Monday, June 19, 2017

KBZ Bank Cup ပြိုင်ပွဲ ကျပ်သိန်း ၃၅ဝဝ ကျော် အကုန်ကျခံ ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က KBZ Bank ၏ ထောက်ပံ့ပေးမှုဖြင့် မလေးရှား SEA Games ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုအဖြစ် ကျင်းပသည့် KBZ Bank Cup ပြိုင်ပွဲကို ကျပ်သိန်း ၃၅ဝဝ ကျော် အကုန်ကျခံ ကျင်းပမည် ဖြစ်သည်။ ဇွန်လ ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ သုဝဏ္ဏကွင်းတွင် ကျင်းပမည့် KBZ Bank Cup 2017 ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဇွန်လ ၁၉ ရက်) က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ ခန်းမတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲတွင် မြန်မာ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနှင့် ဂျပန်တက္ကသိုလ် ယူ ၂၂ အသင်းတို့ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမှတ်အများဆုံး အသင်းက အနိုင်ရ ဗိုလ်စွဲမည် ဖြစ်သည်။ ပထမဆုအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅ဝဝဝ ချီးမြှင့်မည်ဖြစ်ကာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုနှင့် ဂိုးသွင်းအများဆုံး ဆုများကိုလည်း ချီးမြှင့်မည် ဖြစ်သည်။ ပြိုင်ပွဲအတွက် ကွင်းဝင်ကြေးများအဖြစ် အထူးတန်း ကျပ်သုံးထောင်၊ ရိုးရိုးတန်း ကျပ်နှစ်ထောင်နှင့် ကျပ်တစ်ထောင်တို့ သတ်မှတ်ထားပြီး လှည်းတန်းစင်တာ၊ ဗိုလ်ချုပ်အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်းတို့တွင် ဇွန်လ ၂၅ ရက်နေ့မှ စတင်ရောင်းချပေးမည် ဖြစ်သည်။ ပြိုင်ပွဲကို For Sports၊ MRTV နှင့် MWD ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ထုတ်ပြန်သည်။

No comments:

Post a Comment