Thursday, January 12, 2017

SSA(၀မ်ဟိုင်း)အဖွဲ့၏ ဆက်ကြေးကောက်ခံခြင်းနှင့် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းတို့ကြောင့် ပြောင်းရွှေ့လာသည့် တိုင်းရင်းသားပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်း SSA(၀မ်ဟိုင်း)အဖွဲ့၏ ဆက်ကြေးကောက်ခံခြင်းနှင့် အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းတို့ကြောင့် ဟိုဆိုင်းကျေးရွာအုပ်စု၊ပန်နှင်းကျေးရွာနှင့် ၀မ်မိုင်းကျေးရွာတို့မှ ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စု၊ရေဖြူကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် တိုင်းရင်းသား ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇန်န၀ါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ရေဖြူကျေးရွာဘုန်းကြီးကျောင်း၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက နှုတ်ဆက်အားပေးစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းစစ်ဌာနချုပ်နှင့်စေတနာရှင်အလှူရှင်များက ပေးအပ်လှူဒါန်း သည့် ဆန် ၁၁၉ အိတ်၊ ဆီ ၂၂၇ ပိဿာ၊ ဆား ၁၈၀ ထုပ်နှင့် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင် ပစ္စည်းများနှင့် ရေသန့်ဆေးတို့ကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။


ထို့ပြင် မားသဲကျေးရွာအုပ်စု၊ မုံပြင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၀၁ ဦးအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျေးရွာဘုန်းတော်ကြီးကျောင်း၌ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီးဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် သုတ၊ ရသ စာအုပ်/ စာစောင်များ ပေးအပ်လှူဒါန်းသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံပြင်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment