Friday, December 2, 2016

အဂတိလိုက်စားမှုနဲ့ အာဏာကို အလွဲသုံးစားမှုက အမြစ်တွယ်နေတော့ အများကြီး ခက်ခဲနေတာ – ဦးအောင်မျိုးမင်း

မြန်မာပြည် လူ့အခွင့်အရေးကိစ္စတွေကို ပြည်ပမှာ အနှစ် ၂၀ ကျော်လောက် ကြိုးပမ်းဆောင်ရွက်ခဲ့၊ အခုလက်ရှိ မြန်မာပြည်တွင်း ဝင်ပြီးတော့ Equality Myanmar ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းရဲ့ အနှစ် ၂၀ ကျော် လူ့အခွင့်အရေးကိစ္စတွေ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေ၊ အခု မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်နေချိန်၊ အစိုးရအပြောင်းအလဲ ဖြစ်နေချိန်၊ ဒီမိုကရေစီအစိုးရ ဖြစ်နေတဲ့အချိန် မြန်မာပြည် လူ့အခွင့်အရေး အခြေအနေ ဘယ်အခြေအနေ ဖြစ်နေလဲဆိုတာ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး – ကိုအောင်မျိုးမင်း၊ ကျနော်တို့ ၂၀၁၄ ပြီးခဲ့တဲ့ ၂ နှစ်လောက်က အစိုးရ မပြောင်းသေးတဲ့အချိန် ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့တာ ရှိပါတယ်။ မြန်မာပြည်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က အခြေအနေပေါ့နော်၊ လူ့အခွင့်အရေး အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေတယ်လို့ ပြောခဲ့တာ ရှိပါတယ်။ အဲဒီတော့ အခုလက်ရှိအခြေအနေ ဘယ်လောက်အထိ ရှေ့ခရီးသွားနေပြီလဲ။ ဒါမှမဟုတ် နောက်ပြန်များ ဆုတ်သွားသလား။



ဖြေ – ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အရင် ပြောခဲ့သလိုပေါ့နော်။ အရင်တုန်းက အရမ်းဆိုးဝါးခဲ့တဲ့ ကာလတခုကို ဖြတ်သန်းခဲ့တော့ အခုလိုမျိုး အရင်အစိုးရလက်ထက်မှာ တချို့သော ပြုပြင်ပြောင်းလဲမှုတွေက ရှိလာခဲ့တဲ့အတွက် အပေါင်းလက္ခဏာဆောင်လာပြီလို့ ကျနော် ပြောခဲ့ပါတယ်။ အခုလက်ရှိ အစိုးရအနေနဲ့ ပြောမယ်ဆိုရင်တော့ အပေါင်းလက္ခဏာဆောင်သော အခြေအနေတော့ ရောက်နေတယ်။ ဒါပေမယ့် တချို့သောကိစ္စတွေမှာ ရှေ့ဆက်တိုးဖို့အတွက် အခက်အခဲတွေ ဆက်လက်ရှိနေတုန်းပဲဆိုတဲ့ အကြောင်းအရာလေးတွေ ရှိတယ်ပေါ့နော်။

မေး – တချို့ကိစ္စဆိုတာ ဘယ်လိုကိစ္စမျိုးလဲ။

ဖြေ – ဟုတ်ကဲ့။ ပထမဦးဆုံး ကျနော် ပြောချင်တာက ပြည်တွင်းပဋိပက္ခ ကိစ္စတခုပါ။ အရင်တုန်းကလည်း ဖြစ်ခဲ့တယ်။ အခုလည်း ဆက်လက်ဖြစ်နေတယ်။ အခု ပြည်တွင်းမှာ ပြည်တွင်းစစ်လို့တောင် ခေါ်လို့ရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေက အမှန်ဆို ချုပ်ငြိမ်းသင့်ပြီ။ ဒီအစိုးရလက်ထက်မှာ ဒါနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ၊ ကြိုးပမ်းမှုတွေ ကျနော် အသိအမှတ်ပြုတယ်၊ ကြိုဆိုတယ်။ ကျနော် အသိအမှတ်ပြုသလိုပဲ လူထုက မျှော်လင့်တောင့်တမှုတွေ အများကြီးရှိတယ်၊ မျှော်လင့်ချက်တွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် ဘာဖြစ်နေလဲဆိုတော့ တဘက်မှာ ငြိမ်းချမ်းရေးကိစ္စကို သွားနေသည့်တိုင်အောင် တကယ့်မြေပြင်မှာဆိုရင် တိုက်ပွဲတွေဖြစ်နေခြင်းကိစ္စက အားလုံးအသိပါပဲ။ အဲဒီတော့ တိုက်ပွဲဖြစ်နေခြင်းကိစ္စကြောင့် လူ့အခွင့်အရေးကိစ္စကို သုံးသပ်မယ်ဆိုရင် အပြစ်မဲ့ပြည်သူတွေ သေဆုံးတာတွေ၊ ကျေးလက်တောရွာမှာ ရှိတဲ့သူတွေ တခါတလေ ဖမ်းဆီးနှိပ်စက်ခံရတာတွေ ရှိနေတယ်။ အဲဒီတော့ တဘက်မှာ ကြိုးပမ်းမှုကို ရှေ့ကိုသွားပေမယ့် တကယ် လူ့အခွင့်အရေးအရ သွားနိုင်သလောက် သွားသင့်သလောက် မသွားနိုင်ဘဲ တိုက်ပွဲတွေ ဖြစ်နေခြင်းက ကျနော်တို့ ပထမဦးဆုံး သွားချင်ပေမယ့် တိုးလို့မရတဲ့ အခြေအနေတခုလို့ ပြောချင်ပါတယ်။

မေး – ဒါကတော့ ပြည်တွင်းစစ် ပဋိပက္ခတွေမှာ ဖြစ်နေတဲ့ နမူနာတခုကို ပြောတာပေါ့နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ ပြောကြမယ်ဆိုရင် နိုင်ငံတကာ ဆောင်းပါးရှင်တွေ ဝေဖန်တာလည်း ရှိပါတယ်။ ပြည်တွင်းဆောင်းပါးရှင်တွေ ဝေဖန်တာလည်း ရှိပါတယ်။ ဒီကိစ္စမှာ ပြည်တွင်းစစ် ဖြစ်နေတယ်။ စစ်တပ်က တဘက်၊ အစိုးရက တဘက် ဆိုတာမျိုး ဖြစ်နေတယ်။ ဆိုလိုတာက အစိုးရကိုယ်တိုင်က စစ်တပ်အပေါ်မှာ လွှမ်းမိုးနိုင်တဲ့အာဏာ မရှိဘူးဆိုတော့ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ ခုနက ကိုအောင်မျိုးမင်း ပြောသလိုမျိုး အရပ်သားတွေ ထိခိုက်တာတွေ ကြားရတာမျိုး ရှိတယ်ပေါ့။ တခြား ဘယ်လိုနည်းလမ်းမျိုးနဲ့ သွားပြီး ဒီလိုကိစ္စတွေ၊ အရပ်သားတွေ ထိခိုက်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိန်းချုပ်နိုင်မလဲ။

