Thursday, January 12, 2017

ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ တစ်ယောက် (သို့မဟုတ်)ကိုပေါက်(အောင်လံ)

မြန်မာနိုင်ငံအလယ်ပိုင်း၏ အပူပိုင်း ဒေသတစ်ခုဖြစ်သည့် မကွေး တိုင်းဒေသကြီး အောင်လံမြို့၏ ဆောင်းနံနက်ခင်းက အေးမြခြင်းအရသာကို မပေးစွမ်းနိုင်သေး။ သို့သော် အေးချမ်းစရာ မြင်ကွင်းတစ်ခုကတော့ အဆင်သင့် ဆီးလို့ကြိုနေသည်။ ထိုမြင်ကွင်းက နံနက် နေရောင်ခြည်အောက်မှာ ဘုရားသား တော်များဖြစ်သည့် ကိုရင်လေးများအား အသက် ၅ဝ ခန့်ရှိသည့် အမျိုးသားကြီးတစ်ဦးက ဆွမ်းလောင်းနေခြင်းပင် ဖြစ်သည်။ ထို လူကြီးက ကိုရင်လေးများအား ဖော့ဘူးဖြင့် အဆင့်သင့်ထည့်ထား သည့် ဆွမ်းခဲဖွယ်များကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကပ်လှူနေ သည်။ ကိုရင်လေးများက ဆုပေးရာတွင် လက်အုပ်လေးချီကာ မျက် လုံးလေးမှိတ်ပြီး နာယူနေသည်မှာ ကြည်နူးစရာ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။


ထိုအမျိုးသားကြီးသည် အရပ်အမောင်း အတန်အသင့်ကောင်း မွန်ပြီး ညိုသောအသားရေကို ပိုင်ဆိုင်သူဖြစ်သည်။ ဆံပင်ကို ကတုံး ဆံပင်ပေါက်ပုံသဏ္ဌာန် ခပ်တိုတိုညှပ်ထားပီး ချည်အင်္ကျီနှင့် လုံချည် ကို နှစ်သက်စွာ ဝတ်ဆင်တတ်သူဖြစ်သည်။ အဝတ်အစားကို ကြည့် ပြီး ဆုံးဖြတ်ပါက သူ၏သဏ္ဌာန်မှာ ခပ်နွမ်းနွမ်းသဏ္ဌာန် ဖြစ်ပေလိမ့် မည်။ သို့သော် သူ၏စိတ်ဓာတ်ကို လေ့လာပါက အလွန်မွန်မြတ်သူ ဖြစ်ပေသည်။ အဘယ်ကြောင့် စိတ်ဓာတ်မွန်မြတ်သူဟု ဆိုရသော် သူသည် သူ၏ဇာတိမြေအား တတ်စွမ်းသလောက် အလှူပစ္စည်း များဖြင့် ကူညီနေသူဖြစ်သည်။ သူသည် မနက်မိုးလင်းက မိုးချုပ် အိမ်တွင် ရှိမနေတတ်။ ဆိုင်ကယ်တစ်စီးဖြင့် လျှောက်သွားနေတတ် သည်။ သူ အများဆုံး သွားတတ်သည့်နေရာများကတော့ အခက် အခဲမျိုးစုံ ကြုံတွေ့နေရသည့် သာမန်ပြည်သူ ဆင်းရဲသားများဆီသို့ ဖြစ်သည်။ သူ၏အမည်မှာ ကိုပေါက်(အောင်လံ) ဖြစ်သည်။
သူ၏ဆောင်ရွက်ချက်များကို ''ပရဟိတရယ်လို့တော့ မဟုတ် ပါဘူး။ ကိုယ်တတ်နိုင်တာလေးတွေကို ငယ်စဉ်ကတည်းက လုပ် ဖြစ်ပါတယ်။ ဥပမာ-မုန့်ဖိုးလေးတွေစုပြီး မကျန်းမာတဲ့ ရဟန်းကို လှူတာ၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကို လှူဖြစ်တာမျိုးတွေ လုပ် ဖြစ်တယ်''ဟု ပြောပြသည်။
