Thursday, January 12, 2017

ဒေါ်လာဈေး ပြန်ကျသွားသလိုစက်သုံးဆီဈေးနှုန်းတွေဘယ်တော့ပြန်ကျမလဲ

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တတိယပတ်လောက်က စတင်ပြီး ပြည်တွင်း ငွေကြေးဈေးကွက်မှာ ဒေါ်လာဈေးနှုန်း ပြန် လည်ကျဆင်းသွားပါတယ်။ ဒါပေမဲ့ 'ဒေါ်လာဈေးတက်လို့ လိုက် တက်ရတာပါ' ဆိုလေ့ရှိတဲ့ စက်သုံးဆီဈေးနှုန်းကတော့ အလိုက် သင့် ပြန်လည်ကျဆင်းသွားခြင်းမျိုး မရှိသေးဘဲ အမြင့်ဈေးမှာပဲ ဆက် ရှိနေသေးတာကြောင့် အချိန်ဘယ်လောက်ကြာကြာ တင်းခံနေမလဲ ဆိုတာ စောင့်ကြည့်စရာ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့လအတွင်း မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအပြောင်း အလဲနှင့် တိုက်ဆိုင်စွာပဲ ဒေါ်လာဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက် သွားပြီး ဒီဇင်ဘာ ၁၇ ရက်က တစ်ဒေါ်လာကို ၁၄၄၄ ကျပ်အထိ စံချိန်တင်သွားတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၂ဝ ရက်မှာ တစ်ဒေါ်လာကို ကျပ် ၁၄ဝဝ အောက်ဘက်ကို ပြန်လည်ကျဆင်းလာပြီး ဒီဇင်ဘာ ၂၃ ရက် ဈေးကွက်ပိတ်ချိန်မှာ ၁၃၇၅ ကျပ် ဖြစ်သွားခဲ့တယ်။

ဒီနောက်ပိုင်းမှာ ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး ဒီဇင်ဘာ ၂၇ ရက်မှာ ၁၃၆၅ ကျပ်၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက် မှာ ကျပ် ၁၃၅ဝ၊ ဇန်နဝါရီ ၅ ရက်မှာ ၁၃၄၆ ကျပ်အထိ ဆက်လက် ကျဆင်းခဲ့တယ်။
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေကတော့ ဇန်နဝါရီ ပထမ ပတ်အထိ အပြောင်းအလဲ မရှိသေးတာကို တွေ့ရတယ်။ တစ်ဖက် မှာလည်း နိုင်ငံတကာ ရေနံဈေးနှုန်းက (တစ်စည်ကို) သုံးဒေါ်လာ ခန့် တက်ခဲ့ပေမယ့် ဒေါ်လာငွေဈေး ကျဆင်းသွားတဲ့ နှုန်းထားနဲ့ ချိန်ထိုးလိုက်ရင် စက်သုံးဆီဈေးနှုန်းလည်း ပြန်လည် ကျဆင်းသင့် တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ထောက်ပြလာကြတယ်။
ဒါကြောင့် ဆွဲထုတ်လိုက်ရင် ပြည်တွင်းမှာ စက်သုံးဆီ ဈေးနှုန်း အတက်အကျပေါ် အဓိက လွှမ်းမိုးနေတဲ့ အချက်နှစ်ချက်ရှိတယ်။ ပထမအချက် ဒေါ်လာဈေးနှုန်း အပြောင်းအလဲဖြစ်ပြီး ဒုတိယအ ချက်က ကမ္ဘာ့ရေနံဈေးနှုန်းပဲ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်က စတင်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အနေ အထားတွေအရ ဒေါ်လာဈေး တက်လာရင်ပဲဖြစ်စေ၊ ကမ္ဘာ့ရေနံ ဈေးနှုန်း တက်လာရင်ပဲဖြစ်စေ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းက လည်း (ဈေးကွက်စီးပွားရေးနဲ့အညီ) လျင်မြန်စွာ လိုက်တက်လာလေ့ ရှိတယ်။ ဒါပေမဲ့ ဒေါ်လာဈေးနှုန်း၊ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပြန် လည် ကျဆင်းသွားတဲ့ အခါမျိုးမှာ ပြည်တွင်းလောင်စာဆီဈေးနှုန်း ပြန်ကျဖို့ အတော်လေး အချိန်ယူရတာက အစဉ်အလာကြီးတစ်ခုလို ဖြစ်နေတယ် မဟုတ်ပါလား။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းကလည်း အလားတူ ဖြစ်ရပ်မျိုး ရှိခဲ့သေးတယ်။ ၂ဝ၁၄ ခုနှစ် ဇွန်လကစပြီး ကမ္ဘာ့ရေနံဈေး နှုန်း ဆက်တိုက်ကျဆင်းလာပေမယ့် မြန်မာနိုင်ငံမှာတော့ စက်သုံး ဆီ ဈေးနှုန်းက လအတန်ကြာတဲ့အထိ ကျဆင်းခြင်းမရှိတာကို တွေ့ ရတယ်။ အဲဒီတုန်းက ပြည်တွင်း ဒေါ်လာငွေလဲနှုန်းက အထိုက်အ လျောက် တည်ငြိမ်မှုရှိတယ်။
နောက်ဆုံးမှာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်း ချရေးအသင်းက စက်သုံးဆီ ဆိပ်ကမ်းအရောက် ဈေးနှုန်းနဲ့ အရောင်း ဆိုင်များက ရောင်းချပေးနေတဲ့ လက်လီဈေးနှုန်းများစွာ ကွာဟနေ တာကြောင့် ဈေးနှုန်းလျှော့ချရောင်းဖို့ ထုတ်ပြန်လိုက်ရတဲ့အထိ ဖြစ် ခဲ့ရတယ်။
ဒါကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးကွက်ကို ဝိုင်းကြီး ချုပ်ပုံစံမျိုးနဲ့ လက်ဝါးကြီးအုပ်ထားတာလားလို့ မေးခွန်းထုတ်ခံခဲ့ရ တယ်။ တဆက်တည်းမှာပဲ (၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ)ပြည်တွင်း စက်သုံးဆီဈေးနှုန်း ကျဆင်းလာပေမယ့် ရန်ကုန်မြို့တွင်း တက္ကစီ ကားခအပါအဝင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခတွေ ကျရိပ်မပြခဲ့ ဘဲ ကုန်ဈေးနှုန်းကလည်း ပြန်လည်ကျဆင်းသွားခြင်း မရှိခဲ့လို့ တစ်ခုနဲ့ တစ်ခု ဘာမျှမပတ်သက်၊ မဆက်စပ်နေသယောင် ဖြစ်ခဲ့ပြီး မြန်မာ ပြည် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို မေးခွန်းထုတ်စရာ အများအပြား ရှိလာတယ်။ စက်သုံးဆီဈေးတွေ တက်လို့ သယ်ယူ ပို့ဆောင်စရိတ်၊ ကုန်ဈေးနှုန်းတွေ လိုက်တက်ရတာပါဆိုသော ဖန် တရာတေနေတဲ့ ဆင်ခြေတွေကလည်း ခိုင်လုံပြည့်စုံမှု မရှိတော့ဘူး ဆိုတာကို မီးမောင်းထိုးပြနေတယ် မဟုတ်ပါလား။
တကယ်တော့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုလိုက်ပြီးနောက် ဂျပန်တစ်ပတ်ရစ် ကားတွေ အမြောက်အမြား ဝင်ရောက်လာခြင်းနဲ့အတူ လောင်စာ ဆီ လိုအပ်ချက် နှစ်စဉ် မြင့်မားခဲ့တယ်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ကစပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီလိုအပ်ချက် တစ်ဟုန်ထိုး မြင့်တက် လာလို့ ဈေးကွက်သစ်ကြီးတစ်ခု လျင်မြန်စွာ ကြီးထွားလာခဲ့တယ်။ ဒီလို ပြောင်းလဲလာတဲ့ အနေအထား၊ အခင်းအကျင်းတွေကပဲ စက် သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာဖို့ အခြေအနေကောင်းတွေ ဖန်တီးပေးခဲ့တယ်။