ဖြေ – အဲဒီတော့ ခုနကလို စစ်ပွဲတွေဖြစ်ပြီဆိုရင် ကျနော်တို့က အစိုးရတရပ်ပဲ အော်နေလို့ မရဘူးဗျ။ တကယ့်ကို တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တပ်မတော်တွေကလည်း ဒီစစ်ကို တားဆီးချင်တဲ့ဟာမျိုး၊ နောက် အပစ်အခတ်ရပ်စဲဖို့အတွက် လိုအပ်သလို လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တကယ့်ကို ရပ်စဲဖို့အတွက် နည်းလမ်းရှာဖို့လိုတယ်။ အခုဟာက ခုနက ပြောသလိုပဲ။ ကျနော်တို့မှာ ပြည်တွင်းစစ်ကိစ္စ လက်နက်ကိုင်ပဋိပက္ခ ပြောမယ်ဆိုရင် အစိုးရကသတ်သတ်၊ တပ်ကသတ်သတ် ဖြစ်နေတယ်။ အဲဒီတော့ ဒီအခြေအနေကြီးကိုယ်တိုင်က သိပ်ပြီးတော့ ပုံစံမကျတဲ့အရာမျိုး ဖြစ်နေတယ်ဗျ။ အမှန်ဆိုရင် ကျနော်တို့က ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ တပ်တွေပေါ်မှာ အစိုးရကလည်း စကားတွေပြောပြီးတော့ ဒီကိစ္စရပ်နိုင်အောင် လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းမျိုး ရှိရမယ်။ ဒါပေမယ့် မရှိဘူး။ အရင်ကတည်းကလည်းဖြစ်တယ်။ သမ္မတကြီးဦးသိန်းစိန်လက်ထက်ကလည်း ပြောခဲ့တယ်။ စစ်ပွဲတွေ ဖြစ်တယ်။ အခုအချိန်မှာ ဒါမျိုးဖြစ်နေတဲ့ဟာကို ငြိမ်းချမ်းရေးကို ပင်လုံညီလာခံလိုပုံစံမျိုးနဲ့ ခေါ်ပြီးတော့ လုပ်ဆောင်နေတယ်။ ဒါပေမယ့် ဒါကို စစ်တပ်ဘက်က အလေးမထားဘူး။ အဲဒါကိုယ်တိုင်က ဒီမိုကရေစီဆိုတဲ့ အရပ်သားအစိုးရရဲ့ သွားနေတဲ့ပုံစံမျိုး၊ သူတို့ရဲ့ ပေါ်လစီကို အကောင်အထည်မဖော်နိုင်တာ ဖြစ်နေတယ်။ ကျနော်တို့ ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒါမျိုးကို ခွင့်ပြုထားနေတယ်။ တကယ်တမ်း အပစ်အခတ် ရပ်စဲသည့်တိုင်အောင် တကယ် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ စစ်တပ်ကို ကျနော်တို့က ဘယ်လိုမှ ဖိအားမပေးနိုင်တဲ့ပုံစံက လူ့အခွင့်အရေးအရ အမှန်တကယ် ရပြီလား၊ ဒီမိုကရေစီလမ်းကြောင်းအတိုင်း အမှန်တကယ် သွားပြီလားဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်နေပါတယ်။

မေး – အဲဒီတော့ အရင်အင်တာဗျူးတွေတုန်းက ကိုအောင်မျိုးမင်း ပြောဖူးတာ တခု ရှိပါတယ်။ အာဏာရှင်စနစ်ကို မလိုချင်တဲ့လူတွေ ကိုယ်တိုင်ကိုက အာဏာရှင်မဖြစ်ဖို့လိုတယ်၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရကို မလိုချင်တဲ့လူတွေကိုယ်တိုင်ကိုက လူ့အခွင့်အရေး ချိုးဖောက်တာ မဖြစ်ဖို့လိုတယ်ဆိုတာမျိုး ပြောခဲ့တာ ရှိပါတယ်။ သတင်းတွေမှာဆိုရင် အခု စစ်တပ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်တယ်။ နှစ်ပေါင်း ၂၀ ကျော်၊ နှစ်ပေါင်း ၃၀ လောက် တောက်လျှောက် နိုင်ငံတကာမီဒီယာမှာ ပြောခဲ့ကြတယ်။ အစီရင်ခံစာတွေ ထွက်ခဲ့ကြတယ်။ အခုနောက်ဆုံးဖြစ်နေတဲ့ တိုက်ပွဲတွေမှာဆိုရင် အရပ်သား သေတာတွေ အများကြီး ရှိနေတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က ပစ်တဲ့ ကျည်ဆန်တွေ ဆိုတာမျိုး ကျနော်တို့ သတင်းတွေမှာ ဖတ်ရတာတွေရှိတယ်။ ဒီမှာလည်း အမှားအယွင်းတွေများ ဖြစ်နေမလားလို့။ စစ်တပ်က လုပ်ခဲ့တာတွေ ရှိမယ်၊ လုပ်နေတာတွေ ရှိမယ်ပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုယ်တိုင်ကလည်း ဒီပဋိပက္ခတွေကြားထဲမှာ နည်းနည်းအားနည်းနေတာမျိုး ဖြစ်နေမလား။

ဖြေ – ဟုတ်ကဲ့။ အခုဆိုရင် ကျနော်တို့ မူဆယ်ဘက်မှာ ဖြစ်နေတဲ့ ကိစ္စမျိုးဆိုရင် အပြစ်မဲ့ အရပ်သားတွေ ထိခိုက်တာတွေ၊ သူနာပြုယာဉ်တို့၊ နောက် ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့သူတွေကို တိုက်ခိုက်ခံရတဲ့ ကိစ္စတွေ တွေ့နေရပါတယ်။ အမှန်တော့ စစ်ပွဲဆိုင်ရာ ဥပဒေဆိုတာ ဂျီနီဗာကွန်ဗင်းရှင်းလို့ခေါ်တဲ့ လူလူချင်း စာနာထောက်ထားသောဥပဒေ ပါဝင်ပါတယ်။ တပ်တွေ သူတို့ဘာသာတိုက်တာ။ ဒါ စစ်ပွဲအရ စစ်ဥပဒေသပါ။ ဒါပေမယ့် အရပ်သားတွေ ပါဝင်လာပြီဆိုရင် လူသားချင်းစာနာမှု အကူအညီကို လေးစားဖို့ လိုအပ်သလို လူသားချင်းစာနာတဲ့ ဥပဒေတွေကို တန်ဖိုးထားဖို့ လိုအပ်တယ်။ တပ်တဘက်တည်း လုပ်ဆောင်လို့မရဘူး။ ပါဝင်ပတ်သက်နေသော တပ်အားလုံးက ဒါကို သဘောပေါက်ဖို့ လိုအပ်တယ်။ အဲဒီတော့ အခုလိုမျိုး ဖြစ်နေတဲ့အချိန် အငြင်းပွားမှုတော့ ရှိတာပေါ့။ ဟိုဘက်က လုပ်တယ်၊ ဒီဘက်က လုပ်တယ်။ ဒါပေမယ့် လူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင် ဟိုဘက်တပ် လုပ်မှ ပြောမယ်၊ ဒီဘက်တပ်လုပ်လို့ မပြောဘူးဆိုတဲ့ ပုံစံမျိုး မဖြစ်ဘူး။ ဘယ်သူပဲလုပ်လုပ်၊ အရပ်သားတွေကို တိုက်ခိုက်ခြင်း၊ ကလေးများနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို ခုတုံးလုပ်ပြီး လုပ်ဆောင်နေသမျှ၊ ကျူးလွန်သမျှ ဘက်နှစ်ဘက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်မှု၊ အထူးသဖြင့် ဂျီနီဗာကွန်ဗင်းရှင်းလို့ခေါ်တဲ့ လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဘယ်သူကျူးလွန်ကျူးလွန် လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေကိုတော့ ကျနော်တို့က ရှုတ်ချရမှာ ဖြစ်ပါတယ်။ ဒါမှသာ လူ့အခွင့်အရေး ကာကွယ်တာ ဖြစ်မယ်။ ဒါမှမဟုတ်ဘဲ တဘက်လုပ်တာပဲ ပြော၊ တဘက်လုပ်တာ  မပြောဘူးဆိုရင်တော့ ဒါက ဘက်လိုက်သောအရာ ဖြစ်တယ်။ ကျနော်တို့က ကျူးလွန်တဲ့သူကို မကြည့်ဘူး။ ကျူးလွန်ခံရတဲ့သူတွေက ဘယ်သူတွေလဲ။ အဲဒီအပေါ်မှာ ဘယ်လိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ဆောင်လဲ။ အဲဒီအပေါ်မှာ မူတည်ပါတယ်။ စစ်တပ်ကျူးလွန်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုပါ။ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုပါ။ ဒါကို အမှန်တရားအတိုင်း ကျနော်တို့က တင်ပြဖို့ လိုအပ်ပါတယ်။

