Monday, July 17, 2017

ကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲမည့် ရန်ကုန်ရေကြီးရေလျှံထိန်းချုပ်ရေးလုပ်ငန်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းအတိုင်း တင်ဒါခေါ်ယူမည်

ရန်ကုန်ရေကြီးရေလျှံမှုပြဿနာ ဖြေရှင်းရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းများအားလုံးကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းအတိုင်း တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (လမ်း/တံတား) ဌာနမှလက်ထောက် ဌာနမှူးဦးတင်ထွန်းဦးက News Watch သို့ပြောသည်။ ''ကမ္ဘာ့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေရှိနေတဲ့အခါကျတော့ ကမ္ဘာ့ဘဏ်ရဲ့စည်းမျဉ်းစည်းကမ်းတွေအတိုင်း စီစဉ်ရတယ်။ ချေးငွေယူမယ်ဆိုရင် ဂိုက်လိုင်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဆောင်ရွက်မယ့်အချက် တွေ သူတို့ဆီက ပညာရှင်တွေနဲ့ တင်ရတယ်။ ပြီးတဲ့အခါကျရင် ကမ္ဘာ့ဘဏ်ရဲ့ချေးငွေရပြီးတဲ့အခါ လုပ်ငန်းတွေ အားလုံးကို တင်ဒါခေါ်ရမယ်။ ဒီဇိုင်းရော၊ ဆောက်လုပ်ရေးကော ၀ယ်ယူမယ့်ပစ္စည်းတွေရော အကုန်လုံးကို တင်ဒါစနစ်နဲ့သွားမှာ။ လုပ်ထုံးလုပ်နည်းအတိုင်းပဲ သွားမှာပေါ့'' ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ချေးငွေရရှိရေးအတွက် ကမ္ဘာ့ဘဏ်နှင့် စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးတင်ထွန်းဦးက ပြောသည်။
''ကမ္ဘာ့ဘဏ်ရဲ့သတ်မှတ်ထားတဲ့ အချိန်ကာလရှိတယ်။ အဲဒီလုပ်ထုံးလုပ်နည်းအတိုင်းသွားမှာပါ။ ချေးငွေယူပြီး လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်ဘယ်လိုလုပ်မလဲ။ ဒါတွေနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်း ကမ်းတွေကို သူတို့ဆီကနေဂိုက်လိုင်းပေးတယ်။ အဲဒီဂိုက်လိုင်းတွေနဲ့ မြန်မာပြည်နဲ့ကိုက်ညီတဲ့ အနေအထားကို ပြင်ရတယ်။ ပြင်ပြီးတဲ့အခါ ကမ္ဘာ့ဘဏ်ရဲ့ဝက်ဆိုဒ်မှာ ၂ ပတ်တင်ရတယ်။ အဲလိုတင်တဲ့အခါ Reject မရှိဘူး။ အဆင်ပြေတယ်ဆိုရင် ကမ္ဘာ့ဘဏ်က အတည်ပြုပေးတော့မှ ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရရဲ့ အတည်ပြုချက်ယူရမယ်။ အဲဒီကမှ ပြည်ထောင်စုလွှတ်တော်အတည်ပြုချက်တွေကို ယူရတယ်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုချက်ယူပြီးတော့မှ ကမ္ဘာ့ဘဏ်ရဲ့ Board of Director အဖွဲ့ကနေ ချေးခွင့်ပြုတယ် ဆိုတာကို အစီရင်ခံရမှာ။ အဲဒါပြီးရင် သူတို့နဲ့ စာချုပ်ချုပ်ရတယ်။ အခုက အဲဒီအဆင့်တွေပြီးလို့ စာချုပ်ချုပ်ဖို့ စပြီးလုပ်နေတယ်''ဟု ၎င်းက ရှင်းပြသည်။
ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖြင့် ရန်ကုန်ရေကြီးရေလျှံမှုပြဿနာ ဖြေရှင်းဆောင် ရွက်ရာတွင် မြစ်ထွက်ပေါက်များပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရေစုကန်အကောင်အထည်ဖော်ခြင်း၊ ရေ မြောင်းများ ပြုပြင်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်ရေကြီးရေလျှံမှု မဖြစ်ပေါ်ရေး အတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ သုံးစွဲကာ လာမည့်ပွင့်လင်းရာသီတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
''ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိနေတဲ့ ရေမြောင်းတွေကို ပြုပြင်နိုင်ဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ နဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သဘောတူညီချက်လည်း ရရှိထားပြီးဖြစ်ပါတယ်။ ဒါဆိုရင် ရန်ကုန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်'' ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇူလိုင် ၂ ရက်က ပန်းဘဲတန်းမြို့နယ်တွင် ကျင်းပ သော ၃၁ လမ်း- ၃၂ လမ်း နောက်ဖေးလမ်းကြား ဥယျာဉ်ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။
လင်းလင်းအောင်
News Watch

No comments:

Post a Comment