Friday, December 2, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် စင်္ကာပူရောက်မြန်မာမိသားစုများ အမေးအဖြေ အစီအစဉ်မှ မေးခွန်းနှင့် အဖြေအချို့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်္ကာပူရောက်မြန်မာမိသားစုများ တွေ့ဆုံပွဲ၏ အမေးအဖြေ အစီအစဉ်မှ မေးခွန်းနှင့် အဖြေအချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

မေးခွန်းနံပါတ်(၁) သက်ငယ်မုဒိမ်းများပြားနေခြင်းနှင့်ဆိုင်သည့်မေးခွန်း

မေး။ ။ အခုလက်ရှိမှာ သက်ငယ်မုဒိမ်းမှုတွေ သိပ်ကို များပြားနေပါတယ်။ နိုင်ငံမျိုးဆက်သစ်ကလေး တွေဖြစ်တဲ့ ဒီကလေးတွေအတွက် လုံခြုံစိတ်ချမှုနဲ့ ဒီအမှုတွေအတွက် ဘယ်လိုများစီစဉ်ထားတာတွေ (သို့မဟုတ်) ရှေ့လုပ်ငန်းစဉ်များကို သိချင်ပါတယ်။



ဖြေ။ ။ အဲဒီကိစ္စဟာ ကျွန်မတို့ဟာ ဥပဒေနဲ့ဆိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ လူမှုရေးနဲ့ဆိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒါတစ်ဖက်က ဥပဒေအရဆိုလို့ရှိလို့ရှိရင် ဒီလိုအမှုတွေအတွက် ဘယ်လိုပုံစံနဲ့ ဥပဒေအရ အရေးယူရမလဲဆိုတာဟာ နောက်ဆုံးကျတော့ လွှတ်တော်က ဆုံးဖြတ်ရမှာပါ။ ဒါပေမဲ့ ဒါလူမှုရေး ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုသက်ငယ်တွေကို မုဒိမ်းကျင့်တဲ့အမှုတွေ ဘာလို့ဒီလောက်များ နေတာလဲ။ ကျွန်မတို့ရဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ဘာအားနည်းချက်တွေရှိလဲဆိုတာ ကျွန်မတို့ ပြန်ပြီးတော့ ကြည့်ဖို့လိုပါတယ်။ ဒါဟာ မိသားစုစနစ်နဲ့ဆိုင်လား ကလေးတွေကို သေသေချာချာ မစောင့်ရှောက်တာနဲ့ ဆိုင်လား။ ပတ်ဝန်းကျင်က စိတ်ထားတွေက ကြမ်းတမ်းလာတာလား။ ကြမ်းတမ်းလာတာဆိုတာ ဘာကြောင့်လဲ။ ဥပမာ မူးယစ်ဆေးဝါးကြောင့် ဖြစ်တာလား။ ဒါမှမဟုတ် ဒီလို အခုခေတ်မှာဆိုရင် အမြဲပဲ ကြည့်လို့ရတဲ့ အမျိုးမျိုး ဗွီဒီယိုတွေ ဘာတွေကြည့် စာအုပ်တွေ ဘာတွေဖတ်ပြီးတော့ စိတ်တွေကမငြိမ်မသက် ဖြစ်လို့လား။ အဲဒါကို ကျွန်မတို့ကအကြောင်းအရင်းကို ရှာရပါမယ်။ ပြဿနာ တစ်ခုခုကို ဖြေရှင်းချင်လို့ရှိရင် ဘာကြောင့် ဒီပြဿနာက ပေါ်ထွက်လာသလဲဆိုတာ ကျွန်မတို့ အဖြေရှာရမှာဖြစ်ပါတယ်။ အဲဒါကို ကျွန်မတို့ လူမှုရေးဘက်ကနေပြီးတော့ ကျွန်မတို့ ဒါကို လေ့လာပါမယ်။ လေ့လာပြီးတော့ ဘယ်လို