Thursday, December 1, 2016

ယာဉ်ပိုင်ရှင်များ ဘတ်စ်ကား အသစ်များ ဝယ်ယူရန် ကမ္ဘောဇဘဏ်မှ ချေးငွေ ထုတ်ပေးရေး စီစဉ်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြောင်းလဲဖော်ဆောင်နေသည့် အများပိုင်ယာဉ်စနစ် များတွင် ယာဉ်ပိုင်ရှင်များ ပါဝင်နိုင်ရေး အတွက် ယာဉ်အသစ်ဝယ်ယူ တင်သွင်းနိုင်ရန် ကမ္ဘောဇဘဏ် လီမိတက်မှ တစ်စီးလျှင် ငွေကျပ် သိန်း ၁၈ဝ နှုန်းဖြင့် ချေးငွေထုတ်ချေးပေးရန် စီစဉ်နေကြောင်း မ-ထ-သ ၄၅ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ကိုတရုတ်လေးထံမှ သိရသည်။ ''ချေးငွေထုတ်ပေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီက ကမ္ဘောဇဘဏ်ရုံးချုပ်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ ဘဏ်ကတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေး ကြတယ်။ ဒီလိုပံ့ပိုးမှုကြောင့် ၂ဝ၁၇ ခုနှစ် မှာ ဖော်ဆောင်မယ့် အများပိုင် ယာဉ်လိုင်းတွေ အတွက် အဆင်ပြေစေမယ်လို့ မျှော်လင့်မိပါတယ်''ဟု ကိုတရုတ်လေး က ပြောသည်။ ထိုသို့ဆွေးနွေးရာတွင် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီများ၊ ယာဉ်ပိုင်ရှင်များ တက်ရောက်ခဲ့ကြပြီး ကမ္ဘောဇဘဏ် လီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ကျော်မျိုးက ချေးငွေထုတ်ချေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယာဉ်သစ်များ ဝယ်ယူနိုင်ရန် ယာဉ်တစ်စီးအတွက် ထုတ်ပေးမည့် ချေးငွေ ငွေကျပ် သိန်း ၁၈ဝ ကို ယာဉ်ပိုင်ရှင်က သုံးနှစ်အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်ပြီး ကနဦးပေးသွင်းငွေအဖြစ် ယာဉ်တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းနှင့် ဘဏ်၏ ဝန်ဆောင်စရိတ် ၁ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်သည်။
ထိုချေးငွေစနစ်ရယူထားသော ယာဉ်များသည် အလုံးစုံအာမခံ အမျိုးအစားကိုလည်း ရရှိမည်ဖြစ်ပြီး ဘဏ်ချေးငွေပေး မည့် အသေးစိတ် အချက်အလက်များကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ ယာဉ်ဟောင်းများကို သံရည်ကျိုအပ်ပြီးနောက် ဘတ်စ်ယာဉ်ဟောင်း စလစ်နှင့် CNG စလစ်ကိုတင်သွင်း အသုံးပြုမည့် ယာဉ်အသစ်တွင် ယင်းချေးငွေကို ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်မှ ထောက်ပံ့ပေးသည့် ချေးငွေသည် ၂ဝဝ၇ မော်ဒယ် ဟွန်ဒိုင်းစီးတီးဘတ်စ် တစ်စီး၏ ဆိပ်ကမ်းအရောက် တန်ဖိုး၊ အခွန်ကျသင့်ငွေနှင့် လုပ်ငန်းခွင်ထဲအရောက် ပြင်ဆင်စရိတ်တို့အတွက် အသုံးပြုနိုင်မည့် အနေ အထားမျိုး ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment