Monday, June 19, 2017

“ ကျီးကန်းတွေကို လွတ်လပ်စွာ အာ ခွင့် ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်”

ဒီမိုကရေစီ ခရီးလမ်းမှာ ကျီးကန်းတွေ မပါရင် မဖြစ်။
ကျီးသာရင် ဧည့်လာသလို... ကျီးတွေ ၀ိုင်းအာလွန်းလို့လည်း ဒီမိုကရေစီရတာဆိုရင်မမှားပါ။ ဒါပေမဲ့ အခုတော့ ကျီးကန်းတွေ ခမြာ နာမည်ကောင်း မရရှာ....။ တော်တော် အာလွန်း တဲ့ကောင်တွေ... နားညီးတယ် လို့ အပြောခံရလေပြီ။
ကျီးကန်းဆိုတော သိတယ်မို့လား...။ မဲမဲလေး...။ လောဂျစ်မှာတော့ ကျီးကန်းတိုင်းမဲတယ်။ သို့သော် မဲတိုင်း ကျီးကန်းမဟုတ် ဆိုလား....။
အဲ့လော့ဂျစ်အတိုင်းဆို... ကျီးကန်းတိုင်း အာ သည်။ သို့သော် အာ တိုင်း ကျီးကန်းမဟုတ်...။ သတင်းသမားတွေလည်း အာ ကြတယ် မဟုတ်လား။ အဲ့လို ဆိုရမှာပေါ့။
နေပြည်တော်က လူကြီးတယောက်က သတင်းသမားတွေ အနေနဲ့ ကျီးကန်းလို ၀ိုင်းအာ မနေ သင့်ကြောင်း...။

ရန်ကုန်က လူကြီးတစ်ယောက်ကတော့ သတင်းလွတ်လပ်ခွင့်ရဖို့ သူ ထောင်အကျခံလာတာ ဖြစ်ကြောင်း …။ ပြောကြတယ်။ ကျီးကန်း
လို့ ပြောတာတော့ သတင်းသမားတွေက မနာပါဘူး။ ပန်းနဲ့ပေါက်တယ် လို့ပဲ သဘော ထားတယ်။ ပြီးတော့ အဲ့လူကြီးက သတင်းသမား အများစု ကို မြင်ဘူးတော့ အဲ့လို ကျီးကန်းလို့ သမုတ်တာလည်း ဖြစ်နိုင်တာပဲ။
သတင်းထောက်တွေ နေပူမိုးရွာ မရှောင်လျှောက်သွားနေတော့ အားလုံးလိုလိုက အသား မဲကြတာကိုး။ ပြီးတော့ သတင်းသမားတွေ ကျီးကန်းလို အာ တယ်လို့ ပြောတာလည်း စိတ်မဆိုးပါဘူး။
အာ လွန်းလို့လည်း ဒီအခြေအနေရောက်လာတာမဟုတ်လား။
ဒါပေမဲ့...။ ကျီးကန်းဆိုတာ အရင်တုန်းကလည်း အာတယ်။ အခုလည်း အာတယ်။ ဟိုးအရင် တအာအာ... နဲ့ အာ နေတုန်းကတော့ ဒီကျီးသံလေးက နားဝင်ချိုလိုက်တာ...။ အသံလေးက ကောင်းလိုက်တာ...။ အာ ကြစမ်းပါ အာ ကြစမ်းပါ... ဆိုပြီး ၀ိုင်းအားပေးခဲ့ကြတယ်။
သူတို့ လက်ထက်ရောက်ရော....။ ဒီစောက်ကျီးကန်းတွေ အာပဲ အာ နိုင်လွန်းတယ်....။ ဂွ နဲ့ ပစ်တာပဲ ကောင်းတယ် ဆိုတဲ့ အကွက်တွေ မြင်လာရတာကတော့ အံ့သြမိတယ်။ စိတ်သဘောထား မမှန်ပုံလေးပြောပါတယ်။
ကျီးဆိုတာ အာ တဲ့ အမျိုး..။ အရင်ကတော့ အားပေးလာပြီး အခုမှ ကျီးအာ သံ နားညီးသကွာ ဆိုတာကတော့ ဒီလူတွေဟာ ခက်နေပြီ။
ဘာလို့လည်းဆိုတော့ စိတ်မှ မမှန်တာကိုး....။ ဒီကြားထဲ ရန်ကုန်က ကွီးကလည်း မင်းတို့ ကျီးကန်းတွေ လွတ်လွတ်လပ်လပ် အာခွင့်ရအောင် ငါက ထောင်အကျခံလာတာ ဘာညာ...။
စဉ်းစားကြည့်တော့ တကယ့် တလွဲ။ ကျီးဆိုတာ အာတဲ့ အမျိုးလေ...။ ဘယ်သူပဲ ထောင်ကျ ကျ။ ဘယ်သူပဲ ဘာလုပ်လုပ် ကျီးကတော့ အာမှာပဲ။ အဲ့ဒါကို သူကပဲ အနစ်နာခံခဲ့သယောင်...။
ကျီးအခွင့်အရေးအတွက် လှုပ်ရှားခဲ့သယောင် ပြောနေတော့ ကျီးကန်းတွေ က ဟားတာပေါ့။ ခေတ်အဆက်ဆက် မှာ ကျီးကန်းတွေဟာ အာ ခဲ့ကြတယ်။ သာ ခဲ့ကြတယ်။ နောင်လည်း ဆက်လက် အာ နေဦးမယ်။ သာ နေဦးမယ်...။
အာဏာရှင်တွေ အာဏာ တလွဲသုံးသူတွေကသာ ကျီးကန်းတွေကို ဒုက္ခပေးခဲ့ကြတယ်။ ကျီးကန်းတွေကို သတ်ခဲ့ကြတယ်။ ဖမ်းခဲ့ကြတယ်။
ဟိုးဗာရာဏသီမှာတုန်းကလည်း ကျီးကန်းက ကိုယ်ပေါ်ကို ချီးပါချလို့ဆိုပြီး အမတ်ကြီး တယောက် ဒေါသထွက်ဖူးတယ်။
ပြီးတော့ ဘုရင့် ဆင်တွေ အနာဖြစ်တော့ ကျီးကန်းဆီ လိမ်းရမယ်ဆိုပြီး ဘုရင့်ကို ဂုန်း တိုက်တယ်။အဲ့အတွက် ကျီးကန်းတွေဟာ အတော်သေ ခဲ့ဖူးတယ်။ အဲ့တော့ အာဏာရှင်သာ ကျီးကန်းတွေ အပေါ် ယုတ်မာခဲ့ကြ တယ်။ အနိုင်ကျင့်ခဲ့ကြတယ်။
ဒါပေမဲ့ ကျီးကန်းတွေဟာ အာ တာ၊ သာ တာ မပြတ်ခဲ့ကြဘူး။
ဘယ်အာဏာရှင်ကို ကြောက်လို့မှ အာ တာ၊ သာ တာကို မရပ်ခဲ့ကြဘူး....။
အဲ့တော့...ကျီးကန်းတွေအာတာကိုအရင်က နှလုံးပီတိဂွမ်းဆီထိခဲ့သလိုမျိုးလေး... နားဝင်ချိုကပါလို့....။
ကျီးကန်းတွေကို လွတ်လပ်စွာ အာ ခွင့် ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်...။
စိုပြေ  ဇေယျစိုပြေ

No comments:

Post a Comment