Friday, December 2, 2016

ရွှေစက်တော်ဘုရားဂေါပကအဖွဲ့အား မူလအဖွဲ့ဝင်များ လုံးဝမပါဘဲ အသစ်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ဝေဖန်မှုများခဲ့သည့် ပွဲတော်တွင်း ဈေးနှုန်းကြီးမြင့်မှုများကို ထိရောက်စွာ ကိုင်တွယ်မည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့အား မူလအဖွဲ့ဝင်များ လုံးဝမပါဘဲ မင်းဘူး၊ စကု၊ ငဖဲမြို့များမှ အဖွဲ့ဝင်သစ် ၁၄ ဦးနှင့် တိုင်းအစိုးရအဖွဲ့မှ တိုက်ရိုက်ခန့်ထားသည့် ငါးဦး အပါအ၀င် စုစုပေါင်း ၁၉ ဦးဖြင့် အသစ်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ဝေဖန်မှုများခဲ့သည့် ပွဲတော် တွင်း ဈေးနှုန်းကြီးမြင့်မှုများကို ထိရောက်စွာ ကိုင်တွယ်မည်ဟု တိုင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်ထံမှ သတင်းရရှိသည်။ မန်းရွှေစက်တော် ဘုရားပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ရက်ရှည်ကျင်းပလေ့ရှိကြောင်း၊ ပွဲတော်တွင်း တည်းခိုဆောင် (တဲကျောင်း) နှင့်တင်ဒါလုပ်ငန်း ၅၂ မျိုးကို လုပ်ကိုင်ခွင့် ချထားပေးမှုတွင် အာဏာပိုင်များနှင့် နီးစပ်သူများသာ ရလေ့ရှိခြင်း၊ ဘုရားဖူးများ စည်ကားသည့်ရက်များတွင် တဲကျောင်းခများ အဆမတန်ဈေးကြီးမြင့်ခြင်း၊ ပွဲတော်အ၀င်ဝတွင် ပွဲတော်တွင်း ၀င်ရောက်ခ ကောက်ခံခြင်းများကို နိုင်ငံအနှံ့မှလာရောက်သည့် ဘုရားဖူးများက ဝေဖန်မှုများရှိခဲ့သည်။




ယင်းအခြေအနေများကို ကိုင်တွယ်နိုင်ရန် မကွေးတိုင်းအစိုးရအဖွဲ့က မင်းဘူး၊ စကု၊ ငဖဲမြို့နယ်များမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်များဖြင့် ကော်မတီဖွဲ့လေ့လာခဲ့ကြောင်း ယင်းကော်မတီ၏ အစီရင်ခံချက်များဖြင့် ရွှေစက်တော်ဘုရား ဂေါပကဖွဲ့စည်းရေးဆိုင်ရာ စည်းကမ်းချက်များအား ပြင်ဆင်ခဲ့ကြောင်း၊ ဂေါပကအဖွဲ့သစ်တွင် တိုင်းဝန်ကြီးချုပ် ဒေါက်တာဦးအောင်မိုးညိုနှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့အား နာယကများအဖြစ်ခန့်ထားခဲ့ကြောင်း ဦးနေမျိုးကျော်က ပြောကြားသည်။

“ပွဲတော်အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မြေငြှိတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပါပြီ။ ပွဲတော်တွင်းလုပ်ငန်းတွေ လုပ်ကိုင်ခွင့်အတွက် လုပ်ငန်းရှင်တွေက စည်းမျဉ်းစည်းကမ်းတွေနဲ့အညီပဲ လုပ်ကိုင်ခွင့်ရကြမှာပါ။ အစဉ်အလာဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေစက်တော်ပွဲတော်ကို ဒီနှစ်ကတော့ ဘုရားဖူး မိဘပြည်သူတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဖူးမျှော်နိုင်မယ်။ ပွဲတော်တွင်း တဲကျောင်းခတွေက အစကနေအဆုံးတိုင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းအတိုင်း ရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟု ဦးနေမျိုးကျော်က ဆိုသည်။

ရွှေစက်တော် ဘုရားပွဲတော်တွင် နှစ်စဉ် ဈေးရောင်းသည့် မင်းဘူးမြို့မှ ဦးဝင်းချိုက “ပြောင်းလဲမယ်ဆိုရင်တော့ ပြုပြင်စရာတွေ အများကြီးပါ။ ဥပမာ မန်းချောင်းရေ သန့်ရှင်းရေး အရေးကြီးပါတယ်။ ဘုရားဖူးတွေ လာတဲ့အခါမှာ ဆေးကြကြောကြတာတွေကိုလည်း ဂေါပကက ကြီးကြပ်သင့်ပါတယ်။ ဆိုင်ခန်းတွေကို ဂေါပကက ဆောက်ပေးတယ်။ ဈေးသည်တွေ ရောက်လာတဲ့အခါကျတော့ ဆိုင်ခန်းတွေကို ကိုယ့်သဘောနဲ့ကို ပြန်ပြင်ပြီးတော့ အမိုးအကာတွေနဲ့ ရှေ့ကိုထုတ်တော့ လမ်းတွေကျဉ်းကုန်ပါတယ်။ တံဆိပ်ရိုက်တဲ့ ဆိုင်တွေကလည်း ညဘက်ကျမှ ဓာတုဗေဒဆေး ပါတာတွေကို မန်းချောင်းထဲ ဆေးချနေတာတွေကိုလည်း ပြုပြင်သင့်ပါတယ်” ဟု ပြောကြားသည်။

ရွှေစက်တော်ဘုရားသို့ ပွဲတော်ချိန်ပြင်ပ ဘုရားဖူး လာရောက်သူများ ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း၊ ရွှေစက်တော်ဘုရားတွင် လက်ရှိအလှူငွေ ကျပ်သိန်းပေါင်း ၃၇၀၀၀ ကျော်ရရှိထားကြောင်း၊ ပွဲတော်ချိန်တွင် ဆိုင်ခန်းပေါင်း ၅၀၀ ကျော်နှင့် တဲကျောင်းပေါင်း ၁၀၀၀ ကျော်ပါဝင်လေ့ရှိကြောင်း၊ ယင်းအဆောက်အဦများအား သစ်ဝါးများဖြင့်သာ ဆောက်လုပ်လေ့ရှိသောကြောင့် နှစ်စဉ် သစ်ဝါး ပြုန်းတီးနေမှုကိုလည်း ဝေဖန်မှုများရှိနေကြောင်း ရွှေစက်တော် ဘုရား လက်ရှိ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သတင်းရရှိသည်။
Writer:
အောင်သူငြိမ်း

No comments:

Post a Comment