မေး – ဟုတ်ကဲ့ခင်ဗျ။ ဒါကတော့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောသွားတာပေါ့နော်။ ကျနော်တို့ မြန်မာပြည်မှာ ကိုအောင်မျိုးမင်းတို့လည်း တောက်လျှောက် လူ့အခွင့်အရေးကိစ္စ လုပ်ခဲ့တယ်။ အရင်တုန်းကဆို မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း၊ အစိုးရကိုယ်တိုင် အသိအမှတ်ပြုခဲ့တဲ့ အဖွဲ့အစည်း မရှိခဲ့ဘူး။ လုပ်တဲ့သူတွေကိုတောင်မှ ထောင်ချခဲ့တဲ့ ကာလတွေ ရှိခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရသစ် တက်လာတဲ့အချိန်ကျမှ လူ့အခွင့်အရေးကော်မရှင်ဆိုတဲ့အဖွဲ့ ပေါ်လာတယ်။ အဲဒီတော့ လူ့အခွင့်အရေးကော်မရှင်မှာဆိုလည်း ပြီးခဲ့တဲ့လပိုင်းဆိုရင် အငြင်းပွားမှုကိစ္စတွေ အများကြီး ရှိခဲ့တယ်။ အခုလက်ရှိ ဒီလိုမျိုး အရေးကြီးတဲ့ Organization တခု၊ Mechanism တခု ဘယ်လောက်အထိ အလုပ်လုပ်နိုင်ပြီလဲ။ အခုက ပြောတဲ့ စစ်ပွဲလိုကိစ္စမျိုးတွေမှာ ဒီ Mechanism ရဲ့ အလုပ်လုပ်ပုံတွေမှာ အားနည်းချက်တွေများ ရှိနေသလား။ ကိုအောင်မျိုးမင်း ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ – ဟုတ်ကဲ့။ လူ့အခွင့်အရေးကော်မရှင်ကို ကျနော်တို့ ထောက်ပြဝေဖန်တာတွေ အများကြီးရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်ဆိုတာက ပြင်သစ်မှာ ချမှတ်ထားတဲ့ Paris Principle နဲ့ ကိုက်ညီရမယ်။ အဓိကက လွတ်လပ်မှု ရှိရမယ်။ သူ့ရဲ့လုပ်ဆောင်မှုက အစိုးရကနေ ထိန်းချုပ်မှု မရှိရဘူး။ နောက်တခုက ထိရောက်မှုရှိရမယ်။ လူ့အခွင့်အရေးကိစ္စကို သူပြောထားတဲ့အတိုင်း သူ့ရဲ့တာဝန်ရှိတဲ့အတိုင်း ထိထိရောက်ရောက် လုပ်ဆောင်မှုရှိရမယ်။ လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်တဲ့သူတွေက အလွှာစုံရမယ်။ နောက်ထပ် အရေးကြီးတာက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိရမယ်ဆိုတာနဲ့ တိုင်းတာပါတယ်။ လက်ရှိ ရှိနေတဲ့ လူ့အခွင့်အရေးကော်မရှင်က ကျနော် အမြဲတမ်းပြောထားသလိုပါပဲ။ သမ္မတက ရွေးချယ်တင်မြှောက်ပြီးတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကနေ သိထားတဲ့သူတွေ မဟုတ်ဘူး။ အဲဒီတော့ တခါတလေ အစိုးရတပ်တွေမှာ ဖြစ်သလို မိုးကျရွှေကိုယ်တွေ များနေတယ်။ အားလုံးကလည်း အရင်တုန်းက အစိုးရပိုင်းမှာ တာဝန်ယူထားတဲ့သူတွေဖြစ်တော့ လူတွေက ပိုပြီးတော့ ပြောစရာတွေ ဖြစ်တာပေါ့။ နောက် ဒီဟာကို လုပ်ပိုင်ခွင့်ထဲမှာ သူတို့မှာ လုပ်ပိုင်ခွင့်က အမှန်တော့ ပေးထားပါတယ်ဗျ။ လူ့အခွင့်အရေးကို ကာကွယ်ရေးနဲ့ လူ့အခွင့်အရေး မြှင့်တင်ရေး နှစ်ခုလုံး လုပ်ဆောင်ထားတယ်။ လူ့အခွင့်အရေး ကာကွယ်ရေးအရ တိုင်ကြားမှုတွေကို လုပ်ဆောင်ပေးရမယ်ဆိုတဲ့အရာတွေ ရှိတယ်။ မြှင့်တင်ရေးအရ အစိုးရကို လေးစားလိုက်နာအောင် တိုက်တွန်းပြောဆိုတာ ရှိမယ်။ ဒါပေမယ့် စစ်ပွဲဖြစ်တိုင်းဖြစ်တိုင်း လူ့အခွင့်အရေးကော်မရှင်က ငြိမ်နေပါတယ်။ တချို့ဆို အရင်တုန်းက လူ့အခွင့်အရေးကော်မရှင်ရဲ့ဥက္ကဋ္ဌနဲ့ မီဒီယာရဲ့ ပြောဆိုချက်မှာဆိုရင် စစ်ပွဲတွေမှာ ဘက်နှစ်ဘက်စလုံး ကျူးလွန်တာဖြစ်တဲ့အတွက် သူတို့ ဒီကိစ္စကို မပြောဘူးဆိုတာက လျစ်လျူရှုခြင်းသဘောမျိုး သက်ရောက်နေတယ်။ အမှန်တော့ ဘယ်သူပဲကျူးလွန်ကျူးလွန်၊ ကျူးလွန်မှုကို လူ့အခွင့်အရေးကော်မရှင်က မားမားမတ်မတ် ထုတ်ဖော်ပြောဆိုပြီးတော့ ကျူးလွန်တဲ့သူတွေ ရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ အစိုးရက တာဝန်ရှိသလို ဂျီနီဗာကွန်ဗင်းရှင်းလို အရာတွေ၊ အမျိုးသမီးနဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ရမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ တွေကို လိုက်နာရမှာတွေ။

မေး – ဒါတွေက မြန်မာအစိုးရက လက်မှတ်ထိုးပြီးသား ကိစ္စတွေလား။

ဖြေ – ဟုတ်ကဲ့။ အကုန်လုံး ထိုးထားပြီးသားပါ။ ဒါပေမယ့် လက်မှတ်ထိုးစရာမလိုဘဲနဲ့ လူ့အခွင့်အရေး လုံခြုံရေးကောင်စီကနေ ချမှတ်ထားတဲ့အရာတွေ ဖြစ်တဲ့အတွက် လက်မှတ်ထိုးစရာ မလိုဘဲနဲ့ နိုင်ငံတိုင်း လိုက်နာရမယ့် Customary International Laws တွေ ဖြစ်ကုန်ပါပြီ။ လိုက်နာသင့်သော နိုင်ငံတကာ Laws တွေ ဖြစ်တဲ့အတွက် လက်မှတ်ထိုးခြင်း၊ မထိုးခြင်းနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် အဲဒါတွေကို ဖော်ထုတ်ဖို့။ နောက်တခါ အဲဒီနေရာတွေမှာ ဖြစ်တတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုင်ကြားလာရင် အရေးယူဖို့။ ကျနော်တို့ အဲဒီအပိုင်းမှာတော့ လူ့အခွင့်အရေးကော်မရှင်က အခုချိန်ထိ အားနည်းနေတုန်းပါပဲ။ အဲဒီတော့ လူ့အခွင့်အရေးကော်မရှင်ရဲ့ လွတ်လပ်မှုကို မေးခွန်းတွေ ထုတ်သလို သူ့ရဲ့ထိရောက်မှုကိုလည်း လူတွေက သံသယရှိနေတဲ့ အခြေအနေမျိုး ဖြစ်နေတုန်းပါပဲ။

မေး – အဲဒီတော့ ထိရောက်မှုအကြောင်း ပြောမယ်ဆိုရင် ကျနော်တို့ ကိုအောင်မျိုးမင်းကိုပဲ ကြည့်ကြရအောင်။ လူ့အခွင့်အရေး လှုပ်ရှားသူတယောက်။ တကယ့်ကို အကျပ်အတည်းကာလမှာ နိုင်ငံခြားမှာ ရပ်တည်ပြီးတော့ လုပ်ခဲ့ရတယ်။ အခု မြန်မာပြည်ထဲမှာ လာလုပ်နေရတယ်။ ကိုအောင်မျိုးမင်း အရင်အင်တာဗျူးတွေတုန်းက ပြောခဲ့တာရှိတယ်။ ခေတ်တွေက ဘယ်လိုဖြစ်လာလဲဆိုတော့ ပြောချင်ရာပြော နင်တို့သာ အသံကုန်သွားမယ်၊ ငါတို့ကတော့ လုပ်ချင်မှလုပ်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါက အခုအချိန်အထိ ရှိနေတုန်းလား။ ပြောင်းသွားပြီလား။

