Thursday, December 1, 2016

မြန်မာနိုင်ငံသားများ စင်ကာပူနိုင်ငံသို့ သွားရောက်ရာတွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန် မလိုအပ်သည့် နှစ်နိုင်ငံဗီဇာ ကင်းလွတ်ခွင့် ယနေ့စတင်

မြန်မာနိုင်ငံသားများ စင်ကာပူနိုင်ငံသို့ သွားရောက်ရာတွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန် မလိုအပ်သည့် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်မှာ ယနေ့ (ဒီဇင်ဘာ ၁ ရက်) တွင် စတင်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်က မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည့် စင်ကာပူဝန်ကြီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးနှင့် စင်ကာပူနိုင်ငံ သံအမတ်ကြီးတို့နှစ်ဦး သည် မြန်မာနှင့် စင်ကာပူနိုင်ငံများမှ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအချင်းချင်း ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့် သဘောတူညီချက် စာချွန်လွှာအား လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်အရ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် စတင်မည်ဖြစ်ပြီး နေထိုင်ခွင့်မှာ ရက်ပေါင်း ၃၀ ဖြစ်သည်။

မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရရှိထားသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံသည် နေထိုင်ခွင့်ကာလ အများဆုံးပေးသည့် နိုင်ငံတစ်ခု ဖြစ်သည်။လက်ရှိတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် မလေးရှားနိုင်ငံ တစ်နိုင်ငံတည်းသာ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရရှိရန် ကျန်ရှိနေပြီး ကျန်နိုင်ငံများအားလုံးနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရရှိထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖီလစ်ပိုင်၊ ဘရူနိုင်း စသည့် နိုင်ငံများမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ဗီဇာလျှောက်ထားရန် မလိုဘဲ ၀င်ထွက်သွားလာခွင့်အား ရရှိထားပြီး နေထိုင်ခွင့်ကာလမှာ ရက်ပေါင်း ၁၄ ရက် ရရှိထားပြီး သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ရရှိထားသူများမှာ နေထိုင်ခွင့်ကာလ ရက်ပေါင်း ၃၀ ရရှိထားသည်။
မြန်မာ-စင်ကာပူနှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် ရမည့် ဒီဇင်ဘာ ၁ ရက်မှစ၍ Silk Air နှင့် စင်ကာပူလေကြောင်းလိုင်း ခရီးသည်များ ယခင် ခံစားခွင့်မရသည့် အထူးအခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။
Silk Air နှင့် စင်ကာပူလေကြောင်းလိုင်းများမှ ပေးအပ်သည့် အဆိုပါ အထူးအခွင့်အရေးများသည် ယခင်က စင်ကာပူနိုင်ငံသို့ သွားရောက်ရန် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန် လိုအပ်သည့် မြန်မာနိုင်ငံသားများ ရရှိခြင်းမရှိခဲ့ဘဲ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရရှိချိန်မှသာ စတင်ရရှိခြင်း ဖြစ်သည်။
Writer: ရွှန်းလဲ့ဝင်း

No comments:

Post a Comment