Saturday, November 19, 2016

ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေအဆင့်မှ ဇီကာရောဂါကို WHO အဆင့်လျှော့ချ

ကလေးမွေးဖွားရာတွင် ဦးနှောက်နှင့် ဦးခေါင်းအရွယ်အစားသေးငယ်မှုဖြစ်စဉ်များနှင့် ဆက်စပ်မှု ရှိနေသော ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နြှံ့ဖစ်ပွားနေမှုသည် စိန်ခေါ်မှုတစ်ခုအနေဖြင့် ကပ်ရောဂါတစ်ခုအသွင်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေမှ အဆင့်လျှော့ချလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့တွင်ကြေညာလိုက်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်သော်လည်း ရောဂါစတင်ပျံ့နှံ့ခဲ့သည့် ဘရာဇီးနိုင်ငံတွင် ရောဂါဖြစ်ပွားနိုင်မှုကို အဆင့်လျှော့ချရန် ကျွမ်းကျင်သူများက ငြင်းဆန်ခဲ့ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အရေးပေါ်ကော်မတီ ဥက္ကဌ ဒေါက်တာ ဒေးဗစ် ဟေးမန်းက "ဇီကာဗိုင်းရပ်စ်ပိုးဟာ သိသာထင်ရှားပြီးတော့ ကာလရှည်ပြဿနာတစ် ရပ်အနေနဲ့ ဆက်လက်ကျန်ရှိနေဦးမှာဖြစ်ပါတယ်၊ ဒါပေမယ့် နိုင်ငံတကာကနေ စိုးရိမ်နေတဲ့ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေတော့ မဟုတ်တော့ပါဘူး" ဟု ပြောကြားသည်။ ဇီကာဗိုင်းရပ်စ်ပိုး ကြောင့် ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ဦးနှောက်နှင့် ဦးခေါင်းအရွယ်အစားသေးငယ်သော ကလေးငယ်များကို မွေးဖွားစေနိုင်သည့်အပြင် ရောဂါပိုးကူးစက်ခံရသည့် အရွယ်ရောက်သူများအနေဖြင့် လေဖြတ်ခြင်းနှင့် သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည်ဟုသိရသည်။ ဇီကာရောဂါသည် ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁.၅ သန်းကျော်ကူးစက်ခံခဲ့ရကာ ကလေးငယ် ၁၆၀၀ ကျော်မှာ ဦးခေါင်းသေးငယ်သည့်အနေအထားဖြင့် မွေးဖွားလာခဲ့ကြကြောင်း WHO က ဆိုသည်။
Ref:AFP

No comments:

Post a Comment