တစ်ဖက်ကလည်း ပြည်တွင်းမှာ အစိုးရ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချမှု မလုံလောက်ခြင်းနဲ့အတူ ပြည်ပမှ စက်သုံးဆီတွေကို လွတ် လပ်စွာ ဝယ်ယူတင်သွင်းခွင့် ပြုခဲ့ပါတယ်။ အလားတူ ၂ဝ၁၁ ခုနှစ် မှာ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၆၁ ဆိုင်ကို ပုဂ္ဂလိက သို့ နှစ်ရှည် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး အစိုးရဘက်က ပြည်တွင်း စက်သုံးဆီ လက်လီရောင်းချမှုကို ရပ်နားခဲ့ကြောင်း သိရပါတယ်။
ပုဂ္ဂလိကကို ခွင့်ပြုလိုက်ပြီးနောက် လောင်စာဆီ တင်သွင်းမှု ပိုမိုမြင့်မားလာသလို ဈေးကွက်အရွယ်အစား(Market Size)လည်း ကျယ်ပြန့်လာတယ်။ အရင်ကလို ခွဲတမ်းစနစ် မဟုတ်တော့ဘဲ လို သလောက် ဝယ်ယူသုံးစွဲနိုင်လို့ ဝယ်လိုအား မြင့်တက်လာတယ်။ ပြည် တွင်းကို မော်တော်ကား၊ ယာဉ်ယန္တရား တင်သွင်းမှု များပြားလာ ခြင်းနဲ့ အချိုးတူ စက်သုံးဆီဈေးကွက်ကလည်း ကြီးထွားလာတယ်။ ဒါကြောင့် စက်သုံးဆီဈေးကွက်ကို ရှုမြင်သုံးသပ်တဲ့အခါ အိမ်စီးကား၊ ခရီးသည်တင်ကားတွေလောက်ကိုသာ 'ကွက်'ကြည့်ရုံနဲ့တင် မလုံ လောက်ဘဲ အင်ဂျင်စက် အသုံးပြုတဲ့ ယာဉ်၊ ယန္တရားအားလုံး အကျုံး ဝင်နေတယ် မဟုတ်ပါလား။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မှာ တရားဝင် ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရတင်ပဲ ပြည်ပမှ ကား အစီးရေ လေးသိန်းကျော် တင်သွင်းခဲ့တယ်။
တစ်ဖက်ကလည်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ အရ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွင်း စက်သုံးဆီ ဝယ်လိုအားက တစ်ရက်ကို စည်ပေါင်း ၄ဝ၇ဝဝ ရှိလို့ ဂါလန်အားဖြင့် နှစ်သန်းကျော် ရှိတယ်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်း စီးပွားကူးသန်း ဝန်ကြီး ဌာန ထုတ်ပြန်ချက်အရ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပထမ ၁ဝ လ အတွင်း ပုဂ္ဂလိကကဏ္ဍ စက်သုံးဆီ (အောက်တိန်း ၉၂)ဂါလန် ၄၁၄ သန်း တင်သွင်းခွင့်ပြုခဲ့တယ်။ ဒါ့အပြင် စက်သုံးဆီ (အောက်တိန်း ၉၅) ဂါလန် ၄၃ သန်း၊ ဒီဇယ်ဆီဂါလန် ၉၆ဝ သန်း၊ အဆင့်မြင့်ဒီဆယ်ဆီ ဂါလန် ၄၈ ဒသမ ၄ သန်း အသီးသီး တင်သွင်းခွင့်ပြုခဲ့တယ်လို့ ထုတ် ပြန်ခဲ့တယ်။ ဒါကြောင့် စက်သုံးဆီဈေးကွက် ကြီးထွားလာနေသလို ပြည်ပကနေ မှာယူတင်သွင်း ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတွေလည်း အလျင်အမြန် တိုးပွားလာပါတယ်။ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်း ထုတ် ပြန်ချက်အရ ကုမ္ပဏီပေါင်း ၆ဝ ကျော်၊ ဆိုင်ပေါင်း ၂ဝဝဝ နီးပါးရှိ ကြောင်း သိရတယ်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် စွမ်းအင်ဌာန