ထိုသို့လှူဒါန်းရခြင်းသည် တစ်ပါးသူ အခက်အခဲဖြစ်ပါက ထိုသူ နေရာတွင် ကိုယ်သာဖြစ်ခဲ့မည်ဆိုလျှင် ဆိုသည့် ကိုယ်ချင်းစာတရား ထားကာ တွေးမိသည့်အတွက် ကူညီခြင်းဖြစ်သည်ဟု ပြောသည်။
ထိုသို့ ကူညီဖြစ်သည်ကိုပင် သူက ''လူတစ်ယောက် အခက် အခဲဖြစ်နေရင် ကူညီပေးလိုက်ချင်တယ်။ ကိုယ်လုပ်ပေးလိုက်လို့ သူ အဆင်ပြေသွားရင် ကျွန်တော်ပျော်တယ်။ အဲဒီအပျော်တွေကို ကျွန် တော်ခံစားချင်လို့ လုပ်ဖြစ်နေတယ် ထင်ပါတယ်''ဟု ဆိုသည်။
သူ အလှူလုပ်ပုံက အခြားသူများနှင့်မတူ ဆန်းကြယ်လှသည်။ ဘယ်သူဘယ်ဝါရယ်ဟု အဓိကထား၍ လှူဒါန်းခြင်းမျိုး မဟုတ်ဘဲ တစ်စုံတစ်ယောက် ဒုက္ခရောက်နေသည်ကို ကြားရင်၊ မြင်ရင်ပဲ အား လုံးအဆင်ပြေအောင် လုပ်ပေးချင်တာပဲ သိသည်။ ထိုသို့ မြင်ပြီ၊ ကြားပြီဆိုသည်နှင့် ဘာသာလဲ မခွဲခြား၊ လူမျိုးလဲ မခွဲခြားဘဲ ကူညီ ဆောင်ရွက်ပေးချင်သူ ဖြစ်သည်။
သူနေထိုင်ရာ အောင်လံမြို့နယ်ထဲက ဗလီတစ်ခုမှာ လူတစ် ယောက် သတိလစ်၍ ကူညီပေးခဲ့ခြင်း၊ အမျိုးသမီးကြီးတစ်ဦး ည အချိန်မတော်တွင် သွေးများ စောင့်တက်၍ ကူညီပေးခဲ့ခြင်း၊ အမျိုး သားတစ်ဦး ဆေးရုံ၌ လိုအပ်သည့် ဆေးနှင့်ပစ္စည်းများအား ထောက် ပံ့ပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ သူသည် ပရဟိတနှင့် ပတ်သက် လျှင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကူညီတတ်သူဖြစ်သည်။ ထို့အပြင် ဟိန္ဒူဘုရားကျောင်း ရန်ပုံငွေအတွက် ဗွီဒီယိုပြပြီး ရှာပေးဖူးခြင်း၊ HIV လူနာများကိုလည်း ရန်ကုန်အထိ ပို့ဆောင်ပေးခြင်းများ ပြုလုပ် ခဲ့သူလည်း ဖြစ်သည်။
လတ်တလော သူ၏ဆောင်ရွက်ချက်များကို မေးမြန်းကြည့်ရာ ''အခုလောလောဆယ် နေ့စဉ် ကူညီဖြစ်နေတာက နွမ်းပါးချို့တဲ့,တဲ့ ဘိုးဘွားတွေရယ်၊ လမ်းပေါ်က စိတ်ဝေဒနာရှင်တွေရယ်၊ လမ်း ပေါ်က ကလေးတွေရယ်၊ ဆေးဖိုး လုံးလုံးမတတ်နိုင်တဲ့ သူတွေကို ကူညီဖြစ်ပါတယ်''ဟု သူက ပြောပြသည်။
ထိုသို့ ကူညီဆောင်ရွက်ခြင်း လုပ်ငန်းများအပြင် သူ၏ဒေသ အကျိုးပြု လုပ်ငန်းအဖြစ် လမ်းပေါ်၌ တောင်းစားနေသည့် ကလေး များအား ဖမ်းဆီးချင်သည်ဟု ဆိုသည်။ သို့သော် သူမလုပ်နိုင်သေး။ အကြောင်းမှာ ထိုကိစ္စလေးများက များစွာဖြစ်နေပြီး သူနှင့် စိတ် သဘောထားခြင်း မတိုက်ဆိုင်သူများလည်း ရှိနေခြင်းက အဆိုပါ လုပ်ငန်းများအတွက် ခက်ခဲစေခဲ့သည်။ ထို့ကြောင့် သူက ''စိတ်မညီ တဲ့ သူတွေနဲ့တွေ့ရတာ ပိုစိတ်ပျက်တယ်။ အဲဒါကြောင့် လူနည်း နည်းနဲ့ပဲ လုပ်ဖြစ်တာပါ။ လိုနေတဲ့ နေရာတွေမှာ ကွပ်လပ်တွေပဲ။ မလိုတဲ့နေရာတွေမှာသာ ပုံနေကြတာ''ဟု စိတ်ပျက်စွာ ပြောပြသည်။
