Thursday, December 1, 2016

ခရိုင်းမီးယားအနီး ယူကရိန်း ဒုံးကျည် စမ်းသပ်မှုကို ရုရှားဒေါသထွက်

ခရိုင်းမီးယား ဒေသအနီး ယူကရိန်းက ဒုံးကျည်စမ်းသပ်မည့် အစီအစဉ်က ရုရှားကို အမျက်ဒေါသ ထွက်စေမည့် အလားအလာ ရှိနေကြောင်း သိရသည်။ ရုရှားက ၂၀၁၄ ခုနှစ်တွင် ယူကရိန်းပိုင် ခရိုင်းမီးယားကို ထိန်းချုပ်လိုက်ပြီးနောက် အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ လုံးဝ ပြိုကွဲသွားခဲ့သည်။ ထို့အပြင် နောက်ဆက်တွဲအဖြစ် ရုရှားလိုလားသည့် သူပုန်များနှင့် ယူကရိန်း အစိုးရ တပ်များကြား တိုက်ပွဲများပါ ဆက်လက် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁ ရက်တွင်မူ ယူကရိန်းက ခရိုင်းမီးယား အနီး၌ ၂ ရက်ကြာ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်မည့် အစီအစဉ်ကို အစပြုလာခဲ့သည်။ ထိုကိစ္စက ရုရှားကို လှုံ့ဆော်ရန်စသကဲ့သို့ သက်ရောက်ခဲ့ပြီး ရုရှား၏ လေကြောင်း ကာကွယ်ရေး ယူနစ်များကို အနိုးကြားဆုံးအဆင့် တပ်လှန့်ထားခဲ့သည်။



အဆိုပါ ကိစ္စသည် နှစ်နိုင်ငံကြား သဘောထား ကွဲလွဲမှုများကို တစ်ကျော့ပြန် မြင့်တက်လာစေဖွယ် ရှိနေသည်။ “ကျွန်တော်တို့ကတော့ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးစားနေမှာပဲ။ ဒီအတွက် ဒုံးကျည် စမ်းသပ်မှုတွေ၊ လေ့ကျင့်မှုတွေ လုပ်ကိုလုပ်ရပါမယ်”ဟု ယူကရိန်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး  အိုလက်ဇန္ဒာ တာချီနော့ဗ်က ပြောကြားခဲ့သည်။

တစ်ဖက်တွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်း အနေဖြင့် ခရိုင်းမီးယား အခြေစိုက် ရုရှား ရေပြင်နှင့် မြေပြင်အခြေစိုက် ကာကွယ်ရေး အင်အားစုများကို ရန်စသည့် လုပ်ရပ်မျိုး ကျူးလွန်နေခြင်းဖြစ်ကြောင်း စွပ်စွဲ ထားသည်။

စက်တင်ဘာလ အတွင်းကလည်း ရုရှားသည် တောင်ပိုင်းဒေသတွင် ကြီးမားသည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့ရာ ခရိုင်းမီးယားသို့ပါ ရုရှားတပ်များ ဝင်ရောက်ခဲ့သည်။ ကမ္ဘာ့နိုင်ငံ အများစုက ခရိုင်းမီးယားကို ရုရှား၏ ကျူးကျော်သိမ်းပိုက်မှုနှင့် ပတ်သက်၍ တရားဝင် အသိအမှတ်ပြုခြင်း မရှိဘဲ ယူကရိန်းပိုင် နယ်မြေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။

Ref: Reuters

No comments:

Post a Comment