ကျွန်မတို့ အဖက်ဖက်ကနေ ခြေလှမ်းသင့်လဲဆိုတာကို ဆုံးဖြတ်ပါ့မယ်။ ဥပဒေတွေ ထုတ်ရုံနဲ့ မလုံလောက်ပါဘူး။ ဥပဒေက ဥပဒေအရ အရေးယူတာက သပ်သပ်ပါ။ ဒါနဲ့တင်မပြီးပါဘူး။ တကယ်ကျွန်မတို့ လုပ်ရမှာက ဒီလိုကိစ္စတွေ အမြစ်ကို ကျွန်မတို့ကနေပြီးတော့ အမြစ်ကနေပြီးတော့ လှန်ပစ်လိုက်ရမှာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလည်း မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။ အားလုံးမှာလည်း တာဝန်ရှိတယ်ဆိုတာကို စောစောက ပြောသလိုပေါ့။ ဘာကိစ္စပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံမှာ အောင်မြင်အောင်လုပ်လို့ရှိရင် အားလုံးမှာ တာဝန်ရှိပါတယ်။ ပတ်ဝန်းကျင်မှာ တာဝန်ရှိပါတယ်။ ရပ်ရွာမှာ တာဝန်ရှိပါတယ်။ မိဘာတွေမှာ တာဝန်ရှိပါတယ်။ ကလေးတွေက မိဘတွေ ဘယ်ရောက်နေသလဲ ဒီလိုဖြစ်တဲ့အခါ။ မိဘတွေက အလုပ်လုပ်နေရလို့လား။ ဒါဆိုရင် စီးပွားရေးနဲ့ ဆိုင်တာပေါ့။ မိဘ နှစ်ယောက်စလုံး အလုပ်လုပ်မှ စားနိုင်သောက်နိုင်တဲ့ အခြေအနေရှိလို့လား။ ဒီတော့ မိဘတွေက အလုပ်လုပ်နေတဲ့ အခါကျရင် သားသမီးတွေကို ဘယ်လိုထားပစ်ခဲ့လဲ။ ပတ်ဝန်းကျင်က ၀ိုင်းပြီးတော့ မစောင့်ရှောက်ပေးဘူးလား။ မိဘတွေကရော သူတို့ သားသမီးတွေလုံခြုံအောင်လို့ အစီအစဉ်တွေ မလုပ်နိုင်ဘူးလား။ ဘာကြောင့် မလုပ်နိုင်လဲ။ မလုပ်နိုင်လို့ရှိလို့ရှိရင် အစိုးရက ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပြီးတော့ ကူညီပေးရမလဲ။ ကလေးထိန်းဖို့ ကလေးထိန်းဌာနတို့ စသည်ဖြင့်ပေါ့နော် ဒီလိုနေရာတွေ ပိုပြီးတော့ လိုလို့လား။ ပတ်ဝန်းကျင်ကရော ဂရုမစိုက်ဘူးလား။ ဒါအမျိုးမျိုး ကျွန်မတို့ စဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီတော့ အဖြေတစ်ခုတည်းမရှိပါဘူး။ တချို့ကတော့ ဘာဖြေစေချင်လည်းဆိုတော့ ဒီလို ရာဇ၀တ်မှု ကျူးလွန်တဲ့လူတွေကို ပြစ်ဒဏ်ကြီးကြီးမားမားကြီး ပေးရမယ်ပေါ့နော်။ ဒါပဲပြောနေတယ်။ ဒါ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒါလည်း လိုအပ်သလို အပြစ်ဒဏ်ဟာ ကြီးသင့်သလောက်ကြီးဖို့တော့ လိုပါတယ်။ လူမှုရေးအရ ဒီလိုကိစ္စတွေ မဖြစ်ပေါ်အောင်ကတော့ ကျွန်မတို့ အားလုံးက ၀ိုင်းပြီးတော့ အဖြေရှာရမှာဖြစ်ပါတယ်လို့ ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။


