Thursday, December 1, 2016

အိန္ဒိယ ရုပ်ရှင်ရုံအားလုံး ရုပ်ရှင်မပြမီ နိုင်ငံတော်သီချင်းဖွင့်ရန် တရားရုံးချုပ် ညွှန်ကြား

နိုင်ငံအတွင်းရှိ ရုပ်ရှင်ရုံအားလုံး ရုပ်ရှင်မပြမီ နိုင်ငံတော်သီချင်း ဖွင့်ရန် အိန္ဒိယ ဗဟိုတရားရုံးက အတည်ပြု သတ်မှတ်လိုက်ကြောင်း သိရသည်။ အိန္ဒိယတွင် ၁၉၆၀ ပြည့်လွန်နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အဆိုပါ အစဉ်အလာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လိုက်နာကျင့်သုံးသည့် ရုပ်ရှင်ရုံ အရေအတွက် အလွန်နည်းပါးသွားသည်။ ထို့နောက်တွင်မူ အိန္ဒိယ ဗဟိုတရားရုံး တရားသူကြီးများက ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ၁၀ ရက်အတွင်း ရုပ်ရှင်ရုံများက လိုက်နာကျင့်သုံးရမည်ဟုလည်း ပြောကြားခဲ့သည်။ တရားရုံးချုပ်က ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အိန္ဒိယ လူမှုကွန်ရက် မီဒီယာများတွင် အမြင်ကွဲပြားမှုများ ဖြစ်ပေါ်နေသည်။ အိန္ဒိယတွင် ဗဟိုအစိုးရက ထိုကိစ္စမျိုးအတွက် ချမှတ်ထားသည့် ဥပဒေမျိုး ယခင်က လုံးဝ မရှိခဲ့ဘြဲ ပည်နယ် ၂၉ ခုတွင် ဒေသအလိုက် ကွဲပြားသော ဥပဒေများသာ ရှိခဲ့သည်။



အိန္ဒိယ ဗဟိုတရားရုံးချုပ်၏ ထုတ်ပြန်ချက်အရ ရုပ်ရှင်ရုံတိုင်းသည် ရုပ်ရှင်တစ်ကား စမပြမီတွင် အိန္ဒိယအလံ၏ ပုံရိပ်ကို ပြသနေပြီး နိုင်ငံတော်သီချင်း ဖွင့်လှစ်ထားရမည်ဟု သိရှိရသည်။ “အဲဒီအတောအတွင်းမှာ လူတွေကလည်း မတ်တပ်ထ ငြိမ်သက်ပြီး မျိုးချစ်စိတ် နိုးကြားမှုကို ပြသဖို့ လိုပါတယ်”ဟု တရားသူကြီး တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်အပြီး နိုဝင်ဘာ ၃၀ တွင် အိန္ဒိယရှိ လူမှုကွန်ရက်မီဒီယာ သုံးစွဲသူများကြား နိုင်ငံတော်သီချင်းနှင့် ပတ်သက်သည့် ငြင်းခုံဆွေးနွေးမှုများ အများဆုံး ပေါ်ပေါက်လာခဲ့သည်။ အဆိုပါ သတ်မှတ်ချက်သည် မှန်ကန် ကောင်းမွန်သည့် လုပ်ဆောင်မှု တစ်ခုအနေဖြင့် ချီးကျူးမှုများ ရှိနေသလို အကျိုးမရှိသည့် လုပ်ရပ်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာသည်။ “ခေတ်နောက်ပြန်ဆွဲတာပဲ။ မျိုးချစ်စိတ်ကို စာသင်ခန်းတွေထဲမှာသာ အစပြု သင်ကြားပေးခဲ့သင့်တာပါ”ဟု တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

တရားရုံးချုပ်၏ သတ်မှတ်ချက်အရ အိန္ဒိယ ရုပ်ရှင်ရုံများ အနေဖြင့် နိုင်ငံတော် သီချင်းကို မဖွင့်မီတွင် ရုပ်ရှင်ကြည့် ပရိသတ်အားလုံး လေးလေးစားစား မတ်တပ်ထရပ်ပေးရန် သတိပေး စာသားကိုလည်း ဖော်ပြရမည် ဖြစ်သည်။ အချို့ကလည်း ယင်းကို မလိုက်နာသူများ အနေဖြင့် နိုင်ငံတော် သီချင်းကို မလေးမစား ပြုမူသည်ဟု သတ်မှတ်ကာ ရန်လိုခြိမ်းခြောက် ခံရမှုများ ကြုံလာမည်ကို စိုးရိမ်သင့်ကြောင်း ဝေဖန်နေကြသည်။

Ref: BBC

No comments:

Post a Comment