Thursday, December 1, 2016

KIA အဖွဲ့မှ တရုတ်နိုင်ငံသားယာဉ်မောင်းများဖြင့် သစ်တင်ယာဉ် ၁၅၀ စီးခန့်အား တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းသယ်ယူ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ အူလန်ပါနှင့် ပလောင်ဒိန်ဆာအကြားရှိ သစ်မှောင်ခိုလမ်းကြောင်းတစ်လျှောက် တွင် ယခင်နှစ်ပွင့်လင်းရာသီ၌ ၀ှက်ထားခဲ့သည့် ယန်းဖောင်အမျိုးအစား သစ်တင်ယာဉ် ၃၀၀ စီးခန့်အနက်မှ ၁၅၀ စီးခန့်အား တရုတ်နိုင်ငံသားယာဉ်မောင်းများဖြင့် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၂၄ ရက်နေ့မှစ၍ KIA အဖွဲ့မှ လုံခြုံရေးလိုက်ပါ ရွှေ့ပြောင်းသယ်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။ “ ဟုတ်ပါတယ်၊ သူတို့အဖွဲ့က သစ်တင်ကား ၁၀၀ ကျော်လောက်ကို မန်စီ-နန့်ခမ်းလမ်းအတိုင်း တရုတ်နိုင်ငံ ထဲကို မောင်းနှင်သွားကြတယ်၊ တရုတ်နိုင်ငံသားတွေမောင်းနှင်တဲ့ အဲဒီကားတွေကိုသူတို့အဖွဲ့ကလက်နက်တွေ ကိုင်ဆောင်ပြီး လုံခြုံရေးလိုက်ပါပို့ဆောင်နေကြတယ်၊ သူတို့အဖွဲ့က တရုတ်နိုင်ငံသား သစ်မှောင်ခိုသမားတွေ နဲ့ပေါင်းပြီး တရုတ်နိုင်ငံထဲကို တရားမ၀င်သစ်တွေ ခိုးထုတ်ရောင်းချဖို့လုပ်နေကြတာပါ၊ အရင်နှစ်တွေတုန်း ကလည်း မန်စီ-မဒယမ်-၀ိုက်ထိတ်လမ်းကြောင်းမှ တရုတ်နိုင်ငံဘက်ကိုခိုးထုတ်တဲ့ သစ်ကားအစီး ၂၀၀ လောက်ကို နယ်မြေခံတွေရဲ့သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းတွေက တားဆီးခဲ့ရသေးတယ်“ဟု မထက်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။


KIA အဖွဲ့သည် သစ်တင်ယာဉ် ၁၅၀ စီးခန့်အား မထက်ကျေးရွာ၏တောင်ဘက် တောင်ကြားလမ်းကြောင်း အတိုင်း မန်စီ-နမ့်ခမ်းလမ်းအား ဒေသအခေါ် (၃၁)မိုင်ဝန်းကျင်မှဖြတ်သန်းကာ KIA ရင်း(၁)နယ်မြေ ခအူနှင့် တိမ်စိမ်းပါတစ်ဝိုက်သို့ နိုဝင်ဘာလ ၂၄ ရက်နေ့မှစ၍ တရုတ်နိုင်ငံသားယာဉ်မောင်းများဖြင့် ညပိုင်းအချိန် များတွင် ရွှေ့ပြောင်းသယ်ယူလျက်ရှိကြောင်း သိရပါသည်။ အဆိုပါ တရားမ၀င်သစ်များသည် KIO ဗဟို စီးပွားရေးဌာနမှ တစ်ဖက်တရုတ်နိုင်ငံနှင့် ၂၀၁၅ ခုနှစ်အတွင်း ချုပ်ဆိုထားသည့်စာချုပ်အရ ပေးသွင်းရန် ကျန်ရှိသည့်သစ်များဖြစ်ပြီး တရုတ်နိုင်ငံသို့သယ်ထုတ်ရန်အတွက် မိုးတွင်းကာလအတွင်း ပလောင်ဒိန်ဆာ တစ်ဝိုက်တွင် ၀ှက်ထားခြင်းဖြစ်ကြောင်းနှင့် သစ်တင်ယာဉ် ၁၅၀ စီးခန့်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။
KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ တရားမ၀င်သစ်လုပ်ငန်းများနှင့် ဆက်ကြေးငွေကောက်ခံနေမှုများကြောင့် ရေရှည်ရပ်တည်နေနိုင်ခြင်းဖြစ်နိုင်ကြောင်း သိရပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့ အတွင်း၌လည်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဆဒုံးဒေသတွင် KIA အဖွဲ့၏ ခွင့်ပြုချက်လက်မှတ်ဖြင့် သစ်ခိုးထုတ်နေသော သစ်မှောင်ခို ကားအစီးရေ ၄၇၀ ကျော်နှင့် တရားမ၀င်သစ်မှောင်ခိုပြုလုပ်နေသူ တရုတ် လူမျိုး ၁၄၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ ဖမ်းဆီးရမိသော သစ်မှောင်ခိုသမားများ၏ ထွက်ဆို ချက်များအရ ၎င်းတို့သည် KIA အဖွဲ့အား ငွေကြေးပေးချေ၍ သစ်များအား တရုတ်နိုင်ငံအတွင်းသို့ သယ်ယူ ပို့ဆောင်ခြင်းဖြစ်ကြောင်း မန်စီမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
Kachin Daily News

No comments:

Post a Comment