Wednesday, January 11, 2017

ဥက္ကာခဲတစ်လုံး ကမ္ဘာနှင့် နီးကပ်စွာဖြတ်သန်းခဲ့

ဇန်နဝါရီ ၉ ရက် ဂရင်းနစ် စံတော်ချိန် ၁၂ နာရီ ၄၇ မိနစ်၌ ဥက္ကာခဲ တစ်လုံးသည် ကမ္ဘာနှင့် နီးကပ်စွာ ဖြတ်သန်းခဲ့ကြောင်း နာဆာက ထုတ်ပြန် ကြေညာသည်။ အဆိုပါ ဥက္ကာခဲမှာ 2017 AG 13 ဖြစ်ကြောင်း၊ ကမ္ဘာနှင့် နီးကပ်စွာ ဖြတ်သန်းရန် နှစ်ရက် အလို၌သာ သိပ္ပံပညာရှင် များက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းသည် ကမ္ဘာနှင့်လ အကွာအဝေး၏ ထက်ဝက်ခန့်မှ ဖြတ်သန်းသွားခဲ့ ခြင်းဖြစ်ရာ ကမ္ဘာနှင့် လအကွာ အဝေးသည် မိုင်ပေါင်း ၂၃၉ဝဝဝ မိုင်ခန့်ဖြစ်သည့် အတွက် ကမ္ဘာနှင့် မိုင်ပေါင်း ၁၁၉၅ဝဝ ခန့်က ဖြတ်သန်းသွား ခဲ့သည်ဟု မှတ်ယူ နိုင်ကြောင်း သိရသည်။
'' 2017 AG 13 ဟာအရွယ်အစား အားဖြင့် အကျယ် ၃၆ ပေကနေ ၁၁၁ ပေထိ ရှိနိုင်ပါတယ်။ ဒီလို ဥက္ကာခဲမျိုးက ကမ္ဘာကို ဝင်တိုက်မိရင် ဘာဖြစ်သွားနိုင် သလဲ ဆိုတာကို ဥပမာယူလို့ ရအောင် ပြောရမယ် ဆိုရင် ၂ဝ၁၃ ဖေဖော်ဝါရီက ရုရှားနိုင်ငံ ချယ်လျာဘင့်မြို့ပေါ် ကျခဲ့တဲ့ ဥက္ကာခဲဟာ အကျယ် ၆၅ ပေရှိခဲ့ ပါတယ်။ လူ ၁ဝဝဝ ကျော် ဒဏ်ရာရသွား ခဲ့ပါတယ်။ အခု ဥက္ကာပျံက နှစ်ဆလောက် ပိုကြီးပါတယ်။ အပျက်အစီး အဆုံးအရှုံး များနိုင်ပါတယ်'' ဟု အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် ကိန်းဘရစ် မြို့ရှိ Minor Planet Center မှ နက္ခတ် ပညာရှင် တစ်ဦးက ပြောပြသည်။
2017 AG 13 ကို အရီဇိုးနား ပြည်နယ် အခြေစိုက် Catalina Sky Survey နက္ခတ်တာရာကြည့် မျှော်စင်မှ သုတေသီများက ဇန်နဝါရီ ၇ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ကနဦး လေ့လာမှုများ အရ နေကို ၃၄၇ ရက်လျှင် တစ်ပတ်နှုန်း လှည့်ပတ် နေသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာကို 2017 AG 13 ကဲ့သို့ ရုတ်တရက် ပေါ်လာပြီး အနီးကပ်ဖြတ် ပျံသန်းသွားသော ဥက္ကာခဲ များ သန်းပေါင်းများစွာ ရှိကြောင်း၊ ၄င်းတို့အနက် သိပ္ပံပညာရှင် များက ၁၅ဝဝဝ ခန့်ကိုသာ တွေ့ရှိ မှတ်တမ်းတင်ထား နိုင်သေးကြောင်း သိရသည်။
PyiChitThar

No comments:

Post a Comment