀န်ကြီးတာဝန်မှ ရပ်စဲခြင်းအပေါ် ဝေဖန်မှုအမျိုးမျိုးလည်း ထွက်ပေါ်လျက် ရှိသည်။
“ကျွန်တော်ကတော့ ဒေါက်တာထွန်းဝင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်ရင်တော့လည်း အများကြီး အရင်ဆောင်ရွက်ခဲ့တာတော့ ရှိတယ်လေ။ လက်ရှိ ကျွန်တော်တို့ မြင်တာတော့ ဒုဝန်ကြီးတာဝန် ပေးအပ်တဲ့နေရာနဲ့တော့ သင့်တော်တယ်လို့ မြင်တာပေါ့နော်။ ဖြစ်တဲ့ပြဿနာ အသေးစိတ်တော့ ကျွန်တော်တို့ မသိရသေးဘူးပေါ့နော်။ သို့သော်လည်းပဲ ကျွန်တော်တို့မြင်တာတော့ တချို့ကိစ္စကလည်း သူ့ရဲ့ Personal အရ အဆင်မပြေမှု ရှိကောင်း ရှိနိုင်တာပေါ့နော်။ သို့သော်လည်းပဲ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုရင်တော့ တချို့ကိစ္စတွေကျရင် ပညာရှင်တွေအနေနဲ့လည်း သတိထားပြီး လုပ်ကိုင်ရင်တော့ ပိုပြီးတော့မှ ကောင်းမယ်လို့ မြင်တယ်။ နောက်ပြီးတော့ လူတော်တစ်ယောက် ဆုံးရှုံးတာမို့လို့ ဒါတော့ စိတ်မကောင်းဘူးပေါ့နော်။ ကျွန်တော်မြင်တာတော့ ဒေါက်တာထွန်းဝင်းအနေနဲ့ကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နှစ်ပေါင်း ၃၀၊ ၄၀ လောက် လုပ်ကိုင်တဲ့သူအနေနဲ့ ကျွန်တော်တို့ မြင်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ကတော့ တတ်နိုင်သမျှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးကဏ္ဍကို ဆောင်ရွက်မယ့်အနေနဲ့ ယုံကြည်ပါတယ်။ တခြားကိစ္စကတော့ ကျွန်တော်တို့ မသိဘူးပေါ့နော်။ Personal ကိစ္စဆိုရင်တော့ ဒီဟာတော့ ဘယ်လိုဟာမျိုး ရှိတယ်ဆိုတာ ကျွန်တော်တို့ဆီမှာ သတင်းတော့ မသိဘူးပေါ့နော်။ သို့သော်လည်း လုပ်တာကိုင်တာ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်ရင် သူ့ကို လက်ခံပါတယ်။ ယုံလည်း ယုံကြည်တယ်ပေါ့နော်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ဒေါက်တာထွန်းဝင်း အနေဖြင့် နွေ/မိုး စပါးအတွက် ရေဆင်းဆည်မှ ဆည်ရေပေးရန်၊ ဆည်များတွင် ငါးမွေးရန်နှင့် ဧရာဝတီမြစ်ရေတင်စီမံကိန်း လုပ်ငန်းများ လုပ်ဆောင်ရန် ဆောင်ရွက်ထားမှုအပေါ် ပယ်ချခံရသည့်အတွက် အထက်ပါ အစည်းအဝေးတွင် မေးမြန်းခဲ့ရာမှ ပြည်ထောင်စုဝန်ကြီးနှင့် အဆင်မပြေမှုများ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ အဆင်မပြေမှုများအတွက် ပြည်ထောင်စုဝန်ကြီးအား တွေ့ဆုံတောင်းပန်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကလည်း ခွင့်လွှတ်သည်ဟုဆိုကာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေခဲ့ချိန် ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းဝင်းက ပြောကြားသည်။
