Wednesday, November 23, 2016

TNLA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ မန်တုံမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်အတွင်းတွင် TNLA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ နိုဝင်ဘာလ ၂၀ ရက်နေ့က တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရပါသည်။  “ TNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၅၇၇ နဲ့ RCSS/SSA အဖွဲ့တွေ ကျွန်တော်တို့ ရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်၊ တိုက်ပွဲဖြစ်တာ အတော်လေး ကြာတယ်၊ နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြတယ်၊ ရွာတွေဘက်ကိုတော့ ထိခိုက်တာမရှိပါဘူး၊ ရွာသားတွေတော့ အပြင်သွားမရဖြစ်တာပေါ့၊ မနက် ၆ နာရီကျော်လောက် ကတည်းက ဖြစ်နေတာ၊ ညနေ ၄ နာရီကျော်လောက်မှာ တိုက်ပွဲ တွေရပ်သွားတယ်၊ TNLA ဘက်က လက်နက် ခဲယမ်းတွေ တော်တော်များများဆုံးရှုံးပြီး၊ အခုတိုက်ပွဲမှာ TNLA အဖွဲ့က အကျများတယ်လို့ သိရတယ်၊ အခြားကျေးရွာတွေ ဘက်မှာလည်း RCSS/SSA အဖွဲ့တွေနဲ့ တိုက်ပွဲတွေအဆက်မပြတ်ဖြစ်နေတယ်လို့သိရတယ်၊ တိုက်ပွဲတွေအဆက်မပြတ်ဖြစ်လာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာမှုပိုများလာတယ်”ဟု မန်ကလားကျေးရွာသား တစ်ဦးမှ ပြောပါသည်။

မန်နားရွာသားတစ်ဦးကလည်း “ TNLA အဖွဲ့နဲ့ RCSS/SSA အဖွဲ့တွေ တစ်ရက်တည်း တိုက်ပွဲတွေ ၅ ကြိမ်ဖြစ် တယ်လို့ ကြားသိရတယ်၊ တိုက်ပွဲတွေက နေရာအနှံ့လိုလို ဖြစ်နေတယ်၊ တိုက်ပွဲတွေ ဖြစ်နေတော့ ကျွန်တော်တို့ ဒေသခံရွာတွေကတော့ စစ်ရဲ့ဆိုးကျိုးကို ဆိုးဆိုးဝါးဝါးခံစားရတယ်၊ အခုလည်း ရွာအနီးမှာ တိုက်ပွဲဖြစ်နေတော့ ကျွန်တော်တို့ရွာသားတွေက ဘာမှ လုပ်ကိုင်ရတာအဆင်မပြေတော့ဘူး၊ အကြောင်းအမျိုးမျိုးနဲ့ မြို့ပေါ်သွားဖို့ တောင် တိုက်ပွဲတွေဖြစ်နေလို့ မသွားရဲဘူး ဖြစ်နေတယ်၊ တိုက်ပွဲတွေ ရပ်စေချင်တယ်၊ အေးချမ်းစွာနေထိုင်ချင် တယ်”ဟု ပြောသွားပါသည်။
ရှမ်းမြောက်ကို စစ်မီးတောက်အောင် လုပ်နေတာဟာ TNLA အစွန်းရောက် သောင်းကျန်းသူအဖွဲ့ပါ၊ သူတို့အဖွဲ့ စစ်မီးတွေ မွှေးခဲ့လို့ အခုအချိန်ထိ တိုက်ပွဲတွေဖြစ်နေတုန်းပဲ၊ ဒီအဖွဲ့သာ ပညာရှိ၊ သတိရှိရှိနဲ့ လုပ်ဆောင်သွား မယ်ဆိုရင် ကျွန်တော်တို့ရှမ်းမြောက် ဟာ အေးအေးချမ်းချမ်းဖြစ်နေပြီ၊ ဒီထက်ပိုဆိုတာက နိုဝင်ဘာ ၂၀ ရက်က မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ မူဆယ်ဒေသကို KIA၊ MNDAA အဖွဲ့တွေနဲ့ပေါင်းပြီး ၀င်တိုက်တာ အဆိုးဆုံးပဲ၊ လမ်းတွေဖျက်၊ တံတားတွေဖျက်တယ်၊ မြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ ဘယ်သူတွေ ထိခိုက်မှုရှိခဲ့သလဲ၊ ဒေသ ခံပြည်သူတွေ ပဲ ထိခိုက်နစ်နာခဲ့တယ်၊ လမ်းတွေ၊ တံတားတွေ ဖျက်လိုက် တဲ့အတွက် ဒေသခံပြည်သူတွေနဲ့ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေပဲ သွားလာရေးထိခိုက်ခဲ့တယ်၊ TNLA အဖွဲ့အနေနဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးကို မဆောင်ရွက်ပေးတဲ့အပြင် ဒေသခံတွေ သွားလာနေတဲ့ လမ်း၊ တံတားတွေကို မဖျက်ဆီးသင့်ကြောင်း မန်တုံမြို့ခံ စီးပွားရေးလုပ်ငန်းရှင်းတစ်ဦးမှ ပြောကြားသွားပါသည်။
စိုင်းသီဟ

No comments:

Post a Comment