Friday, December 2, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၈)မှ ထူးချွန်ဆုရ ဗိုလ်လောင်းများအားမိဘများနှင့်အတူတွေ့ဆုံ၍ ဂုဏ်ပြုအမှာ စကားပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၅၈)မှ ထူးချွန်ဆုရဗိုလ်လောင်းများနှင့် မိဘများအား စစ်တက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌တွေ့ဆုံ၍ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထိုသို့ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိကြိုးစားအား ထုတ်မှုကြောင့်ရရှိခဲ့သည့် ထူးချွန်ဆုနှင့်ပတ်သက်၍တန်ဖိုးထားပြီးဆက်လက်ကြိုးစား အားထုတ်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား ဖြစ်လာပြီဖြစ်၍ တပ်မတော်သာအမိ တပ်မတော်သာအဖအဖြစ် တပ်မတော်အပေါ်ကျေးဇူးသစ္စာစောင့်သိရန် လိုကြောင်း၊ မိမိကိုသင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့သည့် မိဦးဘဦးသဖွယ်ဖြစ်သည့် စစ်တက္ကသိုလ် အပေါ်တွင်လည်း ကျေးဇူးသစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ မိမိ၏လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ လက်ရှိပြည်သူကရွေး ချယ်သောပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း၊

ယင်းလမ်း ကြောင်းပေါ်တွင် မှန်မှန်ကန်ကန်နှင့် ခိုင်ခိုင်မာမာ ရှိစေရန် တပ်မတော်အနေဖြင့် ၀ိုင်းဝန်းထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတာဝန်ထမ်းဆောင်သည့် ကာလ တစ်လျှောက်လုံးတွင်တိုင်းပြည်နှင့်တပ်မတော်အပေါ်သစ္စာရှိစွာဖြင့် တိုင်းပြည်နှင့် တပ်မတော်ကောင်းရာ ကောင်းကျိုးအတွက် ဆက်လက်ကြိုးပမ်းလုပ်ဆောင် သွားကြရမည် ဖြစ်ကြောင်း၊ ထို့အတူမိမိအား ပညာ သင်ကြားပေးပြီး ကျွေးမွေးပြုစုသွန်သင် ဆုံးမပေးခဲ့သည့်မိဘများကိုလည်း ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ရည်မှန်းချက် ထားရှိသကဲ့သို့ မိမိအပေါ်မျှော်မှန်းချက်ထားရှိသည့် မိသားစုများအတွက်ပါ ရည်မှန်းချက် မပျောက်စေရန် မိမိကိုယ်မိမိထိန်းသိမ်းပြီးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅၈)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ထက်မင်းပိုင်ဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ၀င်းမင်းရှိန်း၊ စာပေထူးချွန်ဆု(၀ိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း ထက်အာကာစိုး၊ စာပေထူးချွန်ဆု(သိပံ္ပ)ရရှိသူ ဗိုလ်လောင်း တေဇာလင်း၊ စာပေထူးချွန်ဆု (ကွန်ပျူတာ) ရရှိသူဗိုလ်လောင်း အောင်ကျော်ကျော်နှင့် ထူးချွန်ဆုရ ဗိုလ်လောင်းများ၏မိဘများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
Myawaddy

No comments:

Post a Comment