“၀န်ကြီးသည် စိုက်ပျိုးရေးမှာ လေးလပဲ အတွေ့အကြုံ ရှိပါတယ်။ ကျွန်တော်သည် နှစ် ၄၀ အတွေ့အကြုံရှိပြီးတော့ တိုင်းပြည်မှာ ခါးသီးစွာ ခံစားနေရတဲ့ လယ်သမားနဲ့ အလုပ်လက်မဲ့ လူတန်းစားအားလုံးကို ကျွန်တော် ပြောချင်တာက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရရဲ့ ပြောင်းလဲသင့်တဲ့ လုပ်ငန်းကို ဒါအခုအချိန်မှာ ပြောင်းလဲမယ်ဆိုရင်တော့ အစိုးရသစ်အတွက် နာမည်ကောင်းတယ်။ ကျန်တဲ့ အပိုင်းကို သူမယူပါဘူး။ သူယူတာကတော့ လေးလနဲ့ နှစ် ၄၀ မှာ နည်းနည်းလေး စိတ်အဆင်မပြေဖြစ်သွားပြီးတော့ ဒါကို သူက အဲဒီအချိန်မှာ ခုံထုပြီးတော့ ဒေါသထွက်ပြီးတော့ DG အားလုံး လစဉ်အစည်းအဝေးမှာ သူကြိမ်းမောင်းတာ။ လက်သီးလက်မောင်းတန်းပြီးတော့ ဒီလိုပြောဆိုခြင်းကို မက်ဆေ့ခ်ျက ကျွန်တော် သူ့ကို ခုံထုပြီး သူ့ကို ခံပြောပါတယ်ဆိုတာမျိုး နိုင်ငံတော်အကြီးအကဲတွေအထိ ရောက်သွားတယ်။ လေးနက်သွားတာပေါ့။ကျွန်တော် အောက်က ပြန်ဖြေရှင်းခွင့် မရှိဘူးလေဗျာ။ နှစ်ဦးနှစ်ဖက် ရင်ဆိုင်ပြီး ဖြေရှင်းခွင့် မရှိဘူးဗျာ။ မရှိဘဲနဲ့ တစ်ဖက်သတ် ဆုံးဖြတ်ပြီးတော့ DG ၊ MD တွေပါ သက်သေရှိတယ်။ ဘယ်သူခုံထုသလဲ။ တိုင်းပြည်အတွက် ကောင်းအောင် အားမလိုအားမရ ပြောမိတာကို တစ်နေ့မှာ ကျွန်တော်တောင်းပန်ပါတယ်။ တောင်းပန်သော်လည်း တောင်းပန်တဲ့ အနေအထားက တစ်မျိုးဖြစ်သွားပါတယ်” ဟု ဒေါက်တာ ထွန်းဝင်းက ပြောကြားသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်၍ တိုင်စာရှိသည့်အတွက် ဒုတိယ၀န်ကြီးအဖြစ်မှ နုတ်ထွက်စာ တင်ခိုင်းခဲ့ကြောင်း၊ ထိုသို့ နုတ်ထွက်စာ တင်ခိုင်းသည့်အကြောင်းအရင်းက မေးမြန်းခဲ့သော်လည်း မပြောခဲ့ကြောင်း၊ တစ်ဖန် နေပြည်တော်ကောင်စီသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ပြောကြားသဖြင့် မပြောင်းရွှေ့နိုင်ကြောင်း ငြင်းဆန်ခဲ့သည့်အတွက် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ပေါင်းစပ်ညှိနှိုင်းမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းသည့်အတွက် ရာထူးရာခံများ ရုပ်သိမ်းရန် မိမိဘာသာ နုတ်ထွက်စာတင်ရန်နှင့် မနုတ်ထွက်ပါက ဥပဒေအရ ထုတ်ပယ်မည်ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့လာကြောင်း ဒေါက်တာထွန်းဝင်းက ပြောကြားသည်။