ဓာတ်ပုံ-Min Kan Si

မေးခွန်းနံပါတ် (၂) ၂၁ပင်လုံညီလာခံ၊ တိုက်ပွဲများဖြစ်ပွားနေမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာမေးခွန်း

မေး။ ။ အမေစုခင်ဗျာ မေခွန်းနံပါတ်နှစ်အနေနဲ့ အမေစု ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံကြီး စတင်ဆောင်ရွက်ချိန်မှာ ပြည်သူအားလုံး မျှော်လင့်ချက်ရောင်ခြည်သန်းပြီဟု အားတက်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ မြန်မာပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာရပါတယ်။ တိုင်းရင်းသားများကရော တပ်မတော်ကပါ ငြိမ်းချမ်းရေးလိုချင်တယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားများ ငြိမ်းချမ်းရေးယူပေးပါက သူတို့ရဲ့ဘ၀ အာမခံချက်ရှိအောင် အစိုးရအနေနဲ့ ဘယ်လိုအစီအစဉ်များ ဆွဲထားပါသလဲ။ ဒီတိုက်ပွဲများကြောင့်ရော ၂၁ ရာစုပင်လုံညီလာခံကြီးကို ထိခိုက်နိုင်ပါသလား။

ဖြေ။ ။ ဒီတိုက်ပွဲတွေဟာ ကျွန်မတို့ နိုင်ငံမှာ ဖြစ်နေတာ ကြာလှပါပြီ။ အဲဒီ တိုက်ပွဲဖြစ်တိုင်း ကြောက်နေလို့ရှိရင် ကျွန်မတို့ အစကတည်းက စပြီးတော့ ၂၁ ပင်လုံကို လုပ်မှာမဟုတ်ပါဘူး။ ကျွန်မတို့ အနေနဲ့ ဒီလို တိုက်ပွဲတွေ ဖြစ်လို့ကို ၂၁ ပင်လုံညီလာခံကြီး ဘယ်လောက်လိုအပ်တယ်ဆိုတာကို ရှင်းရှင်း လင်းလင်း မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ထပ်ပြီးတော့ ကြိုးစားမယ်။ ပိုပြီးတော့ ကြိုးစားမယ်။ ကျွန်မတို့ အခြေခံအားဖြင့်တော့ ဒီလို အချင်းချင်းကြားမှာ တိုက်ပွဲတွေ မကျေနပ်မှုတွေ မယုံကြည်မှုတွေ ဖြစ်ပွားနေတာဟာ ကျွန်မတို့ သမိုင်းမှာ အချင်းချင်းအကြား နားလည်မှု မယူ နိုင်လို့ပါပဲ။ နားလည်မှု မရှိဘဲနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ပါဘူး။ ဒီဟာအတွက် ကျွန်မတို့ ကြိုးစားရမှာဖြစ်ပါတယ်။ သာမန်ပြည်သူပြည်သားတွေကတော့ ဘယ်တိုင်းရင်းသား အုပ်စုကပဲမဆို အေးအေးဆေးဆေးပဲ နေချင်တယ်။ ငြိမ်းချမ်းရေးပဲ သူတို့ လိုချင်တယ်။ ဒါကတော့ ဘယ်မှာ သွားကြည့်ကြည့်သိပါလိမ့်မယ်။ ဒါပေမဲ့ တချို့ကနေပြီးမှ တချို့က ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ဓာတ်ထက် သံသယတွေက ပိုပြီးတော့ ကြီးနေတဲ့အခါကျတော့ ငြိမ်းချမ်းရေးကို မယူရဲတာလို့ပဲ ကျွန်မ ပြောချင်ပါတယ်။ ငြိမ်းချမ်းရေး ရအောင်လုပ်ဖို့ဆိုတာ ကျွန်မညီလာခံတုန်းကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ခုထဲမှာ ထည့်ပြီးတော့ ပြောခဲ့ပါတယ်။ တကယ်ပဲ စေတနာလည်းရှိတယ် ပညာလည်းရှိတယ် သတ္တိလည်းရှိတယ်ဆိုရင် ငြိမ်းချမ်းရေးကို ရအောင်ကို ယူမှာပဲ။ ငြိမ်းချမ်းရေးကို ရအောင်မယူလို့ရှိလို့ရှိရင် စေတနာနည်းနေလို့လား၊ ပညာနည်းနေလို့လား၊ သတ္တိနည်းနေလို့လားလို့ ကျွန်မတို့ မေးရမယ်။ ဒီတော့ စေတနာ နည်းနေလို့ရှိရင် ကျွန်မတို့အနေနဲ့ စေတနာ ပိုပြပြီးတော့ စေတနာပွားအောင်လို့ လုပ်ရမယ်။ ပညာနည်းနေလို့ရှိရင် ပညာဆိုတာ ကျွန်မအတန်းပညာ ပြောတာမဟုတ်ပါဘူးနော် ဆင်ခြင်တုံတရားပေါ့ ကိုယ့်ရဲ့အသိုင်းအ၀ိုင်းအတွက် ကိုယ့်ရဲ့နိုင်ငံအတွက် တကယ် ဘာဟာ လိုအပ်သလဲ ဘာ ကျွန်မတို့ နိုင်ငံအတွက် ကောင်းလဲဆိုတဲ့ ပညာကို ပြန့်ပွားအောင်လို့ ကျွန်မတို့ လုပ်ရမယ်။ သတ္တိနည်းနေတယ်ဆိုရင်တော့ ပြည်သူပြည်သားတွေက ၀ိုင်းပြီးတော့ သတ္တိဆေးလေးထိုးပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။

မေးခွန်းနံပါတ်(၃) ပြည်ပအလုပ်အကိုင်သွားမည့်သူများ၏ ပတ်စ်ပို့ဆိုင်ရာနှင့် လေဆိပ်တာဝန်ကျသူအချို့၏ လာဘ်စားနိုင်မှုနှင့်ပက်သက်သည့် မေးခွန်း

မေး။ ။ မေးခွန်းနံပါတ်သုံးအနေနဲ့ နိုဝင်ဘာ ၂၂ရက်နေ့က ထုတ်ပြန်လိုက်သော ပြည်ပအလုပ်အကိုင် သွားမည့်သူများ အလုပ်သမားပတ်စ်ပို့ဖြင့်သာ ထွက်ခွာခွင့်ပြုတော့မည်ဆိုတဲ့ ကြေညာချက်အရ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှစပြီး PV လို့ ခေါ်တဲ့ အလည်အပတ်ပတ်စ်ပို့နဲ့ဆိုရင် အလုပ်လုပ်ဖို့ ခွင့်မပြုဘူးဟု ဆိုထားပါတယ်။ ပြည်ပရောက် အလုပ်သမားအများစုဟာ ပတ်စ်ပို့လုပ်ကိုင်စဉ်ကလည်း ပွဲစားများဖြင့်သာ လုပ်ကိုင်ခဲ့ကြပြီး အဲဒီပွဲစားတွေကလည်း လွယ်လွယ်နဲ့ရတဲ့ PV အလည်အပတ် ပတ်စ်ပို့ကိုသာ လျှောက်ထားပေးခဲ့ကြပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီရောက်တဲ့အခါမှာလည်း ပတ်စ်ပို့စာအုပ်ကိုအပ်နှံပြီး လုပ်ကိုင်ကြရတဲ့အတွက် ကိုယ့်ပတ်စ်ပို့ဟာ PV လား PJ လားဆိုတာတောင် မသိကြပါ။ သံရုံးမှာ သွားရောက်ပြင်ဆင်ရအောင်လည်း အခွင့်အရေးမရှိကြပါ။ အခွင့်အရေးရလို့ မြန်မာပြည်ကို ပြန်ကြတဲ့အခါမှာလည်း လဲလှယ်ရကောင်းမှန်းမသိဘဲ ဒီစာအုပ်နဲ့ပဲ ပြန်ထွက်လာပြီး လေဆိပ်မှ တာဝန်ကျသူတချို့ရဲ့ လဘ်စားမှုများပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အရေးပေါ်ခွင့် ဆယ်ရက်လောက်နဲ့ ပြန်မယ့်လူတွေကလည်း ပတ်စ်ပို့လုပ်ချိန်အတွက် အချိန်မပေးနိုင်ကြပါဘူး။ ထို့ကြောင့် လက်ရှိ ပတ်စ်ပို့အမျိုးမျိုးဖြင့် အလုပ်လုပ်နေကြသော အလုပ်သမားများ၏ လက်ရှိအခြေအနေမှ စိုးရိမ်ကြောင့်ကြမှုကင်းအောင် စီစဉ်ပေးနိုင်ပါမည်လားဟု လေးစားစွာ မေးမြန်းလိုပါတယ်ခင်ဗျ။

