Monday, June 19, 2017

Facebook တွင် ခင်မင်သည့် တက္ကသိုလ်ကျောင်းသူအား ချိန်းဆိုတွေ့ကာ ရိုက်နှက် အဓမ္မပြုကျင့်သော အမျိုးသားကို ဖမ်းဆီး

လူမှုကွန်ရက် Facebook တွင် ခင်မင်သည့် ရတနာပုံတက္ကသိုလ် ကျောင်းသူအား ချိန်းဆိုတွေ့ကာ ရိုက်နှက် အဓမ္မပြုကျင့်သော အမျိုးသားအား ဖမ်းဆီးထားကြောင်း ဇွန် ၁၇ တွင် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။ “ဖြစ်တာက ၁၃ ရက်ကပါ။ ရတနာပုံ ကျောင်းသူက စစ်ကိုင်းမြို့က ဟိုတယ်စစ်ကိုင်းမှာ ရိုက်နှက် အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး ၁၅ ရက်နေ့မှာ အမှုလာဖွင့်တယ်။ အဲဒီနေ့မှာပဲ ကျူးလွန်တဲ့သူကို ဖမ်းဆီးထားပါတယ်။ စစ်ကိုင်းမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေပါတယ်” ဟု စစ်ကိုင်းမြို့နယ် ရဲတပ်မှူးရုံးမှ တာဝန်ကျရဲအရာရှိက ပြောကြားသည်။ ရတနာပုံတက္ကသိုလ် တတိယနှစ်ကျောင်းသူသည် လွန်ခဲ့သော သုံးလခန့်က လူမှုကွန်ရက် Facebook တွင် စစ်ကိုင်းမြို့ ရွာထောင်ရပ်မှ အသက် (၂၇ နှစ်)အရွယ် အမျိုးသားနှင့် ခင်မင်ခဲ့ပြီး ဇွန် ၁၃ ရက်တွင် အပြင်တွင်ချိန်းဆိုတွေ့ရာ ဟိုတယ်သို့ခေါ်၍ ရိုက်နှက် အဓမ္မကျင့်ခံရကြောင်း ဇွန် ၁၅ ရက်တွင် စစ်ကိုင်းမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

အသက် (၂၂ နှစ်)အရွယ် အဆိုပါ တက္ကသိုလ်ကျောင်းသူမှာ တောင်ကြီးမြို့တွင် နေထိုင်ပြီး စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်နေသူ အမျိုးသားနှင့် Facebook တွင် ခင်မင်ခဲ့ပြီး မန္တလေးမြို့သို့ ကျောင်းလာတက်ချိန် အပြင်တွင် တွေ့ဆုံရန် ချိန်းဆိုသဖြင့် ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် ချိန်းဆိုထားသော စစ်ကိုင်းမြို့နေသူမှ အမျိုးသမီးအဆောင်သို့ ကားဖြင့် လာရောက်ခေါ်ပြီး မန္တလေးမြို့ Heaven Cafe တွင်ထိုင်ကာ ကန်ပတ်လမ်း၌ စကားပြောဆိုခဲ့ကြကြောင်း ၎င်းနောက် အမျိုးသားက စစ်ကိုင်းမြို့နေအိမ်သို့ လိုက်ခဲ့ရန်ပြောရာ ငြင်းဆန်သော်လည်း အတင်းခေါ်ဆောင်ကာ စစ်ကိုင်းဟိုတယ်သို့ ခေါ်ဆောင်ခံခဲ့ရကြောင်း ကျောင်းသူက အဆောင်သို့ပြန်ပို့ရန် ပြောရာ ထိုးကြိတ်ရိုက်နှက်သဖြင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပွန်းခြစ်ဒဏ်ရာများရခဲ့ပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခြင်းလည်း ခံခဲ့ရကြောင်း ကာယကံရှင်ကျောင်းသူ၏ ရဲစခန်းသို့ တိုင်ကြားချက်အရ သိရသည်။
အဆိုပါ အလိုမတူဘဲ ရိုက်နှက်အဓမ္မပြုကျင့်ခဲ့သည့် စစ်ကိုင်းမြို့ ရွာထောင်ရပ်နေ နေမျိုးထက် (၂၇ နှစ်) အား စစ်ကိုင်းမြို့မ ရဲစခန်းတွင် (ပ) ၆၆၆/၁၇ ပုဒ်မ ၃၇၆/၃၂၃ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
Writer:
ရန်ပိုင်

No comments:

Post a Comment