Thursday, December 1, 2016

၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည့် Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး လူစီးများသည့်ယာဉ်များ ဈေးနှုန်းမြင့်တက်လာမည်

၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည့် Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး လူအများစီးသော ကားဈေးနှုန်းများ မြင့်တက်လာမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းဝယ်နေသည့် လုပ်ငန်းရှင်များက ပြောကြားသည်။ေ မ်ာတော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက နိုဝင်ဘာ ၃၀ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆) ဖြင့် ၂၀၁၇ ခုနှစ် အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းသတ်မှတ်ချက်အရ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ် (Consignment စနစ်အပါအ၀င်) တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီ နှင့်အောက် လူစီးယာဉ်များ ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း (၂၀၁၅ မှ ၂၀၁၇ ခုနှစ် ဘယ်မောင်းတင်သွင်းရန်)၊ ကုန်တင်ယာဉ်များ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အတွင်း တင်သွင်းရမည်ဖြစ်သည်။



လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ အပါအ၀င်) ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ (Express) ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် သတ်မှတ်ထားသည်။

ထို့အတူ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအပါအ၀င်) တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယန္တရားများ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ် ၂၀၀၁ မှ ၂၀၁၇ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာယာဉ်များ ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ (Express) ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမည်ဖြစ်သည်။ အစိုးရဌာနများမှ မော်တော်ယာဉ်လျှောက်ထားမှု အနေဖြင့် လူစီးမော်တင်ယာဉ်များ  ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်/ခရီးသည်တင်ယာဉ်/ကုန်တင်ယာဉ်/ယန္တရားများ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း တင်သွင်းရန် သတ်မှတ်ထားကြောင်း သိရသည်။

“အခု ၂၀၁၇ သတ်မှတ်ချက်အရဆိုရင် လူစီးများတဲ့ကားတွေဖြစ်တဲ့ သိန်း ၁၀၀၊ ၁၅၀ တန်ကားတွေ ထပ်သွင်းဖို့ ခက်သွားမှာပါ။ အခုအချိန် Honda Fit သွင်းမယ်ဆိုရင် သိန်း  ၁၅၀ လောက်ကျမယ်ပဲထား လာမယ့်နှစ်မှာ အဲဒီကားကို သွင်းမယ်ဆိုရင် စလစ်ဖိုးတင် သိန်း ၁၀၀ ကျော်နေပြီ။ အပြီးအစီးဆိုရင် သိန်း ၂၅၀ လောက်ကျသွားမယ်။ အဲဒီလို လူစီးများတဲ့ ကားတွေအကုန် ဈေးတက်မယ်” ဟု ပြည်ပမှကားများ တင်သွင်းရောင်းချနေသည့် Distinct Trading Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးထွဋ်ထိပ်က ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွက် သတ်မှတ်ခဲ့သော သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးမိုဒယ် သတ်မှတ်ချက်များ သိသိသာသာ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူစီးများသော ကားဈေးနှုန်းများကို မြင့်တက်လာစေမည်ဖြစ်သည်။

“လက်ရှိဈေးကွက်ထဲမှာ လတ်တလောတော့ ကားဈေးတွေတက်ကုန်တယ်။ ခေါ်ဈေးတွေလည်း အနည်းနဲ့အများတော့ မြင့်လာတယ်။ လာဝယ်ရင်တောင် ရောင်းတဲ့သူက ချည်တုံချတုံရောင်းနေရတယ်။ ပြန်ဝယ်မရရင် ရှုံးမှာဆိုတော့ အခုလိုအချိန်မှာ သတိထားနေရတယ်” ဟု ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိရန်ကုန်မြို့သည် ကားပိတ်ဆို့မှု၊ လမ်းနှင့်ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ များဖြစ်ပေါ်လျက်ရှိရာ တစ်ဖက်တွင်လည်း နယ်လိုင်စင်ပေးသော်လည်း ရန်ကုန်မြို့တွင်သာ ကားများစုပြုံနေခြင်းကြောင့် အစိုးရအနေဖြင့် ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်ဝင်ရောက်မှု လျော့ကျစေရေးအတွက် ယင်းသတ်မှတ်ချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု မော်တော်ယာဉ် တင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များက ထင်မြင်ယူဆကြသည်။ လက်ရှိအခွန်နှုန်းအရ လူစီးများသော အင်ဂျင်ပါဝါ ၁၃၀၀ စီစီရှိကားများ အခွန်နှုန်းသက်သာသော်လည်း ၂၀၁၇ Model Year သတ်မှတ်ချက်ကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

ဦးထွဋ်ထိပ်က “၁၃၀၀ စီစီကားလေးတွေက အခွန်လျှော့ပေါ့ပေးပြီးသားပါ၊ CIF ၅၀၀၀ အနိမ့်ဆုံး သတ်မှတ်ထားပါတယ်။ ကောက်ခံတဲ့ရာခိုင်နှုန်း လျှော့ပေးပြီးသားပါ။ အဓိကပြဿနာက ရန်ကုန်မှာ ကားပိတ်တဲ့ဒဏ်ကို လတ်တလောမဖြေရှင်းနိုင်လို့ တင်သွင်းရခက်အောင် လုပ်တယ်လို့ပဲမြင်တယ်။ ပေးသွင်းချင်မှတော့ ၁၃၀၀ စီစီလောက်ကို ချွင်းချက်အနေနဲ့ စလစ်မပါဘဲ ပေးသွင်းသင့်တယ်။ ၁၃၀၀ စီစီဆိုတာ ဇိမ်ခံကားမှမဟုတ်တာ၊ ပြည်သူတွေလိုအပ်ချက်အရ စီးရတဲ့ဆီစားသက်သာတဲ့ ကားလေးတွေပါ” ဟု ထင်မြင်ချက်ပေးသည်။
Writer:
စည်သူအောင်

No comments:

Post a Comment