သူ၏ ပုံမှန်လှူဒါန်းမှုအဖြစ် နေ့စဉ် အာဟာရ လှူဒါန်းခြင်းအတွက် တစ်ရက်လျှင် နှစ်သောင်းခွဲဖြင့် တစ်လလျှင် ခုနစ်သိန်းခွဲ၊ အောက်စီဂျင် လှူဒါန်းမှုအဖြစ် တစ်လလျှင် အောက်ဆီဂျင်လှောင် အိုး သုံးဆယ်ခန့်၊ ဘိုးဘွား ၄၈ ဦးအတွက် တစ်ဦးကို ကျပ် ၁ဝဝဝဝ နှုန်းဖြင့် လစဉ်ကန်တော့သည်ဟု ပြောသည်။
ထို့အပြင် ဆေးမကုနိုင်သူများကို ဆေးဖိုးထောက်ပံ့ခြင်း၊ မိဘ မဲ့ကျောင်းမှ ကလေးများကို ညပိုင်းအတွက် လိုအပ်သည့်ပစ္စည်း များနှင့် မုန့်ဝယ်ကျွေးခြင်း၊ HIV ပိုးရှိသူများ ရန်ကုန်သို့ ဆေးကု သွားရန် စရိတ်ပေးခြင်း၊ အဆိုပါဝေဒနာရှင်များ ဆေးရသည့်အ ခါတွင်လည်း ဆေးထုတ်သွားရန် စရိတ်ထောက်ပံ့ခြင်း၊ စာသင်ဝိုင်း မှ ကလေးများအတွက် စာအုပ်၊ ဘောလ်ပင်နှင့် အခြားစာရေးကိရိယာ များအပြင် စားသောက်ရန် ထမင်းနှင့်ဟင်းများကို ထောက်ပံ့ခြင်း၊ နေစရာအိမ်မရှိသည့် ဘိုးဘွားများကို ¤င်းတို့နေထိုင်နိုင်မည့် အိမ် သေးလေးများကို တစ်လလျှင် နှစ်လုံးခန့် ပြန်ဆောက်ပေးခြင်းများ အား ¤င်းကိုယ်တိုင် ပြုလုပ်ပေးနေသည်။
သို့သော် ထိုသို့ပြုလုပ်ပေးနေရသော်လည်း သူ၏ အလှူငွေ တစ်ခုတည်းတော့ မဟုတ်ပေ။ ထိုသူကိုသူက ''အဲဒါတွေ အားလုံး ကို အလှူရှင်တွေရဲ့ အလှူငွေတွေပဲ အားကိုးနေရတာပါ။ ကျွန်တော် စိုက်နိုင်တာက နည်းနည်းပါ။ အဖွဲ့မှာ ရန်ပုံငွေလက်ကျန် မရှိပါ ဘူး။ ရသမျှက တန်းလှူဖြစ်ပါတယ်။ အခုလက်ရှိ အနေအထားက အလှူရှင်တွေရဲ့ စေတနာနဲ့ပဲ ရပ်တည်နေရတာပါ။ တစ်လကို သိန်း ၂ဝ ကျော်လောက် လှူဖြစ်ပါတယ်''ဟု ရှင်းပြသည်။
၎င်းကူညီခဲ့ဖူးသူ များစွာရှိသော်လည်း မှတ်သားထားခြင်း မရှိ သည့်အတွက် တစ်ခါတစ်ရံတွင် ကူညီပေးခဲ့ဖူးသူများက လာရောက် နှုတ်ဆက်မှပင် မှတ်မိတော့သည်ဟု ဆိုသည်။ သူသည် အလှူပေါင်း စုံ လုပ်နေသူဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ် ဟင်္သာ သီးနှံစုံ ပွဲရုံ လုပ်ငန်း၊ အဝေးပြေး ကုန်ကားလုပ်ငန်း၊ လမ်းခင်းကျောက်ခွဲစက် လုပ်ငန်းများအား လုပ်ကိုင်ခြင်း၊ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးသွား များအတွက် သူ၏မြို့နယ်တွင် အခမဲ့ တည်းခိုခန်း ဖွင့်လှစ်ပေးခြင်း လုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ပြီး ၄င်း၏ အလုပ်များ အားလုံး တယ်လီဖုန်းဖြင့် လုပ်ကိုင်ရန် အဆင်ပြေသည့်အတွက် ယခုကဲ့သို့ အလှူအတန်းများလုပ်ရန် လွယ်ကူသည်ဟု ဆိုပါသည်။
