Monday, June 19, 2017

၆၆(ဃ)ဖြင့် အမှုဖွင့်ခံရသည့် မကွေးသတင်းသမားသုံးဦးကို ခေါ်ယူစစ်ဆေး၊ သက်သေခံဖုန်းနှစ်လုံး သိမ်းယူ

၆၆(ဃ) ဖြင့် အမှုဖွင့်ခံ ထားရသည့် မကွေးသတင်းသမား သုံးဦးကို နယ်မြေရဲစခန်းက ဇွန် လ ၁၈ ရက်တွင် ခေါ်ယူစစ်ဆေးပြီး ၎င်းတို့၏ဖုန်းများကို သိမ်းဆည်း ခဲ့သည်။ MGY သတင်းနှင့် ရသစုံ ဂျာ နယ်တာဝန်ခံအယ်ဒီတာ ဦးတင် ရွှေ၊ ဂျာနယ်အသင်းဝင် မဖူးပွင့် နေခြည်နှင့် ဒီမိုကရေစီတူဒေး သတင်းစာမှ သတင်းထောက် မဇာဇာစန်းတို့ကို ခေါ်ယူစစ်ဆေးခြင်းဖြစ်ပြီး ဦးတင်ရွှေနှင့် မဇာဇာစန်း တို့၏ ဖုန်းများကိုသိမ်းယူခဲ့သည်။ ‘‘သူတို့ကို စစ်ဆေးပြီးတော့ သူတို့အသုံးပြုတဲ့ဖုန်းတွေကို သက်သေတွေနဲ့ သိမ်းတယ်။ သိမ်းပြီးတော့ စီအိုင်ဒီကိုပို့ဖို့ ရှိ တယ်။ အမှုကမပြီးသေးဘူး။ ဆက်စစ်စရာတွေ ရှိသေးတယ်။ အဆင့်ဆင့်လုပ်ဆောင်စရာတွေ ရှိသေးတယ်။ စီအိုင်ဒီကိုတင်ပြရ မှာတွေ၊ ခွင့်ပြုမိန့်ယူရမှာတွေ ရှိသေးတဲ့အတွက် လတ်တလော ဖမ်းဆီးခြင်းတော့ မရှိသေးပါဘူး’’ ဟု အမှုစစ်အရာရှိ ဒုရဲအုပ်ဇော် မင်းဦးက ပြောသည်။



အမှုဖွင့်ခံရပြီး ၈ ရက်အကြာ၌ ခေါ်စစ်ခံရခြင်းဖြစ်သည်။

‘‘ဖုန်းကို အသိမ်းခံရတာ သတင်းသမားတစ်ယောက်အနေ နဲ့ ရင်နာတယ်။ ဖုန်းနဲ့ပဲ ရုပ်သံ သတင်းလုပ်၊ သတင်းရေး၊ နောက် ပြီး ကျွန်တော့်မိသားစုရေးရာကိစ္စ၊  အချက်အလက် ဒါတွေအားလုံး က ဖုန်းထဲမှာ။ သတင်းသမားရဲ့ ဖုန်းကိုသိမ်းတာ၊ သတင်းသမားရဲ့ နှလုံးသားကို နုတ်ယူသွားတာနဲ့ အတူတူပါပဲ’’ဟု ဦးတင်ရွှေက ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ သော ပို့စ်တစ်ခုနှင့်ပတ်သက်ပြီး အဆိုပါ သတင်းသမားသုံးဦးကို ဇွန်လ ၁၀ ရက်က မယ်လှတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက အမှု ဖွင့်ခြင်း ဖြစ်သည်။