ဖြေ – အရင်ကထက် ပြောလို့ရတာတော့ သေချာတယ်။ အဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံတင်လို့ရလာတယ်။ လူ့အခွင့်အရေးကိစ္စကို အခုလို သတင်းမီဒီယာက ပြောလာနိုင်တယ်။ အစိုးရပိုင်မီဒီယာတွေမှာ ဒါကို တင်ဆက်လာတာ တိုးတက်မှုပေါ့။ ဒါပေမယ့် ပြောရရင်တော့ တကယ်တမ်း လေးစားမှုရှိရဲ့လားဆိုတဲ့ အပိုင်းလေးပါ။ အဲဒီနေရာမှာ နိုင်ငံတခုကို ကာကွယ်စောင့်ရှောက်ပေးတဲ့၊ ဒါမှမဟုတ် အပြန်အလှန် လုပ်ဆောင်နေတဲ့ တရားဥပဒေပြုရေး၊ လွှတ်တော်၊ တရားစီရင်ရေး၊ တရားရုံးနဲ့ အစိုးရ အုပ်ချုပ်ရေးအပိုင်းကို ကျနော်တို့ ကြည့်ရပါမယ်။ အခု နားထောင်မှုအပိုင်းမှာ ကျနော်တို့ ကြည့်မယ်ဆိုရင် လွှတ်တော်ပိုင်းမှာ ပိုပြီးနားထောင်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က ပြောတဲ့အချက်တွေ ဖြစ်တဲ့ ဥပဒေကြမ်းတွေကို တင်သွင်းတာတွေ ပြောင်းဖို့အတွက် ပြောတာ ဖြစ်တယ်။ ဒါပေမယ့် လွှတ်တော်ပိုင်းမှာက အားကောင်းပြီးတော့ ကျန်တဲ့အစိုးရပိုင်းက အားနည်းတာတွေ။ အဆိုးဆုံးက တရားစီရင်ရေးအပိုင်းမှာ တကယ်တမ်း လူ့အခွင့်အရေးကို လေးစားပြီးတော့ တိုးတက်လာတဲ့အပိုင်းမှာ အားနည်းတယ်။ ဒေါက်တိုင်သုံးခုမှာ ဒေါက်တိုင်တခုပဲ ခိုင်ပြီးတော့ ကျန်တဲ့နှစ်ခုက ပြိုလဲနေတယ်၊ ပျက်စီးနေတယ်၊ အားမကောင်းလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ကျနော်ပြောချင်တာက လွှတ်တော်ပိုင်းမှာတော့ နားထောင်မှု ရှိလာတယ်။ ပြည်သူ့အသံ၊ လွှတ်တော်အသံ ဆိုတဲ့အတိုင်း တင်ပြမှုရှိတယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က တခါတလေ ရင်ဖွင့်လာတယ်။ ဘာလဲဆိုတော့ ငါတို့က တင်ပြီးတော့ မေးခွန်းတွေတောင် ကောင်းကောင်းမဖြေဘူး။ ကောင်းမွန်တဲ့မေးခွန်း မဖြစ်ဘူး။ နောက် တရားစီရင်ရေးအပိုင်းကျတော့ ဘာမှ ပြုပြင်ပြောင်းလဲမှု မရှိဘူးဆိုတဲ့ အသံတွေက ကျန်တဲ့ ဒေါက်တိုင်နှစ်ခု အားနည်းချက်။ လူထုက ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဒေါက်တိုင်နှစ်ခုစလုံးကနေ လေးစားတဲ့အသံပိုင်းမှာတော့ စိတ်မကောင်းစရာပဲ အားနည်းနေတယ်လို့ ထောက်ပြချင်ပါတယ်။

မေး – လူထုအခြေပြု အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ လက်ရှိမြန်မာပြည်အခြေအနေမှာ ရှေ့ကထက် ပိုပြီးတော့ အရာရောက်သလား။

ဖြေ – အခုဆိုရင် အသင်းအဖွဲ့တွေကို လွယ်လွယ်ကူကူ မှတ်ပုံတင်နိုင်တယ်။ မှတ်ပုံမတင်သည့်တိုင်အောင် ဒီအသင်းအဖွဲ့တွေက လုပ်ဆောင်နိုင်တယ်လို့ ဥပဒေတွေက ပေါ်ပေါက်လာပါတယ်။ ဒါ အားကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ မသိမမြင်နိုင်သော ဖိအားတွေက ရှိနေတုန်းပဲ။ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပါ။ အခုဆိုရင် ၆၆(ဃ) ဆိုတာ တော်တော်ကြီးကို ကြောက်စရာ ဖြစ်လာပါတယ်။ အရင်တုန်းကတော့ ၅၀၅(ခ) ပေါ့နော်။ အခုက နံပါတ်တော့ ပြောင်းသွားတယ်။ ဒါပေမယ့် လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဥပမာ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ကို ပြောမယ်ဆိုရင် လူတယောက်အပေါ်မှာ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုတာ အမှန်က ရာဇသတ်ကြီးပုဒ်မမှာ ရှိထားပြီးသား။ ဒါက လိုရင်လိုသလို စွဲနိုင်တာ။ ပိုဆိုးတာက စွဲလိုက်တာနဲ့ ထောင်ထဲကို ရောက်မှာ။ အာမခံမရဘူးဆိုတဲ့ အရာမျိုးတွေက တခါတလေ လုပ်ချင်သလို လုပ်ဖို့အတွက် ဆွဲထားတဲ့ဥပဒေ ဖြစ်နေတယ်။ ဥပဒေက အလုပ်အောင်ဖို့ထက် ချုပ်နှောင်ဖို့ ပိုများနေတယ်။ အခုအချိန်မှာ ဒါကို ဒီအတိုင်းပဲ ကျင့်သုံးနေခြင်းက တခါတလေကျရင် ကျနော်တို့မှာ ပါးစပ်တွေ သတိထားနေရပါတယ်။

မေး – လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ကိုအောင်မျိုးမင်းတို့လို အဖွဲ့အစည်းတွေ ဝင်ပါလို့ရတယ်၊ ဝင်ဆွေးနွေးလို့ရတယ်၊ စည်းရုံးလာလို့ ရတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းနေတာမျိုး ဖြစ်နေတယ်။ လွှတ်တော်ဆိုရင် တကယ်ကို လူထုအသံကို နားထောင်ပြီးမှလုပ်တာ။ ဒါပေမယ့် တကယ့် လူတွေကို အကျိုးပြုနိုင်တဲ့ ကိစ္စတွေ၊ လူတွေ လိုချင်တဲ့ကိစ္စတွေ ဆောင်ရွက်တဲ့အပိုင်းမှာတော့ အုပ်ချုပ်ရေးအပိုင်းက လုပ်ရမယ့်အပိုင်းတွေ ရှိမှာပေါ့နော်။ ဘာဖြစ်လို့ အားနည်းသလဲ။ ဆိုလိုတာက မဖြစ်မနေ လုပ်ရမယ့် ဥပဒေတွေ အားနည်းနေတာလား၊ ဒါမှမဟုတ် ရှိပြီးသားဥပဒေတွေကို ဆောင်ရွက်တဲ့နေရာမှာ မူမမှန်တဲ့ကိစ္စတွေများ ဖြစ်ထွန်းနေသလား။

