Thursday, December 1, 2016

"သိန်း ၁၀၀ နဲ့ ၁၂၀ ကြား တန်ဖိုးနည်း အိမ်ယာဝယ်လိုသူတွေ လျှောက်လို့ရပြီ"

ဒါကတော့ ရန်ကုန်မြို့မှာတည်ဆောက်လျက်ရှိတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေပဲဖြစ်ပါတယ်။တည်ဆောက်ပြီးစီးတဲ့ တန်ဖိုးနည်း အိမ်ရာတွေထဲက အခန်း ၆၀၀ ကျော်ကို စတင်ရောင်းချတော့မှာဖြစ်ပြီး  လာမယ့်ဒီဇင်ဘာ ၁၈ ရက်နောက်ဆုံးထားကာ လျှောက်ထားဝယ်ယူမှုတွေ ဆောင်ရွက်နိုင်တယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက သတင်းတွေအရ သိရပါတယ်။ ရွှေလင်ဗန်း၊ ကနောင်၊ ယုဇန စတဲ့နေရာတွေက ဆောက်လုပ်ရေးဝန်ကြီးဌာန ခွဲတမ်းဖြစ်တဲ့ တန်ဖိုးနည်းအိမ်ရာအခန်း ၆၀၀ ကျော်ကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဘဏ်ချေးငွေနဲ့ အရစ်ကျပုံစံရောင်းချပေးသွားမှာပါ။ လျှောက်လွှာတွေကိုတော့ ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ စုံစမ်းဝယ်ယူ လျှောက်ထားနိုင်ပြီး နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဝယ်ယူလိုသူတွေအနေနဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ဘဏ်စာအုပ်အကောင့်ဖွင့်လှစ်ထားသူဖြစ်ရမှာဖြစ်ပြီး အခန်းတန်ဖိုးရဲ့
၃၀ ရာခိုင်နှုန်းငွေသွင်းထားပြီးဖြစ်သူတွေကို အဓိကရောင်းချပေးသွားမှာပါ။
ဝယ်ယူခွင့်ဟာ ရှစ်နှစ်အရစ်ကျပုံစံနဲ့ ငွေပေးသွင်းရမှာဖြစ်ပြီး အခန်းတွေကတော့ ကျပ်သိန်း ၁၀၀ ကနေ သိန်း ၁၂၀ ခန့် ရှိတာဖြစ်ပါတယ်။
လက်ရှိရောင်းချမယ့်အခန်းတွေဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်အခန်းတွေကို ရောင်းချတာဖြစ်ပြီး ကျန်တဲ့အခန်း ၃,၃၀၀ ကျော်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ ရောင်းချဖို့စီစဉ်နေတာပါ။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ တစ်နိုင်ငံလုံးမှာတန်ဖိုးနည်းအိမ်ရာတိုက်ခန်း ၁၈၀,၀၀၀ ကျော်တည်ဆောက်ဖို့စီစဉ်ထားပြီး ရန်ကုန်မြို့မှာ အခန်း ၈,၀၀၀ တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ရဲ့ ပြောကြားထားခဲ့တာပါ ။

No comments:

Post a Comment