Friday, December 2, 2016

ကိုလံဘီယာ ပြည်တွင်းစစ် အဆုံးသတ်ရန် ငြိမ်းချမ်းရေး သဘောတူညီချက် အတည်ပြုပြီ

ကိုလံဘီယာပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ အစိုးရနဲ့ ကွန်မြူနစ်သူပုန်တွေတို့ ပြင်ဆင်ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကိုလံဘီယာလွှတ်တော် ၂ ရပ်လုံးက အတည်ပြုလိုက်ပါပြီ။ အတိုက်အခံတွေက ဒီသဘောတူညီမှုကို ကန့်ကွက်ခဲ့ကြပေမယ့်လည်း လွှတ်တော် ၂ ရပ်လုံးက သဘောတူလိုက်ကြတာပါ။ ဆယ်စုနှစ် ၅ ခုကြာမြင့်ခဲ့ပြီး လူ ၂ သိန်း ၆ သောင်းကျော်သေဆုံးခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ရည်ရွယ်တဲ့ သဘောတူညီမှုလည်းဖြစ်ပါတယ်။ ပထမငြိမ်းချမ်းရေးသဘောတူညီမှုကို လူထုဆန္ဒခံယူခဲ့တာမှာ အတိုက်အခံတွေက ဆန့်ကျင်ခဲ့ကြလို့ ကပ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဒီတကြိမ် ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုကိုတော့ လူထုဆန္ဒမဲ မခံယူတော့ပါဘူး။



သမ္မတ ဆန်းတိုးစ့်ကတော့ ထောင်နဲ့ချီတဲ့ ကွန်မြူနစ်သူပုန်တွေ လက်နက်ချပြီး အလင်းစဝင်နိုင်ဖို့ လွှတ်တော်ရဲ့ သမိုင်းဝင်ထောက်ခံမှုလို့ ပြောဆိုပါတယ်။

လာမယ့် ၆ လအတွင်း ကွန်မြူနစ် FARC သူပုန်တွေ အသွင်ကူးပြောင်းရေးနယ်မြေတွေကို ၀င်ရောက်ကြပြီး လက်နက်ချကြမှာဖြစ်ပြီး နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းမှာဖြစ်ပါတယ်။

အစိုးရစစ်တပ်ကလည်း အရင်က သူပုန်တွေ ထိန်းချုပ်ခဲ့တဲ့နယ်မြေတွေကို ၀င်ရောက်မှာဖြစ်ပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။

အခုလို ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ အစိုးရနဲ့သူပုန်တွေ ကျူးဘားနိုင်ငံမှာ ၄ နှစ်ကြာ ဆွေးနွေးခဲ့ကြပေမယ့် သူပုန်တွေကို အလျှော့ပေးလွန်းတယ်ဆိုပြီး အတိုက်အခံတွေက ကန့်ကွက်ကြတာပါ။

No comments:

Post a Comment