Thursday, December 1, 2016

ဝမ်တိန်စစ်ရှောင်စခန်းမှဒုက္ခသည်များ နေရပ် ပြန်ချင်သော်လည်း မရေရာသေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ၊ မန်စီခရိုင် ၀မ်တိန် စစ်ဘေးရှောင် စခန်းကို ရောက်ရှိနေသူတွေအနေနဲ့ စစ်ဘေးရှောင် စခန်းကို ရောက်ရှိနေတာ (၁၀)ရက်ခန့်ရှိနေပြီး အစစအရာရာ နေရေး ထိုင်ရေး အဆင်ပြေပေမယ့် နေရပ်ပြန်ဖို့ မရေရာသေးဘူးလို့ သိရပါတယ်။စစ်ရှောင်စခန်းကိုရောက်ရှိသူအများစုဟာ နိုဝင်ဘာ(၂၀)ရက်ညတိုက်ပွဲဖြစ်ပွားချိန် ကစပြီးမိသားစုနဲ့အတူတရုတ်နိုင်ငံဘက်ခြမ်းဝမ်တိန်နယ်စပ်ကိုထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။အသက်ဘေးကြောင့် ကလေးတွေနဲ့ အတူ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာခဲ့တာကြောင့် နေအိမ်နဲ့ ပိုင်ဆိုင်သမျှ ထားရစ်ခဲ့ရပြီး တရုတ်နိုင်ငံဘက် အခြမ်း ရောက်လာတဲ့အခါ တရုတ် အစိုးရက နေရေးထိုင်ရေး၊ အစားအသောက်နဲ့အခြားလိုအပ်သမျှစီစဉ်ပေးတယ်လို့စစ်ရှောင်စခန်းမှာရောက်ရှိနေတဲ့မနန်းကပြောပါတယ်။တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင် ပြည်သူတွေ တိမ်းရှောင်လာတာ နိုဝင်ဘာ (၃၀)ရက်အထိ စုစုပေါင်း လူဦးရေ(၂၀၀၀)ကျော်ရှိတယ်လို့သိရပါတယ်။
အဲဒီအထဲမှာ ကလေးအယောက် (၈၀၀)ကျော်၊ အမျိုးသမီး အယောက် (၁၁၀၀)ကျော်နဲ့ သက်ကြီးရွယ်အို(၁၀၀)ကျော် ပါဝင်တယ်လို့ဝမ်တိန် စစ်ဘေးရှောင်စခန်းရဲ့တာဝန်ခံရန်ရန်ဖေးကသတင်းထောက်တွေကိုပြောပါတယ်။မြန်မာနိုင်ငံဘက်အခြမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး ပြည်သူတွေထွက်ပြေးလာတာနဲ့စခန်းကိုအမြန်ဆုံးတည်ဆောက်နေရာချထားပေးခဲ့ပြီး လိုအပ်တဲ့ရွက်ဖျင်တဲ၊အခင်းဖျာ၊အိပ်ယာ၊စောင်နဲ့အသုံးအဆောင်တွေ၊ဆေးဝါးတွေပေးခဲ့တယ်လို့ရန်ရန်ဖေးကရှင်းပြပါတယ်။စစ်ဘေးရှောင်တွေ ရောက်လာတာနဲ့ အလျင်အမြန် နေရာချထားပေးခဲ့ပြီး တစ်ပြိုင်နက်တည်း စစ်ဘေးရှောင် စခန်းမှာ တရုတ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့၊ တရုတ်နိုင်ငံ ဆေးစမ်းသပ်ရေးနဲ့ ရောဂါရှာဖွေ ထိန်းချုပ်ရေးဌာန၊ တရုတ်နိုင်ငံ အကောက်ခွန် ဦးစီးဌာန၊ တရုတ်နိုင်ငံ မီးသတ်ဌာန၊ အလှူခံ လက်ခံရာဌာန စတာတွေကို နေရာတစ်ခုတည်းမှာ ဖွင့်လှစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေကိုနေရာပေးခဲ့တယ်လို့သိရပါတယ်။ အစားအသောက် အ၀တ်အထည်နဲ့ကလေးတွေအတွက် အာဟာရရှိစေတဲ့ နို့နဲ့ အခြား အစားအစာတွေကို ပံ့ပိုးပေးခဲ့တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံရဲ့ပြောကြားချက်အရသိရပါတယ်။ဝမ်တိန် စစ်ဘေးရှောင်စခန်းမှာ အဓိကရှမ်းလူမျိုးစုတွေရောက်ရှိနေထိုင်ကြပြီးနေရပ်ကိုပြန်ချင်နေပြီလို့ပြောကြပါတယ်။မြန်မာပြည်ဘက်ခြမ်းက တိုက်ပွဲအခြေအနေတွေဘယ်အချိန်ရပ်တန့်မလဲမသိရသေးတဲ့အတွက်ပြန်မယ့်ရက်မသေခြာသေးဘူးလို့လည်းစစ်ရှောင်ပြည်သူတွေကပြောပါတယ်။မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ် ဧရိယာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၀)ရက်က ကေအိုင်အေ ကချင်လက်နက်ကိုင် အဖွဲ့၊ ကိုးကန့် နဲ့ တအာန်းပလောင် လက်နက်ကိုင် အဖွဲ့တွေက တပ်မတော် စခန်းတွေ၊ ရဲတပ်ဖွဲ့ စခန်းတွေနဲ့(၁၀၅)မိုင် ကုန်သွယ်ရေးဇုံတွေကို ၀င်ရောက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့်တပ်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တစ်ချို့ကျဆုံးဒါဏ်ရာရတာ ရှိခဲ့သလို အရပ်သားပြည်သူတွေလည်း သေဆုံးဒါဏ်ရာရကြပြီးဒေသခံပြည်သူတစ်ချို့ကတော့ နီးစပ်ရာ တရုတ်နိုင်ငံထဲကို ၀င်ရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။လက်ရှိတရုတ်နိုင်ငံဘက် စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ စုစုပေါင်း အယောက်(၁၄၀၀၀)၀န်းကျင် ရှိနေပြီလို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြား ဆက်ဆံရေးဌာန ဒုညွှန်ကြားရေးမှူးချုပ် မစ္စတာ ၀မ်ဝေရဲ့ပြောကြားချက်အရသိရပါတယ်။ ဒီသတင်းကို တရုတ်နိုင်ငံ စစ်ရှောင်စခန်းကိုရောက်ရှိသတင်းရယူနေတဲ့ CNB အဖွဲ့က ပေးပို့ထားတာဖြစ်ပါတယ်။

No comments:

Post a Comment