MGY သတင်းနှင့် ရသစုံဂျာ နယ်တာဝန်ခံ အယ်ဒီတာဦးတင် ရွှေ၊ ဂျာနယ်အသင်းဝင်မဖူးပွင့် နေခြည်နှင့် ဒီမိုကရေစီတူဒေး သတင်းထောက် မဇာဇာစန်းတို့ သည် ဇွန်လ ၅ ရက်တွင် မကွေး မြို့နယ် မယ်လှတောင်ကျေးရွာ အုပ်စု၊ မြင်ကင်းကျေးရွာ လမ်း ဟောင်းပြုပြင်လမ်းချဲ့ခြင်း၌ သစ်ပင်များခုတ်လှဲမည့်ကိစ္စ၊ စည်းကမ်းချက်များနှင့်မညီဘဲ အုတ်ဖုတ်လုပ်ငန်းလုပ်နေသည့်ကိစ္စများရှိနေကြောင်း ဒေသခံများကအကြောင်းကြားလာသဖြင့် သွား ရောက် သတင်းယူခဲ့ခြင်းဖြစ်သည်။

သို့သော် သတင်းအချက် အလက် ပြည့်စုံစွာမရရှိသဖြင့် သတင်းမရေးသားခဲ့သော်လည်း ဦးတင်ရွှေက တင်ရွှေမင်းဘူးဖေ့စ် ဘွတ်ခ်အကောင့်ဖြင့် လူမှုကွန် ရက်စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြခြင်းနှင့် ၎င်းရေးသားမှုကို မဇာဇာစန်းက သဘောထားမှတ်ချက်ပေးခြင်းအပေါ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၀ရက်တွင် သတင်းလာရောက်ယူသူသုံးဦးလုံးကို မကွေးနယ်မြေရဲစခန်းတွင် ၆၆(ဃ)ဖြင့် တရားလိုပြုလုပ် တိုင်တန်းခြင်းဖြစ်သည်။

တင်ရွှေမင်းဘူးအကောင့် ဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်မှာ ‘‘သို့/ မကွေး လွှတ်တော်ကိုယ်စားလှယ်များ၊ ထွေအုပ်တာဝန်ရှိသူများ၊ မြေစာ ရင်းတာဝန်ရှိသူများခင်ဗျား။ မသိ လို့မေးပါရစေ၊ မကွေးမှာ အုတ် ဖုန်လုပ်ငန်းခွင့်ပြုထားပါသလား။ မြင်းကင်းသင်္ဘောဆိပ်နယ်မြေ၊ ပလပ်မြေတွင် အုတ်ထုတ်လုပ်နေ ပါသည်။ မယ်လှတောင်အုပ်စု အုပ်ချုပ်ရေးမှူးက သတင်းမီဒီ ယာတွေ သူ့ခွင့်ပြုချက်ရမှ ရွာထဲ အ၀င်ခံမယ်နဲ့ အာဏာရှင်ဆန် ဆန်ပြောသေးသဗျ၊ မယုံသွား ကြည့်ပါ။ အခွန်ဘဏ္ဍာအလွန်နစ် နာပါတယ်။ လုပ်ငန်းရှင်ကလည်း ခတ်ထန်ထန်ပါ။ ဒီကြားထဲသစ် ပင်များအား ဘူဒိုဇာနှင့် ထိုးဖို့လုပ် နေတဲ့အတွက် မြင်းကင်းရွာပြည် သူတချို့က ကန့်ကွက်လျက်ရှိနေ ပါတယ်။ တာဝန်ရှိသူများကွင်း ဆင်းစစ်ဆေးသင့်ပါတယ်’’ဟု ဖော်ပြခဲ့သည်။

ယင်းပို့စ်အောက်တွင် မဇာ ဇာစန်းမှ Zar Zar Zar Zar အ ကောင့်ဖြင့်‘မဖြစ်သင့်တာတွေပါ’ ဟု Comment ရေးသားခဲ့သဖြင့် ၎င်းတို့သုံးဦးစလုံးကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်ရေးတဲ့အပေါ် မှာ ကျွန်တော်တာဝန်ယူရဲပါတယ်။ သတင်းအချက်အလက် မပြည့်စုံ သေးလို့ မိခင်သတင်းစာတိုက်ကို တောင် မပို့ခဲ့ပါဘူး။ ဒါပေမဲ့တာ ၀န်ရှိသူတွေနဲ့ ပြည်သူတွေသိသင့် တယ်ထင်လို့ ကျွန်တော့်အကောင့် ကနေ ရေးခဲ့တာပါ။ ကြိုက်သလို စစ်ပါ’’ဟု ဦးတင်ရွှေက ဆိုသည်။

