Thursday, December 1, 2016

စိန်ခေါ်မှုများကို မကြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

 ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုထက် ဘာမျှပိုအရေးမကြီးဘဲ  ယင်းကိုရရှိအောင်မြင်ရန်ဖြစ်နိုင်ကြောင်းမြန်မာက ကမ္ဘာကို ပြသလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၃၀ရက်တွင် ပြောကြားသည်။ စင်ကာပူသို့ သုံးရက်ကြာရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၃၀ရက်၌ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတည်ခင်းဧည့်ခံသော တရားဝင်ညစာစားပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ‘‘ကျွန်မတို့ရဲ့နိုင်ငံဟာ စိန်ခေါ်မှုအများကြီးကို ရင်ဆိုင်နေရတယ်ဆိုတဲ့အချက်ကို ကျွန်မ ဘာမှဖုံးကွယ် လျှို့ဝှက်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေကို ကျွန်မတို့ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်အောင် ကျွန်မတို့ကိုကူညီမယ့် နားလည်မှုရှိတဲ့မိတ်ဆွေကောင်းတွေ ကျွန်မတို့မှာ ရှိတယ်လို့ ကျွန်မတို့ယုံကြည်လို့ပါပဲ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



နိုဝင်ဘာ ၃၀ရက်အစောပိုင်း စင်ကာပူအရာရှိများ ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ရေးမှာ ရှောင်လွှဲမရနိုင်သောအရာဖြစ်ကြောင်း ၊ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာစေရန်တည်ငြိမ်မှုလိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုခဲ့သေးသည်။

 စင်ကာပူ ဝန်ကြီးချုပ်၏ညစာစားပွဲ၌ မိန့်ခွန်းပြောရာတွင် ‘‘နောက်ဆုံးမတော့ တကယ့်အလုပ်ကို ကျွန်မနိုင်ငံရဲ့ပြည်သူလူထုကပဲ ပြီးစီးအောင်လုပ်ရမှာပါ။ ဒါပေမဲ့ ကျွန်မနိုင်ငံဟာ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါ တယ်။ စင်ကာပူလည်းပဲ သက်ဆိုင်ပါဝင်တဲ့ကမ္ဘာကြီးပေါ့’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ညီသောဒေသတွင် သက်ဆိုင်ပါဝင်၍ တစ်နိုင်ငံ၌တည်ငြိမ်မှုသည် အခြားတစ်နိုင်ငံ၌တည်ငြိမ်မှုပင်ဖြစ်ကြောင်း ၊ ထို့အတွက် နိုင်ငံများအတွက်သာမက ဒေသတစ်ခုလုံးအတွက် ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုလိုအပ်ကြောင်း ထောက်ပြခဲ့သည်။

‘‘ဒီအတွက် စိတ်ရောကိုယ်ပါ ကျွန်မတို့ရဲ့ မိတ်ဖက်တွေလုပ်ပါလို့ ရှင်တို့ကို ကျွန်မတို့က ဖိတ်ခေါ်ချင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထက် ဘာကမှ ပိုအရေးမကြီးပါဘူး။ ဒီဟာကိုရရှိဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကမ္ဘာကြီးကို ကျွန်မတို့ပြချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘‘ကျွန်မတို့နိုင်ငံ မတည်ငြိမ် တာကို ကျွန်မတို့ မလိုချင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံမှာ စည်းလုံးမှုပျက်ပြား သဘောထားကွဲလွဲမှုက သမိုင်းကြောင်းရှည်ရှိထားပါတယ်။ အဲဒီတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ကျွန်မတို့အတွက် ရှောင်လွှဲမရအရေးကြီးပါတယ်။ အဲဒါဟာ ရွေးချယ်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ရှောင်လွှဲမရတဲ့ဟာပါ။ ကျွန်မတို့နိုင်ငံတိုးတက်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန် လည်သင့်မြတ်ရေးကို ကျွန်မတို့ရရှိအောင်မြင်ရမယ်’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ ငြိမ်းငြိမ်းပြည့်

Ref; CNA

No comments:

Post a Comment