ထုတ်ပြန်ချက်အရ ပြည်တွင်းလောင်စာဆီ ဝယ်လိုအားက တစ်ရက်ကို ဂါလန် နှစ်သန်း ကျော်ရှိတယ်။ ဒီနောက်ပိုင်း မော်တော်ယာဉ်တင်သွင်းမှုတွေ ဆက် ရှိခဲ့တာကြောင့် ဝယ်လိုအားက တိုးလာဖို့ပဲရှိပါတယ်။ ဒါကြောင့် ဈေး မချပေးဘဲ 'မှိန်း'ပြီး ရောင်းနေတဲ့ စက်သုံးဆီဈေးကွက်မှာ တစ်ရက် ကို ဘယ်လောက်အထိ အလုပ်ဖြစ်ပြီး အကျိုးအမြတ် ဖြစ်ထွန်းသွား မလဲဆိုတာ မှန်းဆလို့ရနိုင်ပါတယ်။
တစ်ဖက်ကလည်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းက ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ချက်ခြင်း ပြန်လည် ကျဆင်းမသွားရတဲ့အကြောင်း ဖြေရှင်းချက်တွေ ပေးခဲ့တာ ကို တွေ့ရတယ်။ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ''ဆီသွင်းတဲ့ အခါ သင်္ဘောတင်ပြီးမှ ဈေးနှုန်းသတ်မှတ်တယ်။ ဈေးနှုန်းသတ်မှတ် ပြီး ၁ဝ ရက်လောက်နေမှ ဆီက ဒီကိုရောက်လာတယ်။ တစ်စည်ကို ဒေါ်လာ ၁ဝဝ နဲ့ ဝယ်လာတာက သယ်လာတဲ့ ရက်အတွင်းမှာ ဈေး နှုန်းက ဒေါ်လာ ၉ဝ ဖြစ်သွားတယ် ဆိုပါစို့။ ရောက်လာတဲ့ဆီက ၁ဝဝ နဲ့ ဝယ်လာတာဖြစ်လို့ ဘယ်သူမှ ဈေးချ မရောင်းနိုင်ပါဘူး။ အားလုံးက ၁ဝဝ နဲ့ပဲ တွက်ပြီး ရောင်းတယ်။ အမြတ်ကို နည်းနည်း လျှော့ရောင်းတယ်။ နောက်ဆုံး အရင်းပဲပေါ့။ နောက်ထပ် ဆီမရောက် သေးချိန်မှာ အဲဒီအောက်ကို ဘယ်သူက ချရောင်းနိုင်မလဲ။ အဲဒီလို နဲ့ ထိန်းရောင်းနေကြတယ်''လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ငွေလဲနှုန်း၊ ကမ္ဘာ့ ရေနံဈေး အပြောင်းအလဲတွေအပြင် လက်လီနှင့်လက်ကား 'ကွာဟ မှု'နှင့် အချိန်(Time Factor) တွေကိုလည်း အဓိက ပြဿနာများထဲ သို့ ထည့်သွင်းရှုမြင်ရတော့မှာ ဖြစ်ပါတယ်။

အားလုံးကို ပြန်ချုံ့လိုက်ရင် ပြည်တွင်း စက်သုံးဆီဈေးကွက် လွတ်လပ်ပြီး မျှတဖို့ လိုအပ်သလို အချိန်နဲ့တစ်ပြေးညီ ဈေးပြန်ချ ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ပြည်တွင်း စက်သုံးဆီဈေးကွက်ရဲ့ 'ပျော့ကွက်'တွေကို ရှာဖွေ ဖော်ထုတ် ပြင်ဆင်ထားသင့်တယ်။ နိုင်ငံ တကာ ကုမ္ပဏီတွေ ဝင်ရောက်လာရင် ယှဉ်ပြိုင်ဖို့ အသင့်ရှိတဲ့ အနေ အထားမျိုးရောက်အောင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့် တယ်။ စက်သုံးဆီ ဈေးတက်လို့ ကုန်စည် သယ်ယူပို့ဆောင်ခတွေ တစ်ဆက်တည်း မြင့်တက်လာပြီး ကုန်ဈေးနှုန်း၊ ဝန်ဆောင်ခ ကြီး မြင့်မှုတွေကို ဖြစ်ပေါ်လာစေတယ်။ အဲဒီအကျိုးဆက်ကို ပြည်သူတွေ ပဲ ခံစားနေရတယ် မဟုတ်ပါလား။ ဒါကြောင့် အစိုးရပိုင်းရော ပုဂ္ဂလိက ပိုင်းကပါ ဘယ်လို ပူပေါင်းဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ် ကြောင်းပါ။  သက်မောင်( နိုင်/စီး )

No comments:

Post a Comment