Friday, December 2, 2016

KIA/TNLA/MNDAA/AA လက်​နက်​ကိုင်​အဖွဲ့များ၏ မုံးကိုးစခန်းသိမ်း တိုက်​ပွဲ မ​အောင်​မြင်​၊ တပ်​မ​တော်​သားများ ရဲရဲဝံ့ဝံ့ တိုက်​ပွဲဝင်​လျက်​ ရှိ

KIA/TNLA/MNDAA/AA လက်​နက်​ကိုင်​အဖွဲ့များက မုံးကိုးစခန်းသိမ်း တိုက်​ပွဲ ဆင်​နွှဲခဲ့​သော်​လည်း ​အောင်​မြင်ခြင်း မရှိဘဲ တပ်​မ​တော်​သားများ ရဲရဲဝံ့ဝံ့ တိုက်​ပွဲဝင်​လျက်​ ရှိ​ကြောင်း သိရသည်​။ နိုဝင်ဘာ ၂၀ ရက်မှစ၍ မုံးကိုး-ဖောင်းဆိုင်-ကြူကုတ်-မူဆယ်နှင့် ကွတ်ခိုင်နယ်မြေအတွင်းရှိ တပ်မတော်စခန်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများ၊ ပြည်သူ့စစ်လုံခြုံရေးစခန်းများနှင့် အပြစ်မဲ့ အရပ်သားများအား တိုက်ခိုက်ပစ်ခတ်ခဲ့သော KIA/TNLA/MNDAA/AA လက်​နက်​ကိုင်​အဖွဲ့များသည် ယနေ့နံနက် ၉ နာရီခန့်မှစ၍ မုံးကိုးမြို့ရှိ တပ်မတော်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် ဟေမိုးလုံ တောင်ဘက်ခြမ်းနေရာများအား သာလွန်အင်အားဖြင့် စခန်းသိမ်းတိုက်ပွဲဆင်နွှဲရန် အကြိမ်ကြိမ်ကျားထိုးခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း။
တပ်မတော်စခန်းများအား သိမ်းပိုက်ရရှိနိုင်ရေး အကြိမ်ကြိမ်အနီးကပ် ကျားထိုးတိုက်ခိုက်ခဲ့သော်လည်း တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့များက စခန်းများ မဆုံးရှုံးစေရေး ရွပ်ရွပ်ချွံချွံ ကျားကုတ်ကျားခဲ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ညနေ ၄ နာရီချိန်ခန့်တွင် တိုက်ပွဲအရှိန်ရပ်တန့်သွားခဲ့​ကြောင်း။


အဆိုပါတိုက်ပွဲဖြစ်စဉ်များအတွင်း မိမိစခန်းများနှင့် နယ်မြေများ မဆုံးရှုံးစေရေး လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများကို မိမိတပ်မတော်စခန်းများ၏ ကိုက် ၁၀၀ ၀န်းကျင်အနီး ကျည်ကျရောက်သည်အထိ အနီးကပ်ရဲရဲဝံ့ဝံ့ ပစ်ကူပေးခြင်း၊ ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ရ​ကြောင်း။
စခန်းသိမ်းတိုက်ပွဲဆင်နွှဲလာသည့် အကြမ်းဖက်သောင်းကျန်းသူ များသည် အရပ်ဝတ်အများအပြားဝတ်ဆင်၍ မုံးကိုးမြို့အတွင်းရှိ အိမ်များ အဆောက်အအုံများကို အကာအကွယ်ယူကာ စခန်းများသို့ ချဉ်းကပ် တိုက်ခိုက်လာသဖြင့် တပ်မတော်အနေဖြင့်လည်း မလွှဲမရှောင်သာ အနီးကပ် ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့ရခြင်းနှင့် အနီးကပ်ပစ်ကူ ပေးရခြင်းတို့ကြောင့် နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း။
နိုဝင်ဘာ ၂၀ ရက်နေ့ တိုက်ပွဲစတင်ချိန်မှစ၍ မုံးကိုးမြို့အတွင်းမှ ပြည်သူများမှာ တစ်ဖက်နိုင်ငံ မန်ဟိုင်းမြို့တွင် တိုက်ပွဲရှောင် ဒုက္ခသည်များအဖြစ် သွားရောက်ခိုလှုံနေကြသဖြင့် ယနေ့တိုက်ပွဲဖြစ်စဉ်တွင် ပြည်သူများ အထိအခိုက်မရှိကြောင်း၊ တပ်မတော်စစ်ကူ စစ်ကြောင်းများကလည်း အချိန်မီရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထိခိုက်ပျက်စီးမှုရှိခဲ့သည့် အဆောက်အအုံများနှင့် ပတ်သက်၍ နယ်မြေအေးချမ်းချိန်တွင် ပြန်လည်ထူထောင်ပေးသွားမည် ဖြစ်ကြောင်း။
ယနေ့တစ်နေကုန် ပစ်ခတ်တိုက်ခိုက်မှုများတွင် စခန်းသီးသီးရှိ တပ်မတော်သားများအနေဖြင့် တပ်စခန်းများနှင့် လုံခြုံရေးနယ်မြေ လုံးဝဆုံးရှုံးမှုမရှိစေရေး စစ်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ စစ်ရေးလိုအပ်ချက်အရ လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူယူ၍ တိုက်ခိုက်ခဲ့ကြောင်း။
ထိုသို့တိုက်ခိုက်ရာတွင် စစ်ပွဲဆိုင်ရာဥပဒေ၏ အရေးကြီးသော အခြေခံဥပဒေသတစ်ခုဖြစ်သည့် အချိုးအစားညီမျှမှု အခြေခံသဘော တရားနှင့်အညီ လက်​နက်​ကိုင်​တပ်​ဖွဲ့များ ခိုအောင်းရာ စစ်ရေး ရည်မှန်းချက်များကိုသာ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှင့် ဆက်စပ်အရပ်ဘက် အဆောက်အအုံများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း စစ်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ စစ်ရေးလိုအပ်ချက်အတွက် လိုအပ်သလောက်အင်အားကိုသာ အသုံးပြုသွားမည် ဖြစ်ကြောင်း။
နှစ်ဖက်ထိခိုက်ကျဆုံးမှုများ စုံစမ်းဆဲဖြစ်ပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များအနေဖြင့် KIA/TNLA/MNDAA/AA လက်​နက်​ကိုင်​အဖွဲ့များအား ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်လျက်ရှိကြောင်း တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံးမှ သတင်းရရှိသည်။

No comments:

Post a Comment