Friday, December 2, 2016

ကိုလံဘီယာ လေယာဉ်ပျက်ကျမှုကြောင့် LaMia လေကြောင်းလိုင်း လုပ်ငန်းလိုင်စင် ဆိုင်းငံ့ခံရ

ကိုလံဘီယာတွင် လေယာဉ်ပျက်ကျခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး LaMia လေကြောင်းလိုင်း၏ လုပ်ငန်းလိုင်စင် ဆိုင်းငံ့ခြင်း ခံလိုက်ရကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက LaMia၏ လေယာဉ်တစ်စီး ကိုလံဘီယာနိုင်ငံ၊ မက်ဒယ်လင်းမြို့အနီး ပျက်ကျရာ လူ ၇၁ ဦး အသက်ဆုံးရှုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် ဘရာဇီး ဘောလုံးကလပ် ချာပက်ကိုယန်ဆီ အသင်းမှ ကစားသမား အများအပြား သေဆုံးခဲ့ရာ နိုင်ငံတကာ အာရုံစိုက်မှုများ ပိုမိုကျရောက်ခဲ့သည်။ ယခုအခါတွင်မူ LaMia လေကြောင်းလိုင်း လိုင်စင်ယူထားရာ ဘိုလီးဗီးယား နိုင်ငံရှိ လေကြောင်းထိန်းသိမ်းရေးဌာန တာဝန်ရှိသူများက LaMia၏ လုပ်ငန်းလိုင်စင်ကို ဆိုင်းငံ့လိုက်ကြောင်း အတည်ပြုခဲ့သည်။ စစ်ဆေးမှုများအရ လေယာဉ်ပျက်ကျရသည့် အဓိက အကြောင်းရင်းသည် ပျံသန်းနေစဉ် ဆီကုန်သွား၍ ဖြစ်နိုင်ကြောင်း အထောက်အထားများ တစ်စထက်တစ်စ ခိုင်မာလာချိန်တွင် ယခုလို အရေးယူခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စသာ မှန်ကန်ပါက LaMia လေကြောင်းလိုင်း အနေဖြင့် အလွန်ဆိုးရွားသည့် ပေါ့ဆမှုမျိုး ကျူးလွန်ခဲ့ခြင်းဟု ဆိုနိုင်သည်။



LaMia လေကြောင်းလိုင်းကို ပြီးခဲ့သည့်နှစ်ကမှ စတင်အကောင်အထည်ဖော် လုပ်ငန်းဆောင်ရွက်ခဲ့ပြီး လေယာဉ် ၃ စီးသာ ပိုင်ဆိုင်သည်။ ယင်းအနက် ၂ စီးမှာ ပြုပြင်မှုများကြောင့် ရပ်နားထားရသည်။ ပျက်ကျသည့် လေယာဉ်မှာ ဗြိတိန်လုပ် BAE 146 Avro RJ85 အမျိုးအစား ဖြစ်သည်။ စုံစမ်းစစ်ဆေးရေး အရာရှိများက ရာသီဥတုနှင့် စက်ချွတ်ယွင်းမှုများထက် လေယာဉ်တွင် ပျံသန်းရင်း ဆီကုန်သွားခြင်းကြောင့် အဖြစ်ဆိုး ကြုံရခြင်း ဖြစ်နိုင်ခြေ အလွန်များကြောင်း ပြောကြားထားသည်။ ကယ်ဆယ်ရေးများ ရောက်ရှိချိန်တွင် လေယာဉ်၌ ဆီလက်ကျန် လုံးဝ မရှိကြောင်း အတည်ပြု တွေ့ရှိထားသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ အများအပြားလည်း ရှိနေသည်။ လေယာဉ်မှူးသည် ဘိုဂိုတာတွင် ဆီဝင်ဖြည့်နိုင်သည့် ရွေးချယ်ခွင့် ရှိသော်လည်း မက်ဒယ်လင်းအထိ တိုက်ရိုက်ပျံသန်းရန် ရွေးချယ်ခဲ့ဟန် ရှိသည်။ မက်ဒယ်လင်း လေဆိပ်သို့ ဆင်းသက်ရန် ခွင့်တောင်းချိန်၌ လေယာဉ်မှူးက ဆီပြဿနာ ကြုံနေကြောင်း အသိပေးခဲ့သည့်တိုင် အရေးပေါ် ပြဿနာမျိုး သတ်မှတ်တောင်းဆိုမှု မရှိခဲ့ချေ။

လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxများကို ရရှိထားပြီ ဖြစ်သော်လည်း လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို တိကျစွာ အဖြေထုတ်နိုင်ရန် လပိုင်းမျှ အချိန်ကြာမြင့်ဖွယ် ရှိနေကြောင်းလည်း သိရသည်။

Ref: BBC

No comments:

Post a Comment