သူသည် အောင်လံမြို့ဇာတိဖြစ်ပြီး မိသားစုနှင့်အတူ နေထိုင် လျက်ရှိသည်။ သူ၏ အလှူအတန်းများပြုလုပ်ရန် ပါရမီဖြည့်နေသူ များမှာ စေတနာရှင်အလှူရှင်များနှင့် ၄င်း၏ မိသားစုဝင်များ၊ သူငယ် ချင်းများပင် ဖြစ်သည်။ သူတို့၏ တတ်အားသရွှေ့ ကူညီမှုများဖြင့် ၄င်းတို့၏ အောင်လံမြို့ရှိ အပူရှိသူများ၊ အခက်အခဲရှိသူများကို အ ပြည့်အဝ မဟုတ်လျှင်တောင် အနည်းအကျဉ်း အေးချမ်းစေမည်ဟု ယုံကြည်မိသည်။
၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ သော နိုင်ငံတော်သမ္မတရုံး အမိန့်ကြေညာစာအမှတ် ၁/၂ဝ၁၇ အရ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ရရှိခဲ့သူ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရက လေးခြင်း၊ ပေါ့ခြင်း ဒဿနကို တရားတစ်ပုဒ် ဟော ထုတ်ခဲ့ဖူးသည်။ ဆရာတော်ကြီးက သူ့တွင် ဘဏ်အကောင့်များစွာ ရှိသော်လည်း ကိုယ်ပိုင်နာမည်ဖြင့် မရှိဘဲ သီတဂူ မျက်စိဆေးရုံ၊ သီတဂူရေဒါန အစရှိသော နာမည်များဖြင့်သာရှိပြီး ရသမျှ အလှူ ငွေများအားလုံးကို ထိုအကောင့်များထဲသို့သာ ထည့်သွင်းကြောင်း၊ ဘာတစ်ပြားတစ်ချပ်ကိုမျှ ယူမထားကြောင်း၊ လောကတွင် ယူလျှင် လေးပြီး ပေးလျှင်ပေါ့ကြောင်း၊ ယူသည့်လူသည် ယူသည့် ဝန်ထုပ် ဝန်ပိုးများဖြင့် လေးလံနေတတ်ပြီး ပေးသည့်လူသည် မိမိတွင်ရှိသည့် ဝန်များလျော့ပါး၍ ပေါ့သွားတတ်ကြောင်း သတိပေး ဟောကြားခဲ့ ခြင်းဖြစ်ပါသည်။
ယခုလည်း ရသမျှ၊ ရှိသမျှကို လှူတန်းပေးကမ်းဖို့သာ ဆန္ဒ စောနေသူ ကိုပေါက်(အောင်လံ)သည်လည်း သူ၏ လက်ရှိဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေခြင်းပင် ဖြစ်သည်။ ထိုသို့ ပရဟိတဒါန များဖြင့် ပေါ့ပါးနေခြင်းသည် ယခုဘဝမှ နောင်ဘဝသို့ ကူးပြောင်း ရာတွင်လည်း လျင်မြန်ပေါ့ပါးသော ကုသိုလ်အရှိန်အဟုန်တို့ဖြင့် သုဂတိဘဝသို့သာ ကူးပြောင်းတော့မည်မှာ မြေကြီးလက်ခတ်မလွဲ ပင် ဖြစ်ပေတော့သည်။ ​အောင်ထူးနိုင်

No comments:

Post a Comment