“အဲဒီနှစ်ခုမှာ ဘယ်ဟာ ဘယ်လိုကွာလဲဆိုတော့ ဆရာ့ဘာသာ ထွက်စာတင်ရင်တော့ ရသင့်ရထိုက်တဲ့ ပင်စင်ခံစားခွင့်တွေ ရှိတာပေါ့ဗျာ။ ကျွန်တော်ပင်စင်အတွက် လာတာမဟုတ်ဘူး။ ပင်စင်လည်း ဂရုမစိုက်ဘူး။ ပင်စင် သန်းချီပေးလည်း ကျွန်တော်မယူဘူး။ ကျွန်တော် အမှန်တရားအတွက် ရပ်မှာ။ ကျွန်တော့် အဆုံးအဖြတ်ကို လက်ခံမှ ၁၈ ရက်နေ့ နောက်ဆုံးအကြောင်းပြန်မယ်။ ၁၈ ရက်နေ့ ကျတော့ ကျွန်တော်က အုပ်ချုပ်ရေးပိုင်းမှာ အားနည်းခြင်း၊ ပေါင်းစပ်ညှိနှိုင်းတဲ့ နေရာမှာ အားနည်းခြင်းဆိုတဲ့ အကြောင်းတွေကို ၀န်ကြီးနဲ့ငြိတဲ့ အချက်သုံးချက်နဲ့ နိုင်ငံအတွက် ကာကွယ်သင့်ကာကွယ်ထိုက်တဲ့ မြေတွေကို ကာကွယ်ခဲ့တဲ့အတွက် ဒီလိုမျိုးဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ထည့်ရေးပြီးတော့ ဒီလို အကြောင်းတွေကြောင့် ကျွန်တော်သည် ကျွန်တော့်မှာ အပြစ်လုံးဝမရှိဘူး။ အပြစ်မရှိတာကို အပြစ်ရှိသယောင်နဲ့ ထွက်စာတင်ပြီးတော့ ထွက်မယ်ဆိုရင် ကျွန်တော့်သမိုင်း လိပ်ပြာမသန့်ဘူး။ အမှန်တရားအတွက် ကျွန်တော် နောက်ဆုတ်ပေးရာ ကျတယ်။ ကျွန်တော်က အမှန်တရားကို လက်ကိုင်ထားတယ်။ ယခု အထိ ဘာမှအမှား မလုပ်သေးဘူး။ အကျင့်ပျက်ခြစားမှု မရှိဘူး။ လာဘ်ပေးလာဘ်ယူလည်း မရှိဘူး။ ဒီဟာနဲ့ပတ်သက်လို့ သမ္မတ ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါမယ်လို့ မနေ့က ရေးလိုက်တယ်ဗျာ။ ၃ နာရီခွဲလောက် တင်လိုက်တာ မနက်အစောကြီး သတင်းစာထဲမှာ အခုလို ဗြုတ်စဗျင်းတောင်းကြီးပဲ အံ့သြလောက်စွာ ပါလာတာဖြစ်တယ်။ ဒါသည် ကျွန်တော့်ဘက်က ထုချေခွင့် ရှင်းလင်းခွင့်မရှိဘူး။ မရှိဘဲနဲ့ တစ်ယောက်သောသူရဲ့ပြောဆိုချက်နဲ့ ဆုံးဖြတ်တာဖြစ်တဲ့အတွက် မမျှတဘူး။ တရားမျှတမှု မရှိဘူး”ဟု ဒေါက်တာ ထွန်းဝင်းက ပြောကြားသည်။
ထို့ပြင် ဒေါက်တာထွန်းဝင်းအား ရာထူးမှ ရပ်စဲခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် Facebook စာမျက်နှာများတွင် လူအများက ဒေါက်တာထွန်းဝင်းအား ထောက်ခံကြောင်း ရေးသားခဲ့ကြပြီး ဒေါက်တာထွန်းဝင်းအနေဖြင့် အပြောင်းအလဲအတွက် တောင်သူများအတွက် လက်တွေ့အပြောင်းအလဲဖြစ်မည့် ကိစ္စများကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်များကို ညွှန်ချုပ်မှ ကန့်ကွက်သည့်အတွက် ၀န်ကြီးက ပယ်ချခြင်းဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်ဆိုကာ ထွက်ခိုင်းခြင်းမှာ မည်သူက မပြောင်းလဲချင်သည်ကို လေ့လာသင့်ကြောင်းနှင့် တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရကြောင်း စသည့် ရေးသားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒေါက်တာထွန်းဝင်း ရပ်တည်ချက်ကတော့ ပြတ်သားတယ်လေ။ သူကျွမ်းကျင်ပြီးတော့ သူလုပ်နိုင်တဲ့ဟာကို ပြတ်ပြတ်သားသား လုပ်ဖို့အတွက် သူ ဒီနေရာကို