Wednesday, January 11, 2017

ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီနှင့် ကေအန်ယူတပ်အကြား ပစ်ခတ်မှုဖြစ်

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်တို့အကြား ဒီကနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ေ ရဖြူမြို့နယ်အတွင်းက မွန်ပြည်သစ်ပါတီတပ်ထိန်းချုပ်နယ်မြေအတွင် ကေအန်ယူ တပ်မဟာ ၄ က တပ်က လာရောက်ပစ်ခတ်ခဲ့တာလို့ ရေးမြို့နယ် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံ နိုင်ရော့ချမ်းက ပြောပါတယ်။ “မနက် ၆ နာရီလောက်က သဲချောင်း တောထဲမှာဖြစ်တာ။ အဲဒီနေရာ ကျနော်တို့စခန်းကို သူတို့ လာပစ်တာ။” အဆိုပါ တိုက်ပွဲဖြစ်တဲ့နေရာဟာ မွန်ပြည်သစ်ပါတီ အမှတ် ၂ တပ်ရင်း အခြေချတဲ့နေရာဖြစ်သလို ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ခွဲ (၃) လှုပ်ရှားတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။



ဒီပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမှုမရှိပေမယ့် အဆိုပါဒေသမှာ နယ်မြေကိစ္စနဲ့ အငြင်းပွား နေတာ ဖြစ်ပြီး ဒီတကြိမ်ပစ်ခတ်မှုနဲ့ပါဆိုရင် ၄ ကြိမ်မြောက်ဖြစ်တယ်လို့လည်း နိုင်ရော့ချမ်းက ပြောပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ ၁၉၈၈ခုနှစ်မှာ နယ်မြေအငြင်းပွားမှုပြဿနာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF)ရဲစေ့စပ်ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာမြန်မာအစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေမှာ ပါဝင် သဘောတူလက်မှတ် ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီကတော့ သဘောတူစာချုပ် လက်မှတ် ထိုးထားခြင်းမရှိသေးပါဘူး။

No comments:

Post a Comment