Thursday, January 12, 2017

မောင်တောတွင် ရပ်နားထားရသည့် ငါးဖမ်းစက်လှေများ ပင်လယ် ထွက်ခွာခွင့် အတွက် မှတ်ပုံတင် ပြုလုပ်ပေးနေ

 ပဋိပက္ခဖြစ်ပွားရာ မောင်တောဒေသအတွင်း လုံခြုံရေးကြောင့် ရပ်နားထားရသည့် ငါးဖမ်းလှေများကို လိုင်စင်မှတ်ပုံတင် ပြုလုပ်ကာ ပင်လယ်ပြင်သို့ ထွက်ခွင့်ပြုနေပြီ ဖြစ်ကြောင်း မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ အဆိုပါဒေသတွင် ကမ်းနီးငါးဖမ်းလှေ ၃၀၀ ကျော် နှင့် တစ်နိုင်တစ်ပိုင် ငါးဖမ်းစက်လှေ ၁၃၀၀ ကျော် ရှိနေပြီး အောက်တိုဘာ ၉ ရက်နေ့ မောင်တောရဲစခန်းများ တိုက်ခိုက်ခံရပြီးချိန်မှစ၍ ပင်လယ်ပြင် ထွက်ခွင့် ရပ်နားနေခဲ့ခြင်း ဖြစ်သည်။ “ လုံခြုံရေးအခြေနေကြောင့် ရပ်နားထားတာပဲ ဖြစ်ပါတယ်။ အခု ငါးဖမ်းစက်လှေတွေကို လိုင်စင်နဲ့ ထုတ်ပေးနေပြီ ဖြစ်တာကြောင့် စိစစ်ပြီးရင် ပင်လယ်ပြင် ထွက်ခွင့်ရမှာပါ ” ဟု မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်း က ပြောသည်။



လိုင်စင်မှတ်ပုံတင်ပြုလုပ်ရာတွင် လှေပေါ်လိုက်ပါနေသည့် ရေလုပ်သားများ အရေအတွက်၊ အမည်စိစစ်မှတ်ပုံတင်ကာ ရေလုပ်သားအဖြစ် လိုင်စင်ပါ ထုတ်ပေးလျက်ရှိသည့်အပြင် ငါးဖမ်းလှေများအားလုံးတွင် မြန်မာနိုင်ငံအလံကို လွှင့်ထူရမည်ဖြစ်ကြောင်းနှင့် လှေများကို အဏုမြူအစိမ်းရောင် သုတ်ရမည်ဖြစ်ကြောင်း စည်းကမ်း သတ်မှတ်ထားသည်။

ယင်းအပြင် လိုင်စင်ရရှိပြီးနောက် ရေကြောင်းပို့ဆောင်ရေးမှ ထုတ်ပေးသည့် ရေယာဉ်မှတ်ပုံတင်ကို လှေ၏ မြင်သာသည့်နေရာတွင် ထင်ရှားစွာ ကပ်ရမည်ဖြစ်သလို၊ ငါးဖမ်းစက်လှေအဖြစ် အလွယ်တကူ သိရှိနိုင်မည့် ကြက်လျှာစွန်းအဝါရောင် အလံကိုပါ လွှင့်ထူရန်နှင့် ဖမ်းဆီးရမိသည့် ငါးများအားလုံးကို နိုင်ငံတော်အချူပ်အခြာ အာဏာပိုင်ဒေသမှလွဲ၍ မည်သည့်နေရာတွင်မျှ ရောင်းခွင့်မရှိဟု ကတိခံဝန်လက်မှတ်ရေးထိုးကာ လိုင်စင် ထုတ်ပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သသည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က မောင်တောတောင်ပိုင်း၊ အလယ်သံကျော်ရွာရှိ  ဒေသခံများ၏ မူလလုပ်ကိုင်နေသော ပင်လယ်ထွက်၍  ငါးဖမ်းလုပ်ငန်းများ၊ ပုစွန်မွေးမြူခြင်း လုပ်ငန်းများ လုပ်ကိုင်မရ၍  အခက်အခဲများ ဖြစ်နေသည်ဟု မီဒီယာသမားများကို ပြောထားခဲ့ပြီး  ယခု ယင်းဒေသများအပါအ၀င် ငါးဖမ်းလုပ်ငန်းပြန်လည်လုပ်ကိုင်ရန် မှတ်ပုံတင်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

No comments:

Post a Comment