Thursday, December 1, 2016

ကိုလံဘီယာတွင် ပျက်ကျခဲ့သည့် လေယာဉ်၌ ဆီလုံးဝ ရှိမနေဟု စုံစမ်းရေး အရာရှိများ အတည်ပြု

ကိုလံဘီယာတွင် ဖြစ်ပွားခဲ့သည့် ခရီးသည်တင် လေယာဉ် ပျက်ကျရမှု အကြောင်းရင်းမှာ ပျံသန်းနေရင်း ဆီကုန်သွား၍ ဖြစ်နိုင်သည်ဆိုသော အယူအဆ ပိုမိုခိုင်မာလာနေကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက ပြောကြားခဲ့သည်။ေ လယာဉ်သည် ကိုလံဘီယာရှိ မက်ဒယ်လင်း လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားချိန်၌ တောင်ထူထပ်သော ဧရိယာဘက် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ် လိုက်ပါသွားသူ ၇၇ ဦးအနက် ၆ ဦးသာ အသက်ရှင်ခဲ့ပြီး ဘရာဇီး ဘောလုံးကလပ် ချာပက်ကိုယန်ဆီ တစ်သင်းလုံးနီးပါး အသက်ဆုံးရှုံးခဲ့မှုကလည်း အဆိုပါ မတော်တဆမှုကို တစ်ကမ္ဘာလုံး၏ အာရုံ ကျရောက်လာစေခဲ့သည်။ ကိုလံဘီယာ လေကြောင်းဌာန အကြီးအကဲ အယ်လ်ဖရက်ဒို ဘိုကာနီဂရာက ကနဦး စုံစမ်းမှု စစ်ဆေးချက်များအရ လေယာဉ်သည် မြေပြင်အပေါ် အရှိန်ဖြင့် ထိုးဆင်း ပျက်ကျချိန်တွင် ဆီတိုင်ကီထဲ၌ ဆီလုံးဝ ရှိမနေခဲ့ဟု ဆိုသည်။ လေယာဉ် ပျက်ကျမှုတွင် မီးလောင်ကျွမ်းခဲ့ခြင်းလည်း မရှိချေ။



ထို့အပြင် လေယာဉ်မှူး အခန်းထဲရှိ အသံများကို မှတ်တမ်းတင်ထားသည့် တိပ်ခွေ၌လည်း လေယာဉ်မှူးက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ဆီကုန်သွားသည့် အခြေအနေတို့ကြောင့် အရေးပေါ် ဆင်းသက်ခွင့် တောင်းခံနေသည်ကို ကြားနေရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိခဲ့ပြီး အကြွင်းအကျန် အပျက်အစီးတွေ အားလုံးကို စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ အတိအကျ ပြောနိုင်တာက ပျက်ကျပြီး မြေကြီးနဲ့ ဆောင့်မိချိန် လေယာဉ်မှာ ဆီလုံးဝ မရှိဘူး ဆိုတာပါပဲ”ဟု ဘိုကာနီဂရာက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသွားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင်ပင် အရပ်ဘက် လေကြောင်း စီမံခန့်ခွဲရေး အရာရှိ ဖရက်ဒီ ဘိုနီလာက လေယာဉ်တစ်စီးသည် သတ်မှတ်ခရီးစဉ်အတွက် လိုအပ်သည်ထက် အနည်းဆုံး မိနစ် ၃၀ စာ အပိုဆောင်း ပျံသန်းနိုင်မည့် ဆီပမာဏကို ဖြည့်တင်း သယ်ဆောင်သွားရန် စံနှုန်း စည်းမျဉ်းများ တိကျစွာ သတ်မှတ်ထားကြောင်း မှတ်ချက်ပေးခဲ့သည်။ “ဒီစည်းမျဉ်းရဲ့ ရည်ရွယ်ချက်က တကယ်လို့ သတ်မှတ် လေဆိပ်မှာ မဟုတ်ဘဲ အခြေအနေ တစ်ခုခုကြောင့် တခြားကို ပြောင်းပြီး ဆင်းသက်ရတဲ့အခါ အဆင်ပြေစေဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

“လေယာဉ်အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ရင်းမြစ်က အင်ဂျင်တွေပါပဲ။ ဒါပေမဲ့ ဆီမရှိရင် အင်ဂျင်က ရပ်သွားမှာပဲ။ ဒါဆို လျှပ်စစ်ဓာတ်အားလည်း ဆုံးရှုံးသွားပါမယ်”ဟုလည်း ဘိုနီလာက ဆိုသည်။ ပေါက်ကြားလာသည့် အသံဖိုင် မှတ်တမ်းတွင် လေယာဉ်မှူးက လေယာဉ်တွင် လျှပ်စစ်ဓာတ်အား လုံးဝ ပြတ်တောက်သွားကြောင်းနှင့် ဆီမရှိတော့ကြောင်း ပြောဆိုနေသည်ကို ကြားနိုင်မည် ဖြစ်သည်။ အဆိုပါ အသံသွင်းတိပ် ရပ်သွားချိန်တွင် လေယာဉ်သည် အမြင့်ပေ ၉၀၀၀ ၌ ပျံသန်းနေကြောင်း လေယာဉ်မှူးက နောက်ဆုံး ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျသည့် နေရာမှ ပျံသန်းမှု မှတ်တမ်းတင် Black Boxများကို ရရှိထားပြီး ဖြစ်သည်။ လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို အပြည့်အစုံ စုံစမ်းဖော်ထုတ်ရန်မှာ လပိုင်းမျှ အချိန်ယူရနိုင်ကြောင်းလည်း သိရှိရသည်။

Ref: BBC

No comments:

Post a Comment