ဖြေ – ဟုတ်ကဲ့။ ကျနော်တို့ ပထမဆုံး ကြည့်မယ်ဆိုရင် လွှတ်တော်ရဲ့တာဝန်ကတော့ ဥပဒေပြုရေးတာဝန် ဖြစ်တယ်။ အဲဒီတော့ ဥပဒေတွေ ဖြစ်လာဖို့အတွက်၊ ဥပဒေတွေ ပြောင်းနိုင်ဖို့အတွက် သူတို့ တတ်နိုင်သရွေ့ ကြိုးစားနေတယ်။ ဒါပေမယ့် ဥပဒေနဲ့ ပေါ်လစီကို အကောင်အထည်ဖော်ဖို့အတွက်ကတော့ ဒေါက်တိုင်နှစ်ခုဖြစ်တဲ့ အစိုးရရယ်၊ တရားစီရင်ရေးအပိုင်းပဲ။ ဒီအုပ်ချုပ်ရေးပိုင်းမှာ တခါတလေ ဘာတွေ့ရသလဲဆိုတော့ ဥပဒေတွေ၊ ပေါ်လစီတွေ ချမှတ်သည့်တိုင်အောင် ပြောင်းလဲချင်သောစိတ် မရှိသော တချို့သောလူတွေက ဆက်လက်ပြီးတော့ အုပ်ချုပ်ရေးမှာ တာဝန်ယူနေတာ။ မူတော့ ပြောင်းတယ်၊ လူမပြောင်းဘူး။ အဲဒီတော့ လူတွေက ဗျူရိုကရေစီစနစ်ကြီးတခုလုံးကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်နေတဲ့အရာ ဖြစ်တယ်။ တဘက်ကလည်း ပြောင်းလဲချိန်တန်ပြီဆိုတဲ့ လေလှိုင်းကြီးတိုက်လာတယ်။ ဒါပေမယ့် အဲဒီဟာတွေက ခုန ယန္တရားကို ဖြိုဖျက်ဖို့အတွက် အခက်အခဲရှိတယ်။ ဘာကြောင့်လဲဆိုတာ့ မလှုပ် မရှုပ် မပြုတ် ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေတုန်းပဲ။ တချိန်တည်းမှာပဲ ပြောင်းလည်း ဘာမှမထူးပါဘူး၊ အရင်အတိုင်းပဲဆိုတဲ့ အဟောင်းကို ခုံမင်နေသော ယန္တရားနဲ့ ခွေးသားစိတ်လို့ခေါ်လို့ရတဲ့ အသိုင်းအဝိုင်းက ရှိနေတုန်းပဲ။ နောက်တခုက ဥပဒေတွေ ဘယ်လောက်ထိရှိရှိ ဥပဒေကို ကျင့်သုံးမယ့် တရားစီရင်ရေးမဏ္ဍိုင်က ဒီဥပဒေကို ကဖျက်ယဖျက်လုပ်လည်း ဘာမှမတတ်နိုင်ဘူးဗျ။ အခု အမှုတွေ အများကြီး ဖြစ်နေတယ်။ အမှန်ဆို ဥပဒေအတိုင်း အကောင်အထည်ဖော်ရင် ဒီဟာက ထိုက်သင့်တဲ့ ဥပဒေတွေ ဖြစ်လာသလို အရေးယူဖို့ ဖြစ်လာမယ်။ ဒါပေမယ့် ဘာဖြစ်လာလဲ။ တရားစီရင်ရေးအပိုင်းမှာပါတဲ့ တရားသူကြီး အပါအဝင် တရားရေးမဏ္ဍိုင်က ပြိုလဲပြီးတော့ အဂတိလိုက်စားမှုတွေ၊ မျက်နှာလိုက်မှုတွေ၊ ဥပဒေအတိုင်း ထိထိရောက်ရောက် မလုပ်ဆောင်မှုတွေကြောင့် ဒီဥပဒေကြီးက ရှိပေမယ့် အကောင်အထည်ဖော်မှုမှာ အားနည်းနေတယ်။ အဓိက ကျနော်တို့ဆီမှာ အများဆုံး ဖြစ်နေတာက အဂတိလိုက်စားမှုနဲ့ အာဏာကို အလွဲသုံးစားမှုက အမြစ်တွယ်နေတော့ အများကြီး ခက်ခဲနေတာ။ အဲဒီနောက်ပိုင်းမှာ ဘာဖြစ်လာလဲ၊ မတရားမှုတွေ ဖြစ်လာတယ်။ အထူးသဖြင့် ငွေကြေးမရှိတဲ့သူတွေ၊ ပညာမတတ်တဲ့သူတွေ၊ မပြောရဲ မဆိုရဲ ဖြစ်တဲ့သူတွေကို ငွေရှင်ကြေးရှင်နဲ့ နီးစပ်တဲ့သူတွေက အမြဲတမ်း အနိုင်ကျင့်မှုတွေ ဖြစ်လာတဲ့အတွက် လူ့အခွင့်အရေးလည်း ချိုးဖောက်ခံရသေးတယ်၊ တရားဥပဒေစီရင်ရေးမှာလည်း မမှန်မကန် လုပ်ခံထိသေးတယ်။ ဒီကြားထဲမှာ လာဘ်စားမှုတွေကြောင့် ဆက်ပြီးတော့ လူ့အခွင့်အရေးကို ချိုးဖောက်ခံနေရတဲ့ ဘဝက တကယ့်ကို ရင်နာစရာကောင်းနေပါတယ်။

မေး – အဲဒီတော့ ခုနကလို အားနည်းတဲ့သူတွေအပိုင်း ပြောမယ်ဆိုရင် ဒီလတွေအတွင်းမှာ အများဆုံး ဖော်ပြကြတာက သက်ငယ်မုဒိမ်းလို ကိစ္စမျိုးပါ။ ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ရင် တော်တော်လေးကို မြင့်တက်လာတဲ့သဘောမျိုး။ နှစ် ၂၀၊ ၁၀ နှစ်လောက်အတွင်းမှာတောင် တော်တော်များတဲ့နှုန်းလို့ မီဒီယာတွေက ရေးကြတာပေါ့လေ။ ဒါလည်း မီဒီယာတွေ ပွင့်လင်းလာတာနဲ့ ဆိုင်ကောင်းဆိုင်နိုင်တာပေါ့နော်။ ဒါမှမဟုတ် ခေတ်ကလည်း ဖြစ်လာတာမျိုး ဖြစ်နိုင်တယ်။ ဒီလိုလူတွေကို အပြစ်ပေးတဲ့နေရာမှာ ဘယ်လိုဖြစ်သင့်သလဲဆိုတဲ့အပေါ်မှာ အငြင်းပွားကြတာ ရှိပါတယ်။ တဘက်ကတော့ လူ့အခွင့်အရေးရှုထောင့်က ပြောကြတာရှိတယ်။ တဘက်ကတော့ ရာဇဝတ်မှု နှိမ်နင်းရေးဘက်က ပြောကြတာ ရှိပါတယ်။ ကိုအောင်မျိုးမင်းတို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ ဒီကိစ္စတွေအပေါ်မှာ ဘယ်လိုများ မြင်လဲ။

ဖြေ – ဟုတ်ကဲ့။ ပထမဦးဆုံး ဘယ်လိုအပြစ်ပေးမလဲဆိုတာ မပြောခင် ဘယ်ဥပဒေနဲ့ ကိုင်တွယ်လဲဆိုတာ အရင်သွားဖို့ လိုအပ်တယ်ဗျ။ ကျနော်တို့တိုင်းပြည်မှာ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်ကို လက်မှတ်ထိုးထားတဲ့အတွက် ၁၉၉၃ ခုနှစ်ကတည်းက ကလေးစာချုပ်ဆိုတာ ရှိထားပြီးသား။ Child Law ဆိုတာ ရှိထားပြီးသား။ အဲဒါတွေက အခုချိန်ထိ ဆက်ရှိနေတယ်။ ပြောင်းလဲဖို့လုပ်ပေမယ့် ပြောင်းလဲတဲ့အဆင့် မရောက်သေးဘူး။ အဲဒီဥပဒေက လက်ရှိတည်ရှိနေတဲ့အချိန်မှာ ကလေးအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ထိထိရောက်ရောက် အရေးယူနိုင်သော အဓိပ္ပာယ်သတ်မှတ်ချက် မပါဘူး။ အဲဒီတော့ ပြဿနာတက်ပြီ။ နောက်တခုက ကလေးအခွင့်အရေးစာချုပ်အရ အရေးမယူနိုင်တဲ့အတွက် ရာဇဝတ်မှုအရ အရေးယူမယ်ဆိုရင် ပုဒ်မ ၃၇၆ ကိုပဲ ကိုင်တွယ်ပြီးတော့ ဖြေရှင်းလို့ရမယ်။ အဲဒီဥပဒေအတိုင်းဆိုရင် ပြစ်ဒဏ်က ၁၀ နှစ်ကနေ တသက်တကျွန်းအထိ ချနိုင်တယ်ဆိုတာမျိုး ဖော်ပြထားတယ်။ အဲဒါက ဥပဒေထဲမှာ။ အမှန်တကယ် ရှိသင့်တာကတော့ ဒီလိုမျိုး ကလေးသူငယ်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုက ပထမဆုံး အဆိုးဝါးဆုံး ကလေးသူငယ်အပေါ်မှာ အခွင့်အရေးချိုးဖောက်မှု ဖြစ်သလို လူမဆန်သော ရာဇဝတ်မှု ဖြစ်တဲ့အတွက် သာမန် ရာဇသတ်ကြီးပုဒ်မလောက်ကို ကိုင်တွယ်ပြီး လုပ်ဆောင်နေတာထက်စာရင် တကယ့်ကို ကလေးသူငယ် သက်ငယ်မုဒိမ်းတွေကို သတ်မှတ်ပြီးတော့ ကြီးလေးသောပြစ်ဒဏ်ပေးသော ဥပဒေတရပ် လိုအပ်တယ်။

