Friday, December 2, 2016

မြန်မာဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ဟောင်းလည်း ပိတ်ဆို့ခံရ

နိုဝင်ဘာ ၃ဝ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ထိရောက်စွာလိုက်နာကျင့်သုံးဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ မနေ့က ပြဌာန်းချက်အရ မြန်မာပြည်မှာ အမှုထမ်းခဲ့တဲ့ မြောက်ကိုရီးယား သံအမတ်ကြီးလည်း တသီးပုဂ္ဂလိကပိတ်ဆို့ခံလိုက်ရတဲ့ လူ ၁၁ ဦး စာရင်းမှာပါတယ်။ အဲဒီလူတွေကို မြောက်ကိုရီးယား နျူးကလီးယားလက်နက်နဲ့ ဒုံးပျံအစီအစဉ်မှာ ပါဝင်ပတ်သက်မှုအတွက် ကမ္ဘာတစ်ခုလုံး ခရီးသွားခွင့်ပိတ်လိုက်ပြီး သူတို့ပိုင်ဆိုင်မှုတွေကိုလည်း ထုတ်ယူသုံးစွဲလို့မရအောင် ထိန်းချုပ်လိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးတွေ အနေနဲ့လည်း ရုံးတစ်ရုံးကို ဘဏ်ငွေစာရင်းတစ်ခုပဲထားရမယ်လို့ ကန့်သတ်လိုက်ပါတယ်။ အဲဒီ သံတမန်တွေနဲ့ သံရုံးတွေဟာ ဥပဒေမဲ့လုပ်ငန်းတွေ ဆောင်ရွက်နေကြလို့ဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ သူတို့နိုင်ငံတွေမှာ လာရောက်တာဝန်ထမ်းဆောင်နေတဲ့ မြောက်ကိုရီးယားသံရုံးဝန်ထမ်း အရေအတွက်ကို လျော့ချဖို့လည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာထည့်သွင်းပြဌာန်းထားပါတယ်။
RFA

No comments:

Post a Comment