Friday, December 2, 2016

ဘရာဇီးဘောလုံးအသင်း လေယာဉ်ပျက်မကျမီ အကူအညီတောင်းခဲ့သည့် လေယာဉ်မှူးအသံဖိုင် ထွက်ပေါ်

ဘရာဇီးဘောလုံးအသင်းတသင်းဖြစ်တဲ့ ချာပက်ကိုအန်ဆီ (Chapecoense) အသင်းက ဘောလုံးသမားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက် ညပိုင်းက လေယာဉ်မတော်တဆ ပျက်ကျမှုမှာ ပါဝင်ခဲ့ပြီး သေဆုံးခဲ့ကြရပါတယ်။ အဲဒီသွေးပျက်ဖွယ်အခိုက်အတန့်မှာ လေယာဉ်မှူးရဲ့ အကူအညီတောင်းခံခဲ့တဲ့ အသံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ မီဂွဲလ်အလက်ဂျန်ဒရို ကွီရိုဂါ မူရာကာမိဟာ လာမီယာလေယာဉ် ၂၉၃၃ ကို မောင်းနှင်ခဲ့သူ လေယာဉ်မှူးဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တွေဟာလည်း ၀မ်းနည်းပူဆွေးနေခဲ့ကြပါတယ်။ေ လယာဉ်မှူးရဲ့ အသံဖမ်းစက်ကတဆင့် ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ လေယာဉ်မှာ လျှပ်စစ်ပိုင်းဆိုင်ရာ ပြဿနာတခုနဲ့ ရင်ဆိုင်ခဲ့ရပြီး လေယာဉ်ဆီပြတ်လပ်မှုကြောင့် ဆင်းသက်ခွင့် အကြိမ်ကြိမ်တောင်းခံခဲ့တဲ့ အသံဖိုင်တွေ ထွက်ပေါ်လာခဲ့တာပါ။



ဒါပေမယ့် ထိန်းချုပ်စခန်းဘက်က ရေဒါဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး ဘာမှ ဆက်မလုပ်နိုင်ခဲ့ဘူးလို့ မေရာသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဧရိယာအတွင်း ပျံသန်းဇုန်မှာ ရှိနေခဲ့တဲ့ လေယာဉ်မှူးတဦးကတော့ သူဟာ မီဂွဲလ်မောင်းနှင်လာတဲ့ လေယာဉ်ဆီက “ဆီမလုံလောက်တော့ဘူး။ ကူညီကြပါ၊ ငါတို့လေယာဉ် အောက်ကိုဆင်းနေပြီ” ဆိုတဲ့ အသံတွေကို ရေဒီယိုလှိုင်းမှတဆင့် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ချာပက်ကိုအန်ဆီဘောလုံးအသင်းဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကိုလံဘီယာနိုင်ငံ မယ်ဒလင်းမြို့အခြေစိုက် အက်လက်တီကို နေရှင်နယ် (Atletico Nacional) အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ကိုလံဘီယာနိုင်ငံကို ထွက်ခွာလာခဲ့ချိန်မှာ ခုလို ကြုံခဲ့ရတာပါ။

ကျန်ရှိနေတဲ့ လေယာဉ်မှူးရဲ့ မိသားစုဝင်တွေထဲက ဆွေမျိုးတဦးဖြစ်တဲ့ ဒဲန်းနစ်စ် ပင်တိုက “ဒီကနေ့မှာတော့ ကျနော်တို့ တအိမ်လုံးရဲ့ လေထုထဲမှာ ၀မ်းနည်းမှုတွေ လွင့်ပျံ့နေတာပါ။ ခုထိကို ကျနော်တို့ မယုံနိုင်သေးဘူးဗျာ။ မီဂွဲလ်ဟာ တခြားအမှုထမ်းတွေအတွက်ရော၊ ခရီးသည်တွေအတွက်ပါ တတ်နိုင်သမျှကယ်တင်မှာပဲလို့ ကျနော်တို့ သိနေပါတယ်။ သူ့ရဲ့ ဖြတ်သန်းမှုတလျှောက်မှာ လေယာဉ်မောင်းအတွေ့အကြုံတွေနဲ့ ဘိုလီးဗီးယားလေတပ်တွင်း အတွေ့အကြုံတွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်” လို့ ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၅ နှစ်ကမှ လေတပ်တာဝန်မှ အနားယူခဲ့ပြီး ပုဂ္ဂလိကလေကြောင်းလိုင်း လေယာဉ်မှူးတဦး ဖြစ်လာခဲ့သူပါ။

လက်ရှိမှာတော့ လေယာဉ်ပေါ်ပါ ပျံသန်းမှုမှတ်တမ်းသေတ္တာကို ဆက်လက်စုံစမ်း စစ်ဆေးမှုတွေကို လုပ်ဆောင်နေတာပါ။

ကစားသမားတွေ၊ သတင်းသမားတွေနဲ့ လေယာဉ်အမှုထမ်းတွေ အပါအ၀င် လူ ၈၁ ဦး တင်ဆောင်လာတဲ့ ဒီလေယာဉ်ပျက်ကျမှုမှာ နိုဝင်ဘာ ၃၀ ရက် မနက်အထိ သေဆုံးသူ ၇၈ ဦးရှိပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဒဏ်ရာရသူတွေထဲက ၃ ဦး သေဆုံးသွားပြီလို့ သိရပါတယ်။

No comments:

Post a Comment