မေး – သီးသန့်ဥပဒေတရပ်ရှိဖို့ လိုတာပေါ့။

ဖြေ – သီးသန့်ဥပဒေတရပ်ကို လိုတယ်။ ဘာလို့လဲဆိုတော့ ဒါက အရမ်းဆိုးလွန်းတယ်။ အဲဒီတော့ ပထမဆုံး ကျနော်တို့ လုပ်ဆောင်ဖို့အတွက်က လက်ရှိမှာ အဲဒီဥပဒေမရှိဘူး။ နောက်ထပ် အရေးယူမှုအပိုင်း။ အမှန်ဆိုရင် ကျနော်တို့အနေနဲ့ တချို့က သေဒဏ်ပေးမှုကို တောင်းဆိုတာ ရှိပါတယ်။ ဟုတ်ပါတယ်။ ခံစားတဲ့လူတွေက ပိုပြီးတော့ ခံရခက်မှာပေါ့။ သေဒဏ်ပေးချင်တယ်ဆိုတာ၊ သူ့ကို လက်စားချေချင်တာ၊ နောင်ကြဉ်သွားအောင် လုပ်ဆောင်ချင်တာ အပြစ်ပေးချင်တဲ့ဆန္ဒ။ အဲဒီလိုမျိုးပုံစံနဲ့ ကျင့်သုံးပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ သေဒဏ်ပေးမှုကို ဖျက်သိမ်းဖို့သင့်တယ်ဆိုတဲ့ အတွေးအခေါ် တော်တော်လေး များလာတယ်။ အဲဒီတော့ ဘာကြောင့်လဲဆိုတော့ သေဒဏ်ပေးရုံနဲ့ အဲဒီလူတယောက်က ဒီလိုမျိုး လုပ်ဆောင်တာဟာ လူ့အခွင့်အရေးအရ မလုပ်သင့်သောအရာ ဖြစ်တယ်။ နောက်တခုက သူ့ကို ထောင်ချခြင်းက သူ့ကို နောင်တရဖို့အတွက်၊ နောက်တခါ ဒါမျိုးမဖြစ်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲဖို့အတွက် လုပ်ဆောင်ပေးရမယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တချို့နိုင်ငံတွေမှာ ထောင်ဆို ထောင်လို့တောင် မခေါ်ပါဘူး။ Correction Department ပြုပြင်ပြောင်းလဲရေးဌာနလို့ ခေါ်ကြတယ်။ စာရိတ္တ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ အဲဒါမျိုးကို ကျနော်တို့က ပိုပြီးတော့ ဦးတည်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီပုံစံအတိုင်းဆိုရင် ကျနော်တို့က သာမန်ပြဿနာက ဘာလဲဆိုတော့ ပြစ်ဒဏ်ပေးတဲ့ဥပဒေ ရှိသည့်တိုင်အောင် အောက်ခြေမှာ တရားသူကြီးတွေက ငွေကြောင့်ဖြစ်စေ၊ တခုခုကြောင့်ဖြစ်စေ လျှော့ပေါ့ပြီးပေးတာတွေ ရှိတယ်။ နောက်တခု ပိုဆိုးတာက ပြစ်ဒဏ်ပေးပြီးတော့ ချုပ်ရက်နဲ့ လျှော့ပြီးတော့ လွတ်ရက်တွေနဲ့ ပြန်လွတ်လာတာ ရှိတယ်။ အဲဒီတော့ အမြင့်ဆုံးပြစ်ဒဏ်ဆိုတဲ့ဟာမျိုး ပေးသင့်တယ်။ ဒါကတော့ ကျနော် လုံးဝ လက်ခံတယ်။ တကယ့်ကို အမြင့်မားဆုံးပြစ်ဒဏ် ပေးသင့်တယ်။ ဘာကြောင့်လဲ၊ လူမဆန်တဲ့အတွက်။ အမြင့်မားဆုံးပြစ်ဒဏ်တခုကို စဉ်းစားတဲ့အခါမှာ သေဒဏ်တခုတည်း မဟုတ်ဘဲနဲ့ တကယ့်ကို တသက်လုံး နောင်တရနေအောင်၊ သူ့ရဲ့စိတ်ဓာတ်က ပြန်ပြီးတော့ နောက်တခါ မလုပ်နိုင်အောင်၊ လုပ်ချင်တဲ့စိတ် ပြန်ပြီးတော့မရှိအောင် လုပ်ဆောင်သော ပြစ်ဒဏ်မျိုး ဖြစ်သင့်တယ်။ ဥပမာ- တသက်တကျွန်း၊ အဲဒီမှာ တသက်တကျွန်းတင်မကဘဲနဲ့ သူ့ကို ဘာချုပ်ရက်၊ လျှော့ရက်၊ လွတ်ငြိမ်းချမ်းသာခွင့် ဘာမှခံစားခွင့်မရှိဘဲ လုပ်ဆောင်ဖို့ လိုအပ်တယ်။ နောက်တခုက သေဒဏ်ထဲမှာ အနိမ့်ဆုံး ဘယ်လောက်၊ အမြင့်ဆုံး ဘယ်လောက် သတ်မှတ်တာ မဟုတ်ဘူး။ ကလေးသူငယ်ကို စော်ကားပြီ၊ အနိုင်ကျင့်ပြီဆိုရင် ဒီလိုမျိုး ထောင်ဒဏ် တသက်တကျွန်းချကို ချရမယ့်အရာမျိုးဖြစ်ရင် တရားသူကြီးတွေက ငွေကြောင့် လျှော့လိုက်တာတို့၊ ပြောင်းလိုက်တာတို့ မဖြစ်အောင် လုပ်ဆောင်နိုင်တဲ့အရာမျိုး ပိုပြီးတော့ ဖြစ်သင့်တယ်လို့ ကျနော်က ယူဆတင်ပြချင်ပါတယ်။

မေး – ဟုတ်ကဲ့။ သူကတော့ အမှုတွေဖြစ်လာရင် ဥပဒေတွေရှိမယ်၊ ပုဒ်မတွေရှိမယ်။ တချိန်တည်းမှာ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရား ဆိုတာလည်း ရှိသေးတာကိုး။ ကျနော်တို့ဆီမှာ ဖြစ်နေတာက ဆင်ခြင်တုံတရား ဆိုတာထက်ကို နောက်ကကိစ္စတွေပေါ့နော်။

ဖြေ – ဆင်ခြင်တုံက ငွေဘက်ကိုကြည့်ပြီး ဆင်ခြင်သွားတဲ့သဘောမျိုး ဖြစ်နေတယ်။

မေး – ဟုတ်ကဲ့၊ အဲဒါမျိုး ဖြစ်နေပါတယ်။ အဲဒါတွေက ပြဿနာတွေကို ပိုပြီးတော့ ပြောစရာ ဖြစ်တာပေါ့နော်။

