Thursday, July 27, 2017

သရက်-မင်းတုန်း ကားလမ်းပေါ်တွင် တည်ဆောက်ပြီး လေးလ၀န်းကျင်သာ ကြာသေးသည့် မြေထိန်းနံရံပြိုကျ

မကွေးတိုင်းဒေသကြီး သရက်မြို့နှင့် မင်းတုန်းမြို့ ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ တည်ဆောက်ပြီး လေးလ၀န်းကျင်သာ ကြာမြင့်သေးသည့် မြေထိန်းနံရံတစ်ခု ပြိုကျမှု ဇူလှိုင်၂၅ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သရက်မင်းတုန်း ကားလမ်းတောင်ပတ် ကျေးရွာနှင့် ကျောက်ကြီးကျေးရွာ အကြားရှိ ကျပ်သန်းပေါင်း ၁၄၉ သန်းခန့်ဖြင့် တည်ဆောက်ထားသည့် မြေထိန်းနံရံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ကျွံကျမှုများနှင့် ပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ ပြိုကျမှုကြောင့် ယာဉ်အသွားအလား ထိခိုက်မှု မရှိသော်လည်း ကားလမ်းပေါ်အား ယာဉ်ကြီးများ သွားလာပါက အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က ဒီနားမှာမြေပြိုကျမှုဖြစ်လို့ ကားလမ်းတောင် ပျက်စီးခဲ့တယ်။ ဒါကြောင့် တိုင်းအစိုးရ ဘတ်ဂျတ်ကနေ ပြီးခဲ့သည် ဘဏ္ဍာနှစ်ထဲမှာ ကျပ်သိန်းပေါင်း ၁၅၀၀ လောက်နဲ့ မြေထိန်းနံရံ တည်ဆောက်ခဲ့တာပါ။ ဆောက်ပြီးတာ လေးလကျော်ကျော်ပဲ ရှိပါသေးတယ်။ အခု ဇူလှိုင်၂၅ ရက် ညနေပိုင်းလောက်မှာ ဒီမြေထိန်းနံရံက ပြိုကျမှုတွေ ဖြစ်ပါသွားတယ်။ ဒီပြိုကျမှုကြောင့် ယာဉ်အသွားအလာ ကားလမ်းထိခိုက်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ အဲဒီနေရာ ကားကြီးတွေ ဖြတ်သန်းသွားလာရင်တော့ ထပ်ပြိုကြပြီး အန္တရာယ် ရှိနိုင်ပါတယ်” ဟု မင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောကြားသည်။
အဆိုပါ မြေထိန်းနံရံပြိုကျမှုနှင့် ပတ်သက်ပြီး နည်းပညာအားနည်းမှု ရှိ မရှိနှင့် စံ ချိန်စံညွှန်းညီစွာ ဆောက်လုပ်ခဲ့ခြင်း ဟုတ် မဟုတ် စစ်ဆေးပေးရန် တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးထံသို့ တောင်းဆိုထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“မြေထိန်းနံရံက မပြိုကျပါဘူး။ မြေသားကျွံကျသွားတာပါ။ ဒါကိုလည်း အဖြေရှာနေပါတယ်။ မြေသားကျွံကျလို့ ကျောက်စီရေမြောင်း ပေ၂၀၀ လောက်တော့ ပျက်စီးသွားပါတယ်” ဟု မင်းတုန်းမြို့နယ် လမ်းဦးစီးမှူး ဦးကောင်းမွန်က ပြောကြားသည်။
သက်ပိုင်
Eleven Media Group

No comments:

Post a Comment