ထို့အပြင် ၎င်းရေးသားခဲ့ သည့် ပို့စ်အတွက် ၎င်းမှာသာ တာဝန်ရှိပြီး မဆိုင်သည့်သတင်း သမားအမျိုးသမီးငယ် နှစ်ဦးတို့ ကိုပါ ထည့်သွင်းတရားစွဲဆိုခြင်း သည် သတင်းသမားကို ခြိမ်းခြောက်ခြင်းဖြစ်သလို မီဒီယာ လွတ်လပ်ခွင့်ကို တားဆီးခြင်းဖြစ် သည်ဟု ဦးတင်ရွှေဆိုသည်။

မဖူးပွင့်နေခြည်သည် မည် သည့်မှတ်ချက်မျှ မရေးခဲ့သော် လည်း သတင်းအတူလိုက်ရာတွင် ပါသဖြင့် အမှုဖွင့်ခံရခြင်းဖြစ် ကြောင်း ဦးတင်ရွှေကဆိုသည်။

‘‘ဒီ ၆၆(ဃ)ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကန့်ကွက် တဲ့ လှုပ်ရှားမှုတွေ လုပ်နေချိန် တောင်မှ ခုလို ၆၆(ဃ)နဲ့ တရား စွဲတယ်ဆိုတော့ ဒါဟာကျွန်မတို့ သတင်းထောက်တွေကို သတင်း မလိုက်ရဲ၊ မရေးရဲအောင် ခြောက် လန့်တာပဲ။ ပြည်သူကိုအမှန်သိ အောင် ချပြဖို့အတွက်ကို ရေးရ မှာ ကြောက်သွားအောင်၊ လက် တွန့်သွားအောင်လုပ်တာပဲလို့ ကျွန်မမြင်တယ်’’ဟု ဒီမိုကရေစီ သတင်းထောက်မဇာဇာစန်းက ထောက်ပြပြောဆိုသည်။

မကွေးမြို့နယ် မယ်လ တောင်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးဌေးလွင်က မကွေးမြို့နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အမှုလာရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလ ၂၈ ရက်က ၎င်းဦးဆောင်သောအဖွဲ့ဖြင့် ကျေးရွာလမ်းချဲ့ခြင်း လုပ်ငန်းလုပ်ဆောင်ရာ အဆိုပါသတင်းထောက်သုံးဦးက တားမြစ်ခြင်းနှင့် တင်ရွှေမင်းဘူးအကောင့်နာမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ၎င်း၏ဂုဏ်သိက္ခာကျဆင်းစေသည့် အရေးအသားများရေးသားခြင်းတို့ကြောင့် အမှုဖွင့်လှစ်တိုင်ကြားရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘ကျွန်တော်က လမ်းဖောက် ခြင်းလုပ်ငန်းဆောင်ရွက်တဲ့ နေ ရာမှာ သူတို့ကိုသတင်းရချင်ရင် ကျွန်တော်ဆီကိုလာပါ။ ဖြေကြား ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ တရားမ၀င်အုတ်လုပ်ငန်းဆိုတာ လည်းမရှိပါဘူး။ အားလုံးဟာ  တရားဝင်ဓာတ်သတ္တုခွန်ဆောင်ပြီး လုပ်တဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပလပ်မြေဆိုတာလည်းမရှိပါဘူး။ အားလုံးဟာ လန(၃၉)ကျပြီးသား မြေတွေချည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေပြီး ရပ်ရွာအုပ်ချုပ်ရေးလုပ်ငန်းတွေ  ဆက်လက်ဆောင်ရွက်ရန် မဖြစ်နိုင်တော့တဲ့  အခြေအနေထိရောက်လို့ အခုလိုအမှုဖွင့်တိုင်ကြားတာ ဖြစ်ပါတယ်’’ဟု ဦးဌေးလွင်က ပြောသည်။  မိုးကျော်

No comments:

Post a Comment