Friday, December 2, 2016

နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ မသန်စွမ်းကလေးငယ်စုစုပေါင်း တစ်သောင်းကျော် တက်ရောက်ပညာသင်ကြားနေ

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အစိုးရအခြေခံပညာကျောင်းများ အားလုံး၌တက်ရောက်နေသည့် မသန်စွမ်းကလေးအရေအတွက်မှာ တစ်သောင်းကျော် ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ ”မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ကိုယ်အင်္ဂါ ချို့ယွင်းသော မျက် မမြင်သော နားမကြားသော ဥာဏ်ရည်နည်းသော ကျောင်းသား ၆၂၂၃ ဦးနဲ့ ကျောင်းသူ ၄၅၈၈ ဦး စုစုပေါင်း ၁ဝ၈၁၁ ဦးတွေဟာ အခြေခံပညာအလယ်တန်း မူလတန်း အထက်တန်းတွေမှာ ပညာသင်ယူပို့ချလျက်ရှိပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ ၂ တွင်ကျင်းပသော မြန်မာနိုင်ငံဥာဏ်ရည် မသန်စွမ်းသူများအတွက် ပထမအကြိမ် ပညာရေးညီလာခံတွင် ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေး တစ်ဦးတစ်ယောက်ကိုမျှ ပညာသင်ကြားရေးနှင့် ပတ်သက် ပြီး ချန်ထားခြင်းလုံးဝမရှိကြောင်း ထပ်မံပြောသည်။



”ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းနေအရွယ် ကလေး တစ်ဦးတစ်ယောက်ကိုမျှ ချန်ထားလိုခြင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ အလက ၅ မရမ်းကုန်းနဲ့ အထက ၅ ကြည့်မြင်တိုင်ကျောင်းတွေမှာ မျက်မမြင်ကျောင်းသား၊ ကျောင်းသူတွေ အခြားကျောင်းသား ကျောင်းသူတွေကို လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ် ပညာတွေသင်ကြားပေးနေပြီးတော့မှ အထက ၃ ဒဂုံမှာဆိုရင် နားမကြားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လည်း ပညာသင်ကြားပေးလျက်ရှိ ပါတယ်”ဟု ၎င်းက ထပ်မံဆို သည်။ ဆက်လက်ပြီး ၎င်းက ဥာဏ်ရည်နည်းသည့် ကျောင်းသား ကျောင်းသူများကိုလည်း ရန်ကုန် မြို့နှင့် အထက်မြန်မာပြည်များတွင် အထူးပညာရေး သင်တန်းကျောင်းများဖွင့်လှစ်ပြီး ပညာသင် ကြားပေးလျက်ရှိသည်ဟု ထပ်ပြောသည်။

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ်များတွင်လည်း မသန်စွမ်းမျက်မမြင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာသင်ကြားလျက် ရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် အခြေခံ ပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ၊ မသန်စွမ်းကျောင်းသား ကျောင်းသူများအပါအဝင် ယမန်နှစ်တွင် စုစုပေါင်း ၈ ဒသမ ၇ သန်းရှိခဲ့ရာမှ ယခုပညာ သင် နှစ်တွင် မသန်စွမ်း ကျောင်းသား ကျောင်းသူများ အပါအဝင် ၉ သန်းအထိ တိုးတက်များပြားလာ ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန် စွမ်းသူအသင်းမှ တာဝန်ရှိသူများကမူ ပညာသင်ယူခွင့်မရသည့် မသန်စွမ်းဦးရေ ပမာဏက ပညာသင်ယူခွင့်ရနေသည့် မသန်စွမ်း သူအရေအတွက်ထက် အဆမတန်များပြားနေကြောင်း ပြောသည်။

၎င်းတို့က နိုင်ငံတွင်မသန်စွမ်းသူအရေအတွက်မှာ ၂ ဒသမ ၃ သန်းရှိကြောင်း၊ ထိုထဲမှ ထက်ဝက်ကျော်သည် စာမတတ်ကြဆိုသည့်အချက်ကို ကိုင်စွဲကာ ဆိုကြသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အာဆီယံနိုင်ငံများထဲ မသန်စွမ်းအခွင့်အရေး အနည်းဆုံးသုံးနိုင်ငံစာရင်းထဲ ပါဝင်နေသည်ကို တွေ့ရသည်။ ယင်းအပြင် မသန်စွမ်း ကလေးငယ်အရေအတွက်စုစု ပေါင်း၏ ထက်ဝက်ကျော်သည်လည်း ကျောင်းပညာရေးကို သင် ယူခွင့်မရရှိသေးဟု အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။

စိုင်းလမင်း

No comments:

Post a Comment