ဖြေ။ ။ ဒီကိစ္စကို အပိုင်းသုံးပိုင်းခွဲပြီးတော့ ဆွေးနွေးချင်ပါတယ်။ ကျွန်မတို့ ခုဏကပဲ မလာခင်မှာ သံရုံးက သံအမတ်ကြီးနဲ့ရော ကျွန်မတို့ရဲ့ မြန်မာနိုင်ငံက ရောက်လာတဲ့အဖွဲ့နဲ့ ရော ဒါကို ဆွေးနွေးပါတယ်။ တကယ်ဆိုတော့ ကျွန်မတို့ အခြေအနေတွေကို ကောင်းကောင်းမွန်မွန် ဃဂဏန နားမလည်ကြလို့ စိုးရိမ်နေကြတာပါ။ အခုပြောထားပြီးပါပြီ။ အခုလက်ရှိကိုင်ထားတဲ့ ပတ်စ်ပို့တွေ သက်တမ်းကုန်တဲ့အထိ ဆက်ပြီးတော့ကိုင်လို့ရပါတယ်။ ဒါဘာမှ ပြဿနာမရှိပါဘူး။ နောက်တစ်ခုကလည်း အဲဒီအပေါ်မှာ အခြေခံပြီးတော့ လာဘ်စားချင်လို့ လေဆိပ်မှာ ပြဿနာရှာတဲ့ လူတွေကိုလည်း သေသေချာချာတိတိကျကျ ပြဿနာရှာလို့ရှိလို့ရှိရင် ဘယ်လိုဖြစ်မလဲဆိုတာ အသိပေးလိုက်ပါမယ်။ အဲဒီကိစ္စကိုလည်း စိတ်မပူပါနဲ့။ နောက် တတိယအပိုင်းကတော့ ဒါကတော့ အေ့ဂျင့်တွေကိစ္စပါ။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေ ဒီလို ပြည်ပမှာ အလုပ်လုပ်တဲ့အခါမှာ အေးဂျင့်တွေကနေတစ်ဆင့်လုပ်တာ အများကြီးရှိပါတယ်။ အဲဒီဘက်မှာလည်း ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ နည်းနည်းမတော်မတရားလုပ်တာခံရတာတွေ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီအေးဂျင့်တွေကိစ္စကိုလည်း ဖိဖိစီးစီးကိုင်တွယ်ရမယ်ဆိုတာကိုလည်း ကျွန်မတို့ သဘောပေါက်ပါတယ်။ အဲဒီဟာကိုလည်း ကြည့်ပြီးတော့ လုပ်ပါမယ်လို့ ပြောပါရစေ။

မေးခွန်းနံပါတ်(၄) ၀န်ကြီးဌာနများ လုပ်ငန်းဆောင်ရွက်ရာတွင် ကြန့်ကြာနေသည့်ကိစ္စဆိုင်ရာမေးခွန်း

