Thursday, December 1, 2016

အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးအမှု အပါအ၀င် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဥသျှစ်ပင်မြို့တွင် ဆန္ဒထုတ်ဖော်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးအမှု အပါအ၀င် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဥသျှစ်ပင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က ဥသျှစ်ပင်မြို့အ၀င် တံတားမှ စတင်ကာ ပြည်-တောင်ကုတ် လမ်းပေါ်တွင် ကြွေးကြော်မှု၊ တောင်းဆိုမှုများ အော်ဟစ်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး မြို့အထွက် လမ်းဆုံတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်က ကျွန်မတူမလေး အဖြစ်ဆိုးနဲ့သေခဲ့ရတာ လက်အကြောကို ဓါးနဲ့လားမသိဘူး ဖြတ်ခဲ့တယ်။ လည်ပင်းကိုလည်း ဖြတ်ခဲ့တယ် မျက်နှာကိုလည်း ကျောက်တုံးတွေနဲ့ ရိုက်ဖုံးမှုကိုလည်း ခံခဲ့ရတယ်။ သူမှာရှိတဲ့ လက်ဝတ်လက်စား ပစ္စည်းတွေကိုလည်း ယူသွားတယ်။ ဆိုင်ကယ်နဲ့ ဖုန်းတွေလည်း ယူသွားတယ်။ မုဒိန်းလည်းကျင့်သွားတယ်။ ဒါတွေကိုမကျေနပ်ပါဘူး အမှန်တရားအတိုင်း ဆောင်ရွက်ပေးပါ” ဟု အသတ်ခံခဲ့ရသည့် အမျိုးသမီး၏ အဒေါ်ဖြစ်သူ ဒေါ်လွင်လွင်ချိုက ပြောသည်။



ဆန္ဒထုတ်ဖော်ရာတွင် အမျိုးသမီးများအပေါ်တွင် အကြမ်းဖက်မှုရပ်တန့်ရေး အမျိုးသမီးများအား နည်းမျိုးစုံ ခွဲခြားမှု လုံးဝပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ပါ အခွင့်အရေးများနှင့်အတူ ဆောင်ရွက်ပေးနိုင်ရေး၊ မ၀တ်ရည်ခင်(ခ) မယမင်းငယ်ပေါ် တပ်မတော်သား တစ်ဦးမှ အကြမ်းဖက်မုဒိန်းပြုကျင့် ပစ္စည်းခိုးယူလုယက်သတ်ဖြတ် အလောင်းဖျောက်သည့် အမှုအား ရားမျှတမှုရှိပြီး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ပွင့်လင်းမြင်သာရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေအကာကွယ်ရရှိရေး အကြမ်းဖက်ခံ အမျိုးသမီးကို သမ္မတကြီမှ တာဝန်ယူရေး၊ ပွင့်လင်းမြင်သာမှုရရှိရေး၊ စသည့် ဗီနိုင်းပိုစတာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်မှုများကို ပြုလုပ်ခဲ့ကြသည်။

“ဆန္ဒပြဖို့ကို စာတင်ခဲ့တယ် မနေ့ကမှ မှုခင်းရဲတပ်ဖွဲ့ကို တပ်သားကို လွှဲတယ်လို့ပြောတယ်။ ဒီအနေအထားကို ကျွန်တော်အနေနဲ့ သူတို့လုပ်ဆောင်မှုကို သိပ်မကျေနပ်ပါဘူး။ မကျေနပ်ပေမယ့် သူတို့လွှဲတယ်ပေါ့။ ဒါပေမယ့် ခံစားမှုတော့ရှိသေးတယ်။ ကျွန်တော့်မြေးကို ရက်ရက်စက်စက် သတ်တာအတွက် အများပြည်သူအနေနဲ့ ကျွန်တော်တို့ဖြစ်သလို မဖြစ်ရအောင် အမျိုးသမီး အခွင့်အရေးအနေနဲ့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြတာမှာလည်း စီဓေါအနေနဲ့ပြတာဖြစ်တယ် သမ္မတကြီးဆီရောက်အောင် ပို့တဲ့ကဏ္ဍလည်း ရှိပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ ဦးတင်ရွှေကပြောသည်။

အဆိုပါ ဥသျှစ်ပင်မြို့တွင် အမျိုးသမီးတစ်ဦး သတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်သား တစ်ဦးအား စုံခုံဖွဲ့စစ်ဆေးအပြီး နှစ်လပြည့်သည့်နေ နိုဝင်ဘာလ (၃၀) ရက်နေ့က အရပ်ဘက် ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်းကြောင်း သိရသည်။

“လက်ရှိမှာတော့လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နောက်ပုဒ်မတွေလည်း တိုးလာနိုင်ပါတယ်။ တပ်ဘက်ကတော့ စုံခုံဖွဲ့ပြီး အရပ်ဘက်ရဲကို လုံးလုံးလွှဲပေး လိုက်ပါပြီ။တပ်ချုပ်အမှုတွဲ၊ စာရွက်စာတမ်း၊ သက်သေခံပစ္စည်း ဖုန်း၊ ဆိုင်းကယ်တို့ ပါပါတယ်” ဟု ဥသျှစ်ပင်မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်ဝင်းကိုက ပြောသည်။

ဖြစ်စဉ်မှာ အသတ်ခံခဲ့ရသည့် မ၀တ်ရည်ခင်(ခ) မယမင်းငယ်မှာ စက်တင်ဘာလ(၃၀) ရက်နေ့နေ့လည်(၁) နာရီကျော်ခန့်က အမှတ်(၆၀၁) ဒုံးတပ်ရင်းရှေ့ရှိ၊ လျှိုမြောင်အတွင်း လေကြောင်းရန် ကာကွယ်ရေးတပ်(၂၀၃၄) မှ တပ်သားထွန်းထွန်းနိုင် (မော်တော်ယာဉ်မောင်း) နှင့် တွေ့ကြစဉ် စကာများ ရန်ဖြစ်ခဲ့ပြီး လက်လွန်သတ်မိကြောင်း မသတ်ခင် ကာမစပ်ယှက်ကာ သေဆုံးသူထံမှ ဆွဲကြိုး၊ လက်စွပ်၊ နားကပ်၊ တယ်လီဖုန်းနှင့် ဆိုင်ကယ်တို့ကို ယူဆောင်သွားခဲ့ကြောင်း မိခင်တပ်ရင်းတွင် ၀န်ခံခဲ့ခြင်းကြောင့် တပ်တွင်း စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးခဲ့ကာ ဥသျှစ်ပင်မြို့မ ရဲစခန်းတွင် (ပ) ၆၉၆/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း ယင်းရဲစခန်းက သိရသည်။

                                                                                     
Writer:
ဝေလင်း (ပြည်)

No comments:

Post a Comment