Tuesday, November 29, 2016

တိုက်ပွဲကြောင့် ရှမ်းနှစ်ကူး မကျင်းခွင့်မရသော်လည်း ပွဲတော်အတွက် စုဆောင်ထားသည် အရာများကို အကျိုးရှိသည့် နေရာတွင် အသုံးပြုရန် SNLD မှ ဦးခွန်ထွန်းဦးက တိုက်တွန်း

တိုက်ပွဲများကြောင့် ရှမ်းနှစ်သစ်ကူး ကျင်းပခွင့်မရသည့် ရှမ်းတိုင်းရင်းသား များ အနေဖြင့် ပွဲတော်အတွက် စုဆောင်းထားသည်များကို အကျိုးရှိသည့် နေရာတွင် အသုံးပြုရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်- SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တိုက်တွန်းလိုက်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သည့် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားနှင့် ပတ်သက်သည့် ဦးခွန်းထွန်ဦး၏ သ၀ဏ်လွှာတွင် ထည့်သွင်း ပြောသွားခြင်းဖြစ်သည်။ သ၀ဏ်လွှာထဲတွင် ရှေးဦးစွာ ရှမ်းနှစ်ဟိုင်ဆန် (မျောက်နာမ် နှစ်) ရှမ်းသက္ကရာဇ် ၂၁၁၀ ကုန်ဆုံးပြီး သကာလ ရှမ်းနှစ် မိန်းဟောဝ့် (ကြက်နာမ်နှစ်) ရှမ်းသက္ကရာဇ် ၂၁၁၁ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် ဒေသအသီးသီးတွင် နေထိုင်ကြသည့် ရှမ်းတိုင်ရင်းသား လူမျိုးများ အားလုံးငြိမ်းချမ်းခြင်း တိုးတက်ခြင်းများနှင့် အတူ စီးပွား လာဘ်လာဘများ တိုးပွားအောင်မြင်စေရန် ဆုတောင်းထားသည်။

နိုင်ငံရေး အခြေအနေ မတည်မငြိမ်မှု အကြောင်းအမျိုးမျိုးကြောင့် ယခုနှစ်တွင် ကျရောက်သည့် ရှမ်းနှစ်သစ်ကူး ရိုးရာပွဲတော်အား ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရွှေလီမြစ်ဝှမ်း လွင်ပြင်ဒေသများ တွင် ခမ်းနားကြီးကျယ်စွာ မကျင်းပနိုင်သည့်အတွက် ၀မ်းနည်းကြောင်း ဆိုသည်။ သို့သော်လည်း အဆိုးအထဲမှ အကောင်းမှတ်ယူကာ ပွဲတော်အတွက် စုဆောင်းထားသည်များကို အကျိုးရှိသည့်နေရာတွင် အသုံးပြုရန် တိုက်တွန်းထားသည်။
ဦးခွန်ထွန်းဦးက “နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုအကြောင်း အမျိုးမျိုးကြောင့် ယခုနှစ် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ် ကူးပွဲတော်ကို အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းရှိ ထုန့်မောဝ် ဟုခေါ်သော ရွှေလီမြစ် ၀ှမ်းလွင်ပြင် ဒေသတွင် ခမ်းနားကြီးကျယ်စွာနှင့် လွတ်လပ်ပျော်ရွင်စွာ ကျင်းပနိုင်ခြင်း မရှိသည်ကို အလွန်ဝမ်းနည်းမိပါ သည်။
မည်သို့ပင်ဆိုစေကာမူ အဆိုးထဲမှ အကောင်းမှတ်ယူသကဲ့သို့ နှစ်သစ်ကူး ပွဲတော် မကျင်းပဖြစ်သော်လည်း ပွဲအတွက် စုဆောင်းထားသော ငွေကြေး ဆန်စပါး ပစ္စည်းများကို အမျိုးသားရေး အထောက်အကူပြု လုပ်ငန်းများ မျိုးဆက်သစ် လူငယ်များ၏ ပညာရေး တိုးတက်ရေး လုပ်ငန်းများ တွင် ထောက်ပံ့ကူညီသုံးစွဲနိုင်ပါတယ်”ဟု ဆိုထားသည်။
ဆက်လက်ပြီး ပွဲတော်ကျင်းပ ခွင့်ရသည့် အချိန်ကာလတွင် ပျော်ရွှင်စွာ ကျင်းပခွင့်ရခဲ့ပြီး ပွဲတော်ကျင်းပရန် အခြေအနေ မပေးသည့် အခါမျိုးတွင် ရှမ်းတိုင်းရင်းသားများ အနေဖြင့် တစ်ဦးနှင့် တစ်ဦး စည်းလုံးညီ ညွတ်ကာ ဘေးအန္တရာယ်များ ကင်းဝေစေရန် စုပေါင်း ကာကွယ်ကြ ရန်လည်း တိုက်တွန်းထားသည်။
ဦးခွန်ထွန်းဦးက “ပွဲတော်ကျင်းပခဲ့ကြစဉ် ကလည်း ပျော်ပျော်ပါးပါး ပါဝင်ခဲ့ကြပြီးပါပြီ ယခုအခါ ပွဲတော်ကျင်းပရန် အခြေအနေ မပေးသည့်အခါ တွင်လည်း စည်းလုံး ညီညွတ်စွာဖြင့် ဘေးအန္တရာယ်ကင်းစေရန် စုပေါင်းကာကွယ်ကြပါ” ဟု ဆိုသည်။
အဆုံးတွင် ရှမ်းနှစ်သစ်ကူး အခါသမယတွင် ရှမ်းတိုင်းရင်းသားများ အနေဖြင့် ကောင်းမွန်သည့် အတွေးအခေါ်များဖြင့် အယူအဆများ ကို ပြောင်းလဲကြပြီး ရှမ်းတိုင်းရင်းသား အဖွဲ့အစည်း အသီးသီး စည်းလုံး ညီညွတ်စွာ ရပ်တည်နိုင်ကြရန် ဆုတောင်းပဌာနာ ပြုထားကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
စိုင်းဟန်
The Ladies News

No comments:

Post a Comment