မေး။ ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ နံပါတ်လေးပါ။ အမေစု၏ အုပ်ချုပ်မှုလက်ထက်တွင် ပြောင်းလဲတိုးတက်မှုများ သိသိသာသာ ချက်ချင်းမဖြစ်နိုင်သည်ကို နားလည်သဘောပေါက်လျက် ကြားသိနေရသော သတင်းများအရ ဌာနဆိုင်ရာများတွင် လူတွေ အစားထိုးမပြောင်းလဲနိုင်သလို သူတို့၏မူတွေက ယခင်အစိုးရလက်ထက်အတိုင်း ဖြစ်နေကြဆဲ ဖြစ်ပါသည်။ ဥပမာအားဖြင့် ၀န်ကြီးဌာနကိုဆက်သွယ်လာသော အဖွဲ့အစည်းများ၊ ပြည်သူများအား ဌာနမှလူကြီးများက တာဝန်ယူဖြေရှင်းမပေးနိုင်ဘဲ အထက်ကို တင်ပြထားပါသည်။ ဆောင်ရွက်နေဆဲ ဖြစ်ပါသည်ဟူသော တုံ့ပြန်မှုမျိုးကိုသာ ကြားသိနေရပါသည်။ ထိုဖြစ်စဉ်များကို သိရှိပါသလား။ မည်သို့ မည်ပုံ စီမံဆောင်ရွက်မည်ကို အကျဉ်းခြုံးရှင်းပြစေလိုပါသည်ခင်ဗျား။