ဖြေ – ကျနော်တို့ အဲဒီလိုမျိုးတွေ ဖြစ်နေတာကို ကြည့်မယ်ဆိုရင် တချို့ဆိုရင် ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနေတာ ထင်ရှားနေပေမယ့်လို့ တရားသူကြီးက ဘယ်လိုမျိုး အမှုဖွင့်လိုက်လဲဆိုတော့ ကြံစည်အားထုတ်မှုအဆင့်နဲ့။ တရားသူကြီးတင်မကဘူး။ အမှုစစ်တဲ့ရဲတွေကပါ ပြောင်းလိုက်တာ။ အဲဒီတော့ တရားရုံးမှာ သွားတင်လိုက်တော့ သေချာတာကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အမှုတင်လာတာက အားထုတ်မှုနဲ့ တင်သွားတယ်။ အမှုက အလိုလို လျော့သွားတယ်။ နောက်တခါ ရုံးမှာ ပြန်မေးတော့ မင်းတို့က ထွက်ချက်က ဒီလိုမျိုးထွက်သွားတော့ မသိတဲ့သူတွေ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးတွေရဲ့ မိဘတွေက ပညာအားနည်းတာတွေ၊ အတွေ့အကြုံ အားနည်းတာတွေ၊ ငွေကြေးအရ နိမ့်ပါးတဲ့သူတွေ ဖြစ်တဲ့အခါကျတော့ သူများပြောရင် ဒီအတိုင်း ခေါင်းညိတ်လိုက်တဲ့ဟာမျိုး။ အဲဒါတွေက ပြဿနာဗျ။ အမှန်ဆိုရင် ကလေးသူငယ်ကို ချိုးဖောက်ပြီဆိုရင် ဒါ သေချာပြီ၊ တသက်တကျွန်းဆိုတာ။ ဘယ်လိုမှ လျှော့လို့မရဘူးဆိုတာမျိုး သိထားရင် ဒါက တကယ့်ကို ကြီးလေးသောပြစ်ဒဏ် ဖြစ်ပါတယ်။

မေး – ဟုတ်ကဲ့။ တရားစီရင်ရေးစနစ်မှာ အခြေခံမူ ရှိတယ်ပေါ့။ ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်။ ဒီကိစ္စမှာက တကယ်ပဲ အဲဒီလို ဖြစ်နေတာပေါ့နော်။ ဒါပေမယ့် ခံရတဲ့သူဘက်က ကြည့်တဲ့အခါကျတော့ ဒါက မတရားမှု ဆိုတာမျိုး ဖြစ်နေတာပေါ့။

ဖြေ – ဟုတ်ကဲ့။ ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ ဆိုတာက သာမန်အမှုမျိုးတွေ ဖြစ်ပါတယ်။ ဥပမာ- အင်းဝကိစ္စဆိုရင် ဒီလိုမျိုး နှိပ်စက်မှုတင်မကဘူး။ လူမဆန်စွာ နှိပ်စက်မှု ဖြစ်တဲ့အတွက် အဲဒါမျိုးကျတော့ ၅ သိန်းလောက်၊ ၁၀ သိန်းလောက်နဲ့တော့ လုပ်လို့မရဘူး။ ဥပဒေက အရမ်းကြီးလွန်းတဲ့အတွက် ဒါမျိုးကျတော့ ပျောက်အောင်လုပ်လို့မရဘူးဗျ။ ထိုက်သင့်သောအရာမျိုး ဖြစ်ရမယ်။ အခု ကျနော်တို့ ဆွေးနွေးနေတာကိုက ကြီးလေးသောပြစ်ဒဏ်ကို ပြောနေကြတာ။ တချို့က ကြီးလေးသောပြစ်ဒဏ်ဆိုရင် သေဒဏ်တခုပဲ မြင်တယ်။ ကြီးလေးသောပြစ်ဒဏ် သေဒဏ်အပြင် နောက်ထပ် ကြီးလေးသောပြစ်ဒဏ် မရှိနိုင်ဘူးလား။ ဒါကို ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

မေး – ဟုတ်ကဲ့။ နောက်တခုက ကျနော်တို့ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ပြောရတဲ့အခါ တဆက်တည်း ပြောလိုက်ချင်တာက ပြီးခဲ့တဲ့ ပြည်တွင်းစစ်တွေထဲမှာ စစ်တပ်က ကလေးစစ်သားတွေ သုံးခဲ့တာတွေလည်း ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က သုံးခဲ့တာတွေလည်း ရှိခဲ့တယ်လေ။ အစီရင်ခံစာတွေ အများကြီးရှိခဲ့တယ်။ အခုနောက်ပိုင်းစစ်ပွဲတွေမှာလည်း အရုပ်တွေမှာ ကလေးစစ်သားဆိုတာမျိုး ပြန်တွေ့လာရတယ်။ တကျော့ပြန်ပေါ့နော်။ အဲဒါ ကိုအောင်မျိုးမင်းတို့ လူ့အခွင့်အရေးသမားတွေ လုပ်နေတဲ့အပိုင်းက ကလေးစစ်သားတွေနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်ရဲ့ နောက်ဆုံး အခြေအနေက ဘယ်လိုမျိုးရှိလဲ။

ဖြေ – ကလေးစစ်သားနဲ့ပတ်သက်လို့ အစိုးရပိုင်းကတော့ အရင်ကထက် အာရုံစိုက်လာတာတွေ၊ ကလေးစစ်သားတွေကို ပြန်လည်ပြီးတော့ လွှတ်ပေးတဲ့သတင်းတွေ မကြာခဏ ကြားရပါတယ်။ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ကလေးဆိုတာ စစ်တပ်ထဲမှာ ရှိသင့်သောအရွယ် မဟုတ်ပါဘူး။ ကလေးဆိုတာ ကျောင်းတွေမှာ ပညာသင်ကြားရမယ်၊ မိဘရင်ခွင်မှာ နေရမယ့်အရွယ်တွေ ဖြစ်တဲ့အတွက် ဒါမျိုးလွှတ်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘာဆက်ဖြစ်နေလဲဆိုတော့ ဘာဖြစ်လို့ ကလေးတွေ ကျန်နေသေးလဲ။ ဘာကြောင့် တသုတ်ပြီးတသုတ် ဆိုမာလီ ပြန်ပေးဆွဲတဲ့သူတွေက ငွေကြေးကြောင့် လွှတ်သလို ဘာကြောင့် ဖြစ်နေတာလဲ။ တခါတည်း စုံစမ်းစစ်ဆေးတာတွေ၊ ဒါတွေကို တပ်တွေအားလုံးကို ကြေညာချက်ထုတ်ပြီးတော့ အားလုံး တပြိုင်နက်လွှတ်လိုက်ရင် မကောင်းဘူးလား။ ဘာကြောင့် အဲဒါ အားနည်းနေတာလဲ။ အဲဒါတော့ သုံးသပ်ဖို့ လိုအပ်ပါတယ်။ အဲဒီတော့ လွှတ်ပေးတာ ကျေးဇူးတင်တယ်။ နောက်တခုက ဘာဖြစ်လဲဆိုတော့၊ ကလေးစစ်သား ဘာကြောင့် သုံးလဲဆိုတော့ တပ်အင်အား တိုးချဲ့ဖို့အတွက် အများဆုံး သုံးကြတယ်။ လူကြီးတွေ သိပ်မဝင်ဘူး။ ဒါကြောင့်မို့လို့ ကလေးတွေ ခေါ်ကြတယ်။ တဘက်မှာ စစ်ပွဲတွေ ဖြစ်နေသမျှ ကာလပတ်လုံး စစ်တိုက်ဖို့အတွက် လူတွေ လိုနေဦးမှာပဲ။ စစ်တိုက်ဖို့ လူတွေက မတိုက်ချင်တော့ရင် ကလေးတွေဘက် လှည့်လာကြမှာပဲ။ အဲဒါက လက်နက်ကိုင်တပ်တွေမှာလည်း ဖြစ်တယ်။ အစိုးရတပ်တွေမှာလည်း ဖြစ်တယ်။ အဓိက ကျနော်တို့ ပြဿနာက ကလေးစစ်သား အသုံးပြုဖို့အတွက်က စစ်သားမလိုသော၊ ငြိမ်းချမ်းရေးရှိသော၊ စစ်ပွဲမရှိသော လူ့ဘောင်အသိုင်းအဝိုင်းကို ထူထောင်ပေးဖို့က အရမ်းအရေးကြီးပါတယ်။ နောက်တခု အခု လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးစစ်သားတွေ အသုံးပြုတာ တွေ့လာတယ်။ သူတို့ကတော့ သူတို့ဘာသာသူတို့ ဝင်တာ။ ဒါ သူတို့ရဲ့လူမျိုးကို ကာကွယ်ချင်လို့ ဝင်တယ်ဆိုတဲ့အရာမျိုး ဖြစ်တယ်။ ကျနော်တို့ ပြောချင်ပါတယ်။ ကလေးစစ်သားဆိုတာ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ လက်နက်ကိုင်သည် ဖြစ်စေ၊ မကိုင်သည် ဖြစ်စေ၊ အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ စစ်တပ်ထဲမှာ ဝင်ရောက်တာဝန်ထမ်းဆောင်တာ ကလေးစစ်သားမြောက်တဲ့အတွက် ဒါက ကလေးအခွင့်အရေး ချိုးဖောက်မှု ဖြစ်သလို ဒီကလေးစစ်သား အသုံးပြုမှုဟာ International Criminal Court နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးမှာ အဆိုးဝါးဆုံး စစ်ပွဲရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့အတွက် ကိုယ့်ရဲ့အမျိုးသားရေး တိုက်သည့်တိုင်အောင် လူ့အခွင့်အရေးအရ နာမည်ပျက်သောအရာမျိုး မဖြစ်ဖို့၊ ဂုဏ်သိက္ခာထိခိုက်သော တပ်မတော် မဖြစ်ဖို့အတွက်  သတိထားပေးစေချင်ပါတယ်ခင်ဗျ။