လိုလိုလားလား လက်ခံပြီး ၀င်လုပ်တယ်ဗျာ။ လုပ်တဲ့အခါမှာ တကယ်တမ်း သူလုပ်ချင်တဲ့ဟာ သူသိ မြင်ထားတဲ့ သူတတ် သိထားတဲ့ဟာတွေနဲ့ တိုင်းပြည်အကျိုး လုပ်လို့မရဘူးဆိုရင် သူ အလုပ်မဖြစ်တဲ့နေရာတွေ သူမကျွမ်းကျင်တဲ့ နေရာတွေ ဟိုပို့၊ ဒီပို့လုပ်မယ်ဆိုရင် ဒါထွက်မှာပဲ။ နိုင်ငံတကာမှာလည်း တချို့ဝန်ကြီးတွေ၊ အနောက်တိုင်းနိုင်ငံတွေဆို ပိုပြတ်သားတယ်လေ။ သူတို့သဘောထား အစိုးရအဖွဲ့က သဘောမတူဘူးဆိုရင် သူတို့ဘာသာ နုတ်ထွက်လိုက်တယ်။ အခုဟာက ဒေါက်တာထွန်းဝင်းကတော့ နုတ်မထွက်နိုင်ဘူး။ ဒီနေရာမှာဆိုရင် သူလုပ်မယ်။ ဟိုပြောင်း ဒီပြောင်း လုပ်တာကို သူမလုပ်နိုင်ဘူးပေါ့နော်။ သူမှားတယ်လို့ မယူဆဘူး။ အဲဒီလို ပြတ်ပြတ်သားသား လုပ်တာအတွက် ဒေါက်တာထွန်းဝင်း ကို ချီးကျူးတယ်။ တစ်ဖက်က ဒါမျိုးကို ဒီလို ထုတ်ချင်လို့ ထုတ်လိုက်တာ ဒါသတင်းအရပါ။ သူကျွမ်းကျင်တာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး မပြုနိုင်ဘူး။ ဒါကို သူ့ဘက်က မှန်မှန်ကန်ကန် ရပ်တည်တာကို အလွယ်တကူပေါ့ဗျာ။ သူတို့ သဘောမကျလို့ ဖြုတ်လိုက်တာမျိုးကတော့ လုံးဝမဖြစ်သင့်ဘူးဗျာ”ဟု တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ရန်းက ပြောကြားသည်။
ဒေါက်တာထွန်းဝင်းအား ဒုတိယ၀န်ကြီးအဖြစ် ၂၀၁၆ ခုနှစ် မေ ၂ ရက်တွင် စတင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရာထူးသက်တမ်းမှာ ခြောက်လကျော်သာ ရှိသေးသည်။
ဒုတိယတာဝန်မှ ရပ်စဲခံရသည့်အတွက် NLD ပါတီအပေါ် ဒေါက်တာထွန်းဝင်းက “လူထုပါတီဆိုတော့ အခုထိလည်း လူထုကို ကိုယ်စားပြုတဲ့ပါတီဖြစ်တော့ လူထုတွေက လက်သန်းလေးနဲ့ ရွေးထားတယ်ဆိုတော့ တန်ဖိုးထားဆဲပါဗျ။ ပါတီကြီး မပြိုကွဲအောင်တော့ ကျွန်တော်တို့တွေ ထိန်းသိမ်းရမှာပေါ့။ ကျွန်တော့်ကြောင့်ဖြစ်လို့ ဒါကြီး ပြိုကွဲသွားတာတော့ မလိုလားဘူးဗျ။ ကျွန်တော်ကလည်း ကျွန်တော့်ဟာနဲ့ အမှန်ကြိုက်တဲ့ပရိသတ် ရှိတာပေါ့။ ဒီပရိသတ်ရဲ့ဒဏ်၊ ဒီပရိသတ်ရဲ့ တောင်းဆိုမှု၊ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေကို သူတို့ ဖြေဖို့လိုတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို ကျွန်တော် မတင်ပြချင်တော့ပါဘူး။ တင်ပြလိုချင်တဲ့စိတ် မရှိတော့ပါဘူး” ဟု ပြောကြားသည်။
ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တွင် “နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီးတစ်ဦးဦး အား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်”ဟု ပြဋ္ဌာန်းထားသည်။

No comments:

Post a Comment