Friday, December 2, 2016

ရေနံထုတ်လုပ်မှု လျှော့ချရန် အိုပက်ရေနံထုတ်လုပ်မှုအဖွဲ့ ပထမဆုံးအကြိမ် သဘောတူ

ကမ္ဘာ့ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ အိုပက်ရေနံထုတ်လုပ်မှုအဖွဲ့ကြီးက ၈ နှစ်အတွင်း ပထမဆုံးအကြိမ် သဘောတူညီမှု ရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့က သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ အိုပက်ထိပ်သီးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေက အခုလို ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ သဘောတူခဲ့ကြအပြီး ကမ္ဘာ့ရေနံဈေးတွေ ထိုးတက်ခဲ့ပါတယ်။ လက်ရှိ အိုပက်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကာတာရေနံဝန်ကြီးက လက်ရှိ တရက်ကို ရေနံစည် ၃၃ သန်းခွဲကျော် ထုတ်လုပ်နေတာကနေ လာမယ့် ဇန်န၀ါရီလကစပြီး စည် ၁ ဒသမ ၂ သန်း လျှော့ချသွားမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး ကမ္ဘာ့ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ အဖွဲ့ဝင်နိုင်ငံတွေကြား ညှိမရခဲ့တဲ့အတွက် ရေနံဈေးဟာလည်း တ၀က်ကျော်လောက် ကျဆင်းခဲ့တာပါ။



အခုလို သဘောတူညီမှုအပြီး Brent ရေနံဈေးနှုန်းက ၁၀ ရာခိုင်နှုန်းနဲ့ အမေရိကန်ရေနံဈေးနှုန်း ၉ ရာခိုင်နှုန်း ထိုးတက်သွားပါတယ်။

ရုရှားနိုင်ငံလို အိုပက်အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေလည်း တရက်ကို ရေနံစည် ၆ သိန်း အထိ လျှော့ချဖို့ မျှော်လင့်ရတယ်လို့လည်း ကာတာရေနံဝန်ကြီးက ပြောဆိုပါတယ်။

ဘယ်နိုင်ငံက ဘယ်လောက်လျှော့ချမယ်ဆိုတာကို မပြောပေမယ့် ရုရှားနိုင်ငံကတော့  တရက်ကို ရေနံစည် ၁၀ သန်းကျော် ထုတ်လုပ်နေတာကနေ ၃ သိန်း လျှော့ချမယ်လို့ ပြောပါတယ်။

ဒီညီလာခံမတိုင်ခင် ကမ္ဘာ့ရေနံထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားနဲ့ ပြိုင်ဘက် အီရန်နိုင်ငံတို့အကြား ဆက်လက်အငြင်းပွားနေကြမလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိခဲ့ကြပါတယ်။

အိုပက်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရေနံထုတ်လုပ်မှုဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၄၃ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

No comments:

Post a Comment