Friday, December 2, 2016

ကျနော် ဘာကြောင့် ဂျီဟာ့ဒ်အစွန်းရောက် ဝါဒီတယောက် ဖြစ်လာခဲ့ရသလဲ

အသက် ၂၀ အရွယ် ဝါလစ်ဒ် အစ္စမေးလ်ဟာ အရင်တုန်းကတော့ ပေါင်မုန့်ဖုတ် လုပ်သားတဦးဖြစ်ခဲ့ပြီး ဂျီဟာ့ဒ်အစွန်းရောက်ဝါဒီတဦး ဘယ်လိုဖြစ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ အီရတ်နိုင်ငံမြောက်ပိုင်းမှာ အိုင်အက်စ် စစ်သွေးကြွအုပ်စုထဲမှ အဖွဲ့ဝင်တွေလို့ ယူဆရတဲ့ အုပ်စုတစုကို ကာ့ဒ်တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာ အုပ်စုထဲမှာပါဝင်တဲ့ အစ္စမေးလ်က သူ့အဖွဲ့ဝင်တွေကို လက်နက်ချလိုက်ဖို့ သိမ်းသွင်းနိုင်ခဲ့တာပါ။ သူတို့ရဲ့ အဖွဲ့ဝင် ၅ ဦးပါ အုပ်စုထဲက တချို့ဟာ လက်ပစ်ဗုံးတွေကို ကိုင်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် အစဖျောက်လိုက်ဖို့ ကြိုးစားခဲ့ပေမယ့် တဦးကတော့ နောက်ဆုံးမှာ အသေခံဗုံးဖောက်ခွဲခဲ့ပါတယ်။ ဒါပေမယ့် ထင်သလိုဖြစ်မလာခဲ့ဘဲ ၄ ဦးသာ သေဆုံးသွားခဲ့ပြီး သူတို့ထဲက အစ္စမေးလ်ကတော့ ထိခိုက်ဒဏ်ရာရရှိပြီး အသက်ရှင်ကျန်ရစ်ခဲ့တာပါ။



အဲဒီအချိန်မှာပဲ တိုက်ခိုက်နေကြသူတွေကို အစ္စမေးလ်က သူ့ဆီမှာ ဗုံးမရှိကြောင်း အော်ဟစ်ပြောဆိုလိုက်ပြီး လွတ်မြောက်လာခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ အိုင်အက်စ်အဖွဲ့ဝင် အကြမ်းဖက်ဂျီဟာ့ဒ်ဝါဒီတဦး ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ပြောပြခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူဟာ မိုဆူးလ်မြို့မှ ဗလီတခုအနီး လမ်းလျှောက်လာချိန်မှာ ဒီအဖြစ်အပျက်တွေ စခဲ့တာလို့ သူက ဆိုပါတယ်။

“ကျနော် သူတို့ကို နှစ်သက်ခဲ့ပါတယ်။ သူတို့ဟာ ကျနော်တို့ကို ဗလီတွေကိုသွားဖို့ စုဆောင်းပြီး နှိုးဆော်တယ်။ ငါတို့ဟာ မွတ်စလင်ညီအစ်ကိုတွေ ဖြစ်ကြတယ်လို့ သူတို့က ပြောကြတယ်။ ငါတို့ဟာ ဘယ်သူမှမသိတဲ့ အစ္စလာမ္မစ်နိုင်ငံတော်တခုပဲ မဟုတ်လား။ မင်းတို့ကို နာကျင်အောင်လုပ်မှာ မဟုတ်ဘူး။ ငါတို့က မင်းတို့ကို အစားအစာတွေနဲ့ ငွေကြေးတွေ ပေးမယ်” လို့ သူတို့က ပြောပါတယ်။

တခြား သီးခြား သတင်းအင်တာဗျူးတခုမှာတော့ အစ္စမေးလ်က သူ့အနေနဲ့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုလည်း မသိခဲ့ရဘဲ အလုပ်သမားတွေ အနေနဲ့ ရှိနေခဲ့ရတာလို့ ဆိုပါတယ်။

အစ္စမေးလ်မှာ ထောက်ပံ့ပေးရမယ့် ညီအစ်ကိုမောင်နှမအငယ် ၆ ဦးရှိနေပြီး သူ့ကို ပေါင်မုန့်ဖုတ်ဆိုင်မှာ အလုပ်မလုပ်နိုင်အောင် အသုံးပြုရတဲ့ဂက်စ်ကို ဖြတ်တောက်ပြီး ဆက်မလုပ်နိုင်အောင် ဖိအားပေးခဲ့တယ်လို့ ပြောပါတယ်။

“ကျနော့်ကို တလ လုပ်ခလစာအဖြစ် ဒိုင်နာငွေ ၅ သိန်း (ပေါင် ၃၄၀) ပေးပြီး သေနတ်တလက်နဲ့ လမ်းပေါ်မှာ စောင့်ကြပ်ဖို့ တာဝန်ပေးတယ်။”

အစ္စမေးလ်လိုပဲ ဆာလာဟာလည်း ဂျီဟာ့ဒ်ဝါဒီတဦးအဖြစ် ဖိအားပေး သွတ်သွင်းခံခဲ့ရသူတဦး ဖြစ်ပါတယ်။

သူ့ကိုလည်း ခြိမ်းခြောက်အကျပ်ကိုင်ပြီး ဖိအားပေး စေခိုင်းခံခဲ့ရတာဖြစ်ပြီး ၁၄ နှစ်အရွယ် သားဖြစ်သူကိုတောင် အမိန့်ပေးစေခိုင်းခံခဲ့ရတယ်လို့ ပြောခဲ့တာပါ။

လက်ရှိမှာတော့ မိုဆူးလ်မြို့က စစ်ပွဲတွေဟာ ဆက်လက်ဖြစ်နေပြီး သူတို့ ၂ ဦးရဲ့ ကံကြမ္မာကတော့ မရေရာသေးတဲ့ အခြေအနေတခုမှာ ရှိနေတာပါ။

No comments:

Post a Comment