ဖြေ။ ။ အဲဒီတော့ ဒီလို ကြန့်ကြာတဲ့ကိစ္စပေါ့နော်။ အထက်ကို တင်ပြရမယ့်ကိစ္စဆိုတာ တခါတလေလည်း ကျွန်မတို့ စဉ်းစားပါတယ်။ ဒါဟာ လာဘ်လိုချင်လို့ ပြောတာလား။ ဒါက စဉ်းစားရတယ်လေ အထက်ကို တင်ပြထားပါတယ် အခုထက်ထိ အခုတော့မပြီးသေးပါဘူး။ လူကြီးကို မေးပါမယ်ဆိုတာ နည်းနည်းလာဘ်ထိုးစေချင်လို့ ပြောတဲ့ဟာမျိုးလား။ တကယ်ပဲ အထက်ကနေပြီးတော့ လုပ်ပိုင်ခွင့်မပေးဘဲနဲ့ မလုပ်ရဲလို့လား။ ဒါမှမဟုတ် ပျင်းလို့ မလုပ်ပေးတာလားဆိုတာ အဲဒါကို ကျွန်မတို့ စဉ်းစားရပါတယ်။ စဉ်းစားတဲ့အခါမှာ ဒီ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်မတို့ အခုအစိုးရသက်တမ်းဟာ ကိုးလသာသာပဲ ရှိတယ်ဆိုပေမဲ့ ကျဆင်းသွားတယ်လို့ ကျွန်မပြောရဲပါတယ်။ ကျွန်မ အများပြည်သူဘက်က ကြားရတဲ့ စကားက ဘာလဲဆိုတော့ ၀န်ကြီးတွေကတော့ လာဘ်မစားတော့ဘူးတဲ့ ဒါပေမဲ့ တချို့အောက်ကလူတွေက လုပ်တုန်းပဲလို့ ပြောတာတော့ရှိပါတယ်။ ဒီတော့ ကျွန်မတို့ကတော့ အခုအောက်က အရာရှိတွေကနေပြီးတော့ လာဘ်ပေးလာဘ်ယူလုပ်လို့ရှိလို့ရှိရင် တိုင်ကြားဖို့ ဆိုပြီးတော့ ကျွန်မတို့ တယ်လီဖုန်းနံပါတ်တွေ အီးလ်မေးလိပ်စာတွေဘာတွေ ကျွန်မတို့ တင်ထားပါတယ် အွန်လိုင်းမှာ။ တိုင်နိုင်ပါတယ်။ တိုင်ဖို့လည်း လိုပါတယ်။ ဒါကိုယ့်ရဲ့ တာဝန်ကိုယ်သိတာနော်။ ၀န်ကြီးတွေက လာဘ်မစားဘူးဆိုပေမဲ့ ၀န်ကြီးတွေက ၀ိဇ္ဇာတွေ တော့မဟုတ်ဘူး။ အောက်က ဘယ်သူလာဘ်စားနေတယ်ဆိုတာ အားလုံးတော့ သိမှာမဟုတ်ဘူး။ တင်ပြမှပဲ သိမှာ။ တင်နိုင်မှပဲ သိမှာ။ ကျွန်မပြောချင်တာက သတ္တိရှိရှိနဲ့ တိုင်ပါ။ ကိုယ်ကနေ မလွှဲသာလို့ ဒါမှမဟုတ် အရင်လိုလို့ဆိုပြီးတော့ပေါ့နော် နည်းနည်းလေး လာဘ်လေးထိုးလိုက်တယ်ဆိုရင် ကိုယ့်မှာလည်း အပြစ်ရှိတာတော့အမှန်ပဲ။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျွန်တော်တော့ မြန်မြန်ရချင်တာနဲ့ အဲဒီလောက်တော့ပေးလိုက်ရပါတယ် ဘယ်သူ ဘယ်သူ့ကိုဆိုလို့ရှိရင် အရေးယူပေးပါမယ်။ ဒီလို မတိုင်ရဲဘူးဆိုလို့ရှိရင် ကျွန်မတို့ ဘယ်လိုလုပ်ကူညီမလဲ။ ဒီတော့ သတ္တိလေးကတော့ ရှိရမယ်။ ကျွန်မတို့ တက်နိုင်သလောက် လုပ်ပေးမယ်။ ဒါပေမဲ့ အားလုံးဘာဖြစ်နေလဲဆိုတာကိုတော့ တစ်ချိန်တည်းမြင်နိုင်ဖို့ဆိုတာ ဒါက လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး။ မဖြစ်ကို မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ ကြိုးစားပါမယ်။ ဒီလို အထက်က အရာရှိတွေဆီက မကျသေးလို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်မတို့ တက်နိုင်သမျှ မြန်မြန်ဆန်ဆန်ပြီးနိုင်ဖို့အတွက် လုပ်နေပါတယ်။ နောက်တချို့ကိစ္စတွေမှာ အဆင့် အဆင့် အဆင့် သုံးလေးငါးဆင့်တစ်ခါတည်း အခုခေတ် သိပ်ပြီးတော့ သဘောကျနေတဲ့စကားဆိုလို့ရှိရင် One Stop Shop ပေါ့နော် အဲဒီလို ပုံစံမျိုးနဲ့ အလုပ်တွေကို ပြီးနိုင်သမျှ ပြီးဖို့လည်း ကျွန်မတို့ ကြိုးစားနေပါတယ်။ နောက်ပြီးတော့ ဗဟိုက အထက်ကနေပြီးတော့ အထက်ကသာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ကိစ္စတွေကိုလည်း ကျွန်မတို့ ဖြေလျှော့နေပါတယ်။ နောက်ကျလို့ရှိရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန်ပြီးမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ မြန်မြန်ဆန်ဆန်မပြီးလို့ရှိရင် တိုင်ကိုတိုင်ပါ။ ကျွန်မရုံးကို တိုင်လို့ရပါတယ်။ အွန်လိုင်းမှာ ကြည့်လိုက်လို့ရှိရင် တယ်လီဖုန်းနံပါတ်တွေနဲ့ အီးလ်မေးတွေ ပေးထားပါတယ်။

No comments:

Post a Comment