မေး – နောက်တခုက ကျနော်သိချင်တာ တခုရှိပါတယ်။ ကိုအောင်မျိုးမင်းတို့လို လူ့အခွင့်အရေးလုပ်နေတဲ့ အဖွဲ့တွေ၊ ကျနော်တို့ အမြဲတမ်းပြောရင် လူအခွင့်အရေးကိစ္စ ရှိတယ်၊ ပြီးတော့မှ အမျိုးသားရေးလိုဟာမျိုးရှိတယ်။ နောက်ပြီးတော့ လူ့အဖွဲ့အစည်းတခုလုံးက တန်ဖိုးထားတဲ့အရာတွေ ရှိတယ်။ လူ့အခွင့်အရေးရှုထောင့်က ပြောရင် တခါတခါကျရင် ပြဿနာလေးတွေ အမြဲတမ်း ရှိတတ်ပါတယ်။ အဲဒီတော့ ကိုအောင်မျိုးမင်းတို့ မြန်မာပြည်ထဲ ဝင်လာတယ်။ မြန်မာပြည်ထဲမှာ လူ့အခွင့်အရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါကျတော့ ဒီလိုမျိုး နဂိုရှိနေတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အယူအဆတွေပေါ့နော်။ အဲဒီအပေါ်မှာ ဖိအားတွေ ကျော်လွှားနိုင်ရဲ့လား၊ ခံနေရသလား။

ဖြေ – တခါတလေ ကျနော်တို့ကို အမျိုးသားရေးကို ဂရုမစိုက်ဘူး၊ လူ့အခွင့်အရေးပဲ ဦးစားပေးတယ်ဆိုတဲ့ တိုက်ခိုက်မှုတွေ၊ စွပ်စွဲမှုတွေ ရှိပါတယ်။ အမှန်တော့ ရှင်းရှင်းလေးပါခင်ဗျ။ အမျိုးသားရေးဆိုတာက ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ပြီးတော့ ထွန်းကားအောင် လုပ်ဆောင်မှုပါ။ ဒါကလည်း ပြောမယ်ဆိုရင် လူ့အခွင့်အရေးပါပဲ။ လူ့အခွင့်အရေးကသတ်သတ်၊ အမျိုးသားရေးကသတ်သတ်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းခွင့်ရှိတယ်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ် ထိန်းသိမ်းခွင့်ရှိတယ်။ တဘက်က လူ့အခွင့်အရေးလို့ ပြောထားပေမယ့် ကိုယ့်ဘာသာကို ထိန်းသိမ်းဖို့အတွက် တခြားဘာသာကို တိုက်ခိုက်တာတော့ လူ့အခွင့်အရေးက ခွင့်မပြုထားပါဘူး။ ကိုယ့်လူမျိုး တခုကိုပဲ ကာကွယ်ပေးပြီးတော့ ကျန်တဲ့လူမျိုးတွေကို တိုက်ခိုက်မှုကလည်း လူ့အခွင့်အရေး မဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အဲဒီတော့ လူ့အခွင့်အရေးနဲ့ အမျိုးသားရေးက ကျင့်သုံးရင် တလိုင်းတည်း ဖြစ်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့အယူဝါဒအစွဲနဲ့ ကိုယ့်လူမျိုးအတွက်ပဲ ဦးစားပေးပြီးတော့ တခြားလူနည်းစု မတူညီတဲ့သူတွေကို တိုက်ခိုက်မှုတွေ၊ စော်ကားမှု ဖြစ်ရင်တော့ ဒါက လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်။ ဒါတော့ မတူနိုင်ပါဘူးခင်ဗျ။ နောက်တခုက တချို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ပါတီတခုရဲ့ အစည်းအဝေးမှာဆိုရင် လူ့အခွင့်အရေးကိုတော့ ဦးစားမပေးနိုင်ဘူး၊ ပြည်သူလူထုရဲ့ လုံခြုံရေးကိုပဲ ဦးစားပေးမယ်ဆိုတဲ့ ပြောကြားချက်။ ကျနော် တော်တော်အံ့အားသင့်သွားပါတယ်။ ပြည်သူလူထုရဲ့ လုံခြုံရေးကို ဖန်တီးပေးတာရော လူ့အခွင့်အရေး မဟုတ်ဘူးလား။ ဘာကြောင့် လုံခြုံရေးကသတ်သတ်၊ လူ့အခွင့်အရေးကသတ်သတ်လဲ။ လူတွေမှာ လုံခြုံမှုရှိခြင်းကလည်း လူ့အခွင့်အရေး ခံစားမှုဖြစ်သလို လူတွေမှာ ဖူလုံမှုရရှိခြင်းကလည်း လူ့အခွင့်အရေးဖြစ်တဲ့အတွက် တခါတလေ လူ့အခွင့်အရေးဆိုတာ လူတွေကို လုံခြုံအောင်၊ ဖူလုံအောင် လုပ်ဆောင်ပေးတဲ့ တာဝန်ကို အစိုးရက ထမ်းဆောင်ခြင်းဆိုတာ တချို့က နားမလည်ဘဲနဲ့ တမင်သက်သက် လူ့အခွင့်အရေးကို ဘေးရောက်အောင်၊ လူ့အခွင့်အရေးကို လူတွေ အမြင်မှားအောင် ပြောဆိုနေမှုများ လုပ်ဆောင်နေလားလို့ ကျနော် ပြန်ပြီးမေးခွန်းထုတ်ချင်ပါတယ်။

ခုနတုန်းက မေးသွားတဲ့ မေးခွန်းလေးပေါ့နော်။ လူနည်းစုတွေကိုရော ကျနော်တို့က ဘယ်လို တန်ဖိုးထားမလဲဆိုတော့ ဒီနှစ် ၂၀၁၆ ခုနှစ် လူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ရဲ့ ဆောင်ပုဒ်လေးက ရှင်းပါတယ်။ Stand up for someone’s rights today။ အဲဒီတော့ လူတွေက ကိုယ့်အခွင့်အရေးပဲ ကိုယ် မတောင်းဆိုပါနဲ့၊ တခြားသောသူတွေ ခံစားနေရတဲ့ အခွင့်အရေးတွေကိုလည်း နားလည်သဘောပေါက်ပြီး သူတို့အတွက် တိုက်ပွဲဝင်ပေးပါ၊ ရပ်တည်ပေးပါဆိုတဲ့ အဓိပ္ပာယ်လေး ဖြစ်ပါတယ်။ ကျနော်တို့ ခုနက ပြောသလို လူ့အခွင့်အရေး၊ လူ့အခွင့်အရေး အော်နေပြီးတော့ ငါ့အခွင့်အရေးပဲ လုပ်နေမယ့်အစား ခွဲခြားခံ၊ အပစ်ပယ်ခံ၊ ဘေးကို ရောက်နေသောသူတွေရဲ့ အသံတွေကို နားထောင်ပြီးတော့ သူတို့အတွက်လည်း လုပ်ဆောင်ပေးဖို့အတွက် ဒီနှစ်ဆောင်ပုဒ်လေးကလည်း တိုက်တွန်းထားပါတယ်ခင်ဗျ။

တွေ့ဆုံမေးမြန်းသူ – နေသွင်ညိဏ်း

No comments:

Post a Comment