Monday, June 19, 2017

ရန်ကုန်မြို့၏ ဒုတိယမြောက် နောက်ဖေးလမ်းကြားဥယျာဉ်အား ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်း (အလယ်လမ်း) တွင်ထပ်မံဖွင့်လှစ်

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့၏ ဒုတိယမြောက် နောက်ဖေးလမ်းကြားဥယျာဉ်အား ကျောက်တံတားမြို့နယ်ရှိ ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်း (အလယ်လမ်း) တွင် ဇွန် ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။ “နောက်ဖေးလမ်းကြားဆိုတာ အပန်းဖြေရမယ့်နေရာ ဖြစ်ပါတယ်။ အမှိုက်ပစ်ရမယ့်နေရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ဘာပြဿနာဖြစ်နေလဲဆိုတော့ မစည်ကားအပ်တဲ့နေရာတွေက မစည်ဘူး။ မစည်ကားအပ်တဲ့ ရဲဌာနတို့၊ ဆေးရုံတို့၊ သင်္ချိုင်းကုန်းတို့က သွားစည်နေတယ်။ လူနေတဲ့နေရာတွေမှန်သမျှ မင်္ဂလာရှိတဲ့နေရာတွေပါပဲ။ အဲဒီနေရာတွေကို တီထွင်ဖန်တီးပေးတဲ့သူတွေကို အများကြီးကျေးဇူးတင်ပါတယ်။ နောက်ဖေးလမ်းကြား သန့်ရှင်းရင် ကျန်းမာရေးကောင်းမယ်။ ကျန်းမာရေးကောင်းရင် လူစိတ်ချမ်းသာမယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“ဒီလိုဖြစ်မြောက်လာအောင်လုပ်ဖို့ အခက်အခဲမျိုးစုံကို ကျော်လွှားခဲ့ရပါတယ်။ ဒါလုပ်တဲ့ရည်ရွယ်ချက်က သုံးချက်ရှိပါတယ်။ တစ်ချက်ကတော့ မြို့ထဲမှာကလေးတွေ ဆော့လို့မရဘူး။ တိုက်တွေပေါ်မှာနေတယ်။ လမ်းတွေပေါ်မှာ ဆော့လို့မရဘူး။ ကားတွေနဲ့ ပြည့်ကျပ်နေတယ်။ ဒါကြောင့် ကလေးတွေဆော့လို့ရအောင် လုပ်ပေးတာပါ။ ဒီနားမှာလုပ်ပေးတာ အဓိပ္ပာယ်အများကြီးရှိပါတယ်။ ကျွန်တော်နဲ့ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်လိုက်တဲ့အခါ ဒီလမ်းကိုကျောင်းက ကလေးတွေ အားလပ်ချိန်မှာသုံးပါ။ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ ဒါကိုရေရှည်တည်တံ့ ခိုင်မြဲဖို့လိုပါတယ်။ ဒါကိုလည်း ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ၊ ပြည်သူတွေ ဆရာမကြီးတွေ ပူးပေါင်းပါဝင်ပေးပါ။ နောက်ပြီးတော့ စည်ပင်သာယာက မြို့တော်ဝန်နဲ့ အဖွဲ့ဝင်တွေကလည်း ကူညီပေးပါ။ စည်ပင်က နောက်ဖေးလမ်းကြားတွေကို ရှင်းပေးပေမယ့် ပြန်ပစ်တဲ့သူတွေလည်း ရှိပါတယ်။ ပြန်ပစ်တဲ့သူတွေကိုလည်း ဘယ်လိုအရေးယူမယ်ဆိုတာ စည်ပင်သာယာအနေနဲ့ တိတိကျကျ ကျွန်တော်တို့နဲ့ပူးပေါင်းပြီး အရေးယူဖို့လိုနေပါပြီ” ဟုကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ပြောကြားသည်။
အဆိုပါ နောက်ဖေးလမ်းကြားဥယျာဉ်အား ဒို့အိမ်အဖွဲ့နှင့် ကျောက်တံတားမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ နောက်ဖေးလမ်းကြား အတွင်းရှိ အမှိုက်များကို ရှင်းလင်းဖယ်ရှားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နောက်ဖေးလမ်းကြား ဥယျာဉ်စီမံချက်အား ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ရန်ကုန်မြို့ ၂၇ လမ်း၌ စတင်ခဲ့ခြင်းဖြစ်ပြီး အမှိုက်ပစ်နေကြသည့် နေရာအား အပန်းဖြေရန်၊ အစားအစာစိုက်ပျိုး ထုတ်လုပ်ရန်နှင့် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု ရည်ရွယ်ချက်များဖြင့် အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည်။
ရန်ကုန်မြို့ ၂၇ လမ်းနောက်ဖေးလမ်းကြားဥယျာဉ် တည်ဆောက်ပြီးနောက်ပိုင်း၌ နောက်ဖေးလမ်းကြားအတွင်းသို့ အမှိုက်များ ပြန်လည်ပစ်မှုများရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Writer:
ဆန်းထူးအောင်

No comments:

Post a Comment