Thursday, December 1, 2016

တက္ကသိုလ်ဆရာများ ရာထူးတိုးမြှင့်ပေးရာတွင် တိကျခိုင်မာသော မူဝါဒမရှိခြင်း၊ ရွေးချယ်သည့် စံနှုန်းကို ထုတ်ပြန်ခြင်း မရှိသည့်အတွက် အထက်မြန်မာပြည် တက္ကသိုလ် ဆရာ၊ ဆရာမများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်သည့် တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးတိုးစာရင်း ထုတ်ပြန်ခဲ့ရာတွင် တိကျခိုင်မာသော မူဝါဒမရှိခြင်း၊ ရွေးချယ်သည့် စံနှုန်းကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း မရှိသည့်အတွက် နိုဝင်ဘာ ၃၀ ရက်က မန္တလေးမြို့၊ ၃၂x၃၃ ကြား၊ ၆၈x၆၉ ကြားရှိ ကွန်မြူနတီစင်တာတွင် အထက်မြန်မာပြည် တက္ကသိုလ် ဆရာ၊ ဆရာမများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။ ကထိက ရာထူးမှ တွဲဖက်ပါမောက္ခရာထူး၊ ပါမောက္ခရာထူးများ တိုးမြှင့်ပေးရာတွင် တိကျခိုင်မာသော မူဝါဒမရှိကြောင်း၊ လုပ်သက်များစွာရှိသော စီနီယာများကို ကျော်လွန်ကာ ဂျုနီယာများကို Jump Promotion  ပေးခြင်းများလည်း ရှိသောကြောင့် ပညာရေးဝန်ကြီးဌာန လုပ်ဆောင်ပုံများမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ယခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်နိုင်ဦးက ပြောကြားသည်။




“ကျွန်တော်တို့က ရာထူးတိုးအတွက် Nine Platform (လက်ရှိရာထူးတွင် လုပ်ဆောင်နေသည့် ကိစ္စရပ်များ) ကို ဖြည့်ရပါတယ်။ အဲဒီစံနှုန်းတွေကို ဘယ်လိုရွေးချယ်ပြီး ဘယ်သူ့ကို ရာထူးတိုးပေးသလဲဆိုတာ ပွင့်လင်းမြင်သာစွာ ချပြစေချင်ပါတယ်။ အဲဒီလိုပဲ ဘယ်လိုဆောင်ရွက်မှုတွေကြောင့် ဘယ်သူ့ကို ရာထူးတိုးပေးတယ် ဆိုတာလဲ ပညာရေးဝန်ကြီးဌာနက ချမပြပါဘူး။ ဒီကိစ္စကို အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် ဘာမှ မထူးခြားခဲ့ပါဘူး။ ဒီရာထူးမှာ လုပ်သက် ၁၀ နှစ်ရှိတဲ့သူက ကျန်ခဲ့ပြီး လုပ်သက်တစ်နှစ်ပဲ ရှိတဲ့သူက ရာထူးတိုးသွားတာမျိုးတွေ ဖြစ်လာတဲ့အခါ ရာထူးတိုးသွားတဲ့ သူတွေအတွက် ၀မ်းသာပေမယ့် ငါကျ ပါမောက္ခရာထူးနဲ့ မထိုက်တန်လို့ မတိုးတာလား။ သူက ဘာများတော်နေလို့ တိုးသွားတာလဲဆိုတဲ့ မေးခွန်းတွေ မေးမိပါတယ်။  NLD အစိုးရသစ် တက်လာတဲ့အခါ ကျွန်တော်တို့တွေ အများကြီး မျှော်လင့်ခဲ့ကြတယ်။ ပွင့်လင်းမြင်သာတဲ့အစိုးရ ဖြစ်ပြီလို့ အားကိုးခဲ့ကြတာပါ။ အခု မျှော်လင့်ချက်မဲ့သလို ခံစားလာရတယ်”ဟု ၎င်းက ပြောကြားသည်။

ရတနာပုံတက္ကသိုလ်မှ ဒေါက်တာစိုးမိုးအောင်က ပုံမှန်အားဖြင့် တက္ကသိုလ်မေဂျာတစ်ခုတွင် ပါမောက္ခနှစ်ယောက်၊ တွဲဖက်ပါမောက္ခ လေးယောက် ရှိသော်လည်း မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနတွင် ပါမောက္ခလေးယောက် ရှိပြီး တွဲဖက်ပါမောက္ခမှာ သုံးယောက်သာ ဖြစ်နေကြောင်း၊ တက္ကသိုလ်အသီးသီးရှိ  အရှေ့တိုင်းမေဂျာတွင် လစ်လပ်ရာထူး များစွာရှိနေသော်လည်း အစိုးရက ခန့်အပ်ခြင်း မရှိကြောင်း ပြောကြားသည်။

“အခု ရာထူးတိုးသွားတဲ့ သူတွေအတွက် တကယ်ဝမ်းသာပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုကျ ဘာကြောင့် ရာထူးတိုးပေးတယ်။ ဘယ်သူ့ကိုကျ ဘာကြောင့် ရာထူးတိုးမပေးဘူး ဆိုတာ ပွင့်လင်းမြင်သာစွာ ချပြစေချင်ပါတယ်။ အခုဖြစ်နေတာက တက္ကသိုလ်အသီးသီးက ပါချုပ်တွေလည်း ထောက်ခံစာ ရေးပေးရတာပဲ ရှိတယ်။ တကယ် ဆုံးဖြတ်တာက ဗဟိုက ဆုံးဖြတ်နေတာ ဖြစ်ပါတယ်”ဟု ဒေါက်တာစိုးမိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အနှံ့အပြားရှိ တက္ကသိုလ်အသီးသီးတွင် နေရာဒေသအလိုက် ကွာခြားချက်များ ရှိသည့်အတွက် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများရှိ တက္ကသိုလ်ကြီးများကို ဦးတည်ကာ စံနှုန်း သတ်မှတ်ထားခြင်းမှာ သင့်လျော်မှု မရှိကြောင်း၊ တက္ကသိုလ်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်ပြီဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့သင့်ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများက ပြောကြားသည်။

တက္ကသိုလ်များတွင် ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခရာထူးများ တိုးပေးရာတွင် လုပ်သက်၊ စွမ်းဆောင်ရည်နှင့် သုတေသန စသည့် လုပ်ဆောင်မှုများပေါ်တွင် အကဲဖြတ်ကာ ရာထူးတိုးပေးခြင်း ဖြစ်ကြောင်း၊ စီနီယာများအား ကျော်လွန်ကာ ဂျူနီယာများအား ရာထူးတိုးပေးရာတွင် တရားမျှတမှု မရှိဟု ယူဆလျှင် နာမည်၊ ရာထူးအတိအကျဖြင့် တိုင်တန်းနိုင်ကြောင်း ရာထူးတိုးမြှင့်ခံရသည့် တက္ကသိုလ်ဆရာတစ်ဦးက ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အထက်မြန်မာပြည် အနှံ့အပြားရှိ တက္ကသိုလ်အသီးသီးမှ တွဲဖက်ပါမောက္ခများ၊ ကထိကများ ၂၀ ကျော် တက်ရောက် ရှင်းလင်းပြောကြားခဲ့ကြသည်။                                            
Writer:
မင်းမင်းစိုး

No comments:

Post a Comment