Thursday, December 1, 2016

တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ မြို့တော်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံအား ဆန္ဒပြရှုတ်ချပွဲသို့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ကိုယ်တိုင် တက်ရောက်ချီတက်မည်

မြန်မာနိုင်ငံမှာရှိသည့် ဘင်္ဂါလီ မွတ်ဆလင်များကို သွေးထွက်သံယို တိုက်ခိုက်မှုအား ဆန္ဒပြသည့် စီတန်းလှည့်လည်ပွဲ၌ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ခ်လည်း ပါဝင်မည်ဟု သူ၏ ရုံးမှ တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ တွင် ပြောကြားလိုက်သည်။ တနင်္ဂနွေနေ့ တွင် ကျင်းပမည့် အဆိုပါချီတက်ဆန္ဒပြပွဲ၌ မလေးရှား နိုင်ငံရေးသမားများ၊ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများနှင့် သည်အရေးကို စိတ်ပူပန်နေကြသူများ ပါဝင်မည်ဟု တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ ပြီးခဲ့သည့် သောကြာနေ့ က မလေးရှားနိုင်ငံက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့သည်။ ရခိုင်မှာဖြစ်ခဲ့သော သွေးထွက်သံယိုမှုများနှင့် ပတ်သက်ပြီး မွတ်ဆလင်အများစုရှိသော မလေးရှားနိုင်ငံက မြန်မာအစိုးရနှင့် တပ်မတော်အား ရှုတ်ချခဲ့သည်။ ထိုအပြုအမူမှာ သူများပြည်တွင်းရေးကို မစွက်ဖက်ဆိုသော အာဆီယံနိုင်ငံများ၏ မူဝါဒကို ဆန့် ကျင်သည့် ပုံမှန်နှင့် မတူသည့် ပြစ်တင်ဝေဖန်မှုဖြစ်သည်။

“ဒီဇင်ဘာလ ၄ ရက်နေ့ မှာ လုပ်မယ့် စုရုံးချီတက်မှုက ဘင်္ဂါလီတွေအပေါ် လုပ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရဲ့စိုးရိမ်မှုတွေကို ပြတာပါ" ဟု မလေးရှားဒုဝန်ကြီးချုပ် ဆာဟတ်ဟာမဒီက ပြောကြားခဲ့သည်။
စင်ကာပူ အမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသုတေသီ ချွန်ဂျာဟမ်က သည်လိုချီတက်ပွဲမျိုးတွင် ဝန်ကြီးချုပ်နာဂျစ်က ပါဝင်မည်ဆိုသည်မှာ ထူးဆန်းကြောင်း ပြောကြားသည်။
“ပြီးခဲ့တဲ့ နှစ် ရွှေ့ပြောင်းအခြေချသူတွေ ပဋိပက္ခမှာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှားက ဘယ်ဘက်ကမှ မပါခဲ့သလို ဒီအဆင့်အထိလည်း မရောက်ခဲ့ပါဘူး" ဟု သူကဆိုသည်။
တူရကီ Ipek တက္ကသိုလ်မှ မလေးရှား နိုင်ငံရေးကျွမ်းကျင်သူ မစ္စက်ဘရစ်ဂျစ်ဝီလ်ေစ်က ယခုကဲ့သို့  ဘင်္ဂါလီအရေးနှင့် စုရုံးချီတက်ခြင်းသည် မလေးရှားခေါင်းဆောင်များ၏ နိုင်ငံရေးလေ့ကျင့်ခန်း ပြကွက်တစ်ခု သက်သက်ဖြစ်သည်ဟု ဆိုသည်။
"သူတို့ နိုင်ငံတွေမှာ ဆုံးရှုံးနေကြတဲ့ အစ္စလာမ်မစ် လူမျိုးအစဉ်အလာ သိက္ခာကို ဒီခေါင်းဆောင်တွေက အသဲအသန် ရယူဖို့ ကြိုးစားနေတာ"
ဘင်္ဂါလီ မွတ်ဆလင်များကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟူသော စွဲချက်များကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရသစ်က ငြင်းဆိုထားသည်။
လင်